နေပြည်တော် အောက်တိုဘာ ၁
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့အတွင်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရ သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ကြို့ပင်သာကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေ ဖြန့်ဝေပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကျေးရွာနေပြည်သူများ သောက်သုံးရေများရရှိရေး လိုအပ်သည်များ အမြန်ဆုံး ဆောင်ရွက်ပေးသွားရန် ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ကြို့ပင်သာကျေးရွာ၌ ပေါက်မြိုင်စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းသား တောင်သူများအား သွားရောက်တွေ့ဆုံအားပေးရာ ပြည်ထောင်စုဝန်ကြီးက မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့် ဒေသအားလုံးတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် ထောက်ပံ့ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း ကျေးရွာချင်းဆက်လမ်း၊ တံတားများ၊ ကျေးရွာကုန်ထုတ်လမ်းနှင့် ကျေးလက်ရေပေးရေးလုပ်ငန်း ပျက်စီးမှုများကို အမြန်ဆုံး ပြန်လည်ပြုပြင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်၍ ပျက်စီးဆုံးရှုံးခဲ့သည့် မိုးစပါးနှင့် စိုက်ပျိုးသီးနှံများအစား ဒေသနှင့်ကိုက်ညီသည့် နေကြာနှင့် မတ်ပဲများ ပြန်လည် စိုက်ပျိုးနိုင်ရေး လိုအပ်သည့် မျိုးကောင်း မျိုးသန့်နှင့် သွားအားစုများရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကိုလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီးနောက် ကျေးရွာရှိ အိမ်ထောင်စု ၉၈ စုအတွက် ဆန် ၆ ပြည်နှင့် အဝတ်အထည်များအားလည်းကောင်း၊ အသင်းသားတောင်သူ ၉၈ ဦးတို့၏ စိုက်ပျိုးဧက ၂၅၀ အတွက် ရေဆင်းစပ်မျိုး-၁ နေကြာမျိုးစေ့များအားလည်းကောင်း ထောက်ပံ့ပေးအပ်ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက လယ်ဝေးမြို့နယ်၊ သာဝတ္ထိ-စစ်တောင်းမြစ်ဆိပ် ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်း ရေကြီးရေလျှံပြီး ရေတိုက်စားမှုကြောင့် လမ်းသားနှင့် လမ်းပခုံးများပျက်စီးမှုအား ပြန်လည်ပြင်ဆင် နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ပြန်လည်ပြုပြင်ရေး လုပ်ငန်းများအား ဦးစားပေးအလိုက် အမြန်ဆုံးဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် တံတားကြီးကျေးရွာနှင့် ဆီဆုံကုန်းကျေးရွာများသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးရာ ပြည်ထောင်စုဝန်ကြီးက ကျေးရွာပြည်သူများအနေဖြင့် စိတ်ဓာတ်မကျရန်လိုအပ်ကြောင်း၊ စိတ်တူ ကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမ အသင်းများဖွဲ့စည်းကာ ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးနှင့် စိုက်ပျိုးသီးနှံများအစား ဒေသနှင့် ကိုက်ညီပြီး ဈေးကွက်ဝင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်ငန်းများ စုပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ သွင်းအားစုများ၊ အရင်းအနှီးများ မတည်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီးနောက် တံတားကြီး ကျေးရွာရှိ အိမ်ထောင်စု ၃၇ စု၊ ဆီဆုံကုန်းကျေးရွာရှိ အိမ်ထောင်စု ၁၅၂ စုတို့အတွက် တစ်အိမ်ထောင်လျှင် ဆန် ၆ ပြည်နှင့် အဝတ်အထည်များ ထောက်ပံ့ပေးအပ်ပါသည်။
ဆက်လက်၍ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးခေတ်မီစံပြကျေးရွာသို့ ရောက်ရှိပြီး ပဲလှော်ဖိုလုပ်ငန်းရှင်များ၊ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံရာ သက်ဆိုင်ရာ တာဝန်ရှိသူများက မိုးအဆက်မပြတ်ရွာသွန်းကာ ရေကြီးရေလျှံပြီး ရေတိုက်စားမှုများကြောင့် ပဲလှော်ဖို(၄၇)ဖိုနှင့် ကုန်ကြမ်းအဖြစ် သိုလှောင်ထားသောပဲများ ပျက်စီး ဆုံးရှုံးခဲ့မှု အခြေအနေများ၊ ချေးငွေလိုအပ်ချက်နှင့် ဆောင်ရွက်မည့် အစီအမံများအားကို ရှင်းလင်း တင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျွန်းဦးခေတ်မီစံပြ ကျေးရွာသည် အသေးစား အလတ်စား ပဲကြော်၊ ပဲလှော်၊ ငှက်ပျောကြော်လုပ်ငန်းများကို အဓိက စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလအတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီး ရေတိုက်စားမှုများကြောင့် ပဲလှော်ဖိုများ၊ ကုန်ကြမ်းများ ပျက်စီးဆုံးရှုံးခဲ့ပါကြောင်း ဒါ့အပြင် ၎င်းလုပ်ငန်းအပေါ် မှီခိုနေသည့် အလုပ်သမား(၂၄၅)ဦးခန့် အလုပ်လက်မဲ့ဖြစ်ခဲ့ရတာကို လေ့လာသိရှိရပါကြောင်း၊ပျက်စီးဆုံးရှုံးမှုများကြောင့် စီးပွားရေးထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် အသေးစား၊ အလတ်စားလုပ်ငန်းရှင်များ၏ MSME လုပ်ငန်းများ ပြန်လည်ထူထောင်စေရန်အတွက် အရင်းအနှီး မတည်ပေးရမှာဖြစ်ကြောင်း၊ လိုအပ်သည့် ရင်းနှီးငွေများကို MSME ချေးငွေများ ရရှိနိုင်ရေး တာဝန်ရှိသူများမှ ချိတ်ဆက်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် သမဝါယမအသင်း ရန်ပုံငွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်၊ အလှူရှင်များနှင့် ပူးပေါင်းပြီး ပဲလှော်ဖို လုပ်ငန်းရှင်များ၊ ပဲလှော်ဖိုတွင် အလုပ်လုပ်ကိုင်သူ အလုပ်သမားများကို စုဖွဲ့၍ သမဝါယမအသင်း များ ဖွဲ့စည်းဆောင်ရွက်ပေးကာ ပဲလှော်ဖို အသစ်တည်ထောင်နိုင်ရေးနှင့် ကုန်ကြမ်းအတွက် လိုအပ်သည့် အရင်းအနှီးများကို သက်သာသောအတိုးနှုန်းဖြင့် ယခုချက်ချင်း မတည်ဆောင်ရွက် ပေးမှာဖြစ်ကြောင်း၊ အလုပ်သမားများ ကိုယ်တိုင်လည်း အသင်းသားအဖြစ်ပါဝင်မှာဖြစ်ကြောင်း၊ ဒါမှသာ ပဲလှော်ဖိုများ ပြန်လည်ပြင်ဆင်နိုင်ကာ လုပ်ငန်းများလည်ပတ်နိုင်မှာဖြစ်ပြီး ရရှိသော အကျိုးအမြတ်များကို လုပ်ငန်းရှင်၊ အလုပ်သမားများ ခွဲဝေရရှိနိုင်မှာ ဖြစ်သည့်အပြင် လုပ်ငန်း လည်ပတ်ကာ ထုတ်လုပ်ရောင်းချမှုများ အဆင်ပြေသွားမှာဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူ များလည်း အလုပ်အကိုင်များရရှိပြီး ဝင်ငွေတိုးမှာဖြစ်ကြောင်း၊ လုပ်ငန်းရှင်များနှင့် အသင်းသား အလုပ်သမားများမှ စိတ်ဓာတ်မကျဘဲ အောင်မြင်အောင် ယခင်ကထက် ပိုမိုကြိုးစားဆောင်ရွက် ကြစေလိုကြောင်း၊ ဌာနမှလည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ စိတ်တူ ကိုယ်တူနှင့် ပူးပေါင်းဆောင်ရွက်ကာ စုပေါင်းစွမ်းအားဖြင့် မူလအခြေအနေထက် သာလွန်အောင် ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားပြီးနောက် လုပ်ငန်းရှင်များ၏ တင်ပြချက်များ ကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကျွန်းဦးကျေးရွာရှိ တန်ဖိုးမြှင့် ကုန်ထုတ်သမဝါယမအသင်းသားများဖြစ်သည့် ပဲကြော်ပဲလှော်၊ စာလေးခွေ၊ မာလာရှမ်းကော၊ ဆီစက်လုပ်ငန်းများလုပ်ကိုင်သူများအား ငွေကျပ်သိန်း (၁၄၅၀)အားလည်းကောင်း၊ ကျေးရွာရှိ အိမ်ထောင်စု ၂၉၀ အတွက် တစ်အိမ်ထောင်လျှင် ဆန် ၅ ပြည်အိတ်များ ထောက်ပံ့ပေးအပ်ပြီး နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေ ဖြန့်ဝေပေးနေမှုအားလည်းကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စက်ယန္တရားများဖြင့် ကျေးရွာတွင်းလမ်းများ နှုန်းများဖယ်ရှားခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်နေမှုအားလည်းကောင်း၊ ကြည့်ရှုစစ်ဆေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာသို့ ရောက်ရှိပြီး ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးရာ ပြည်ထောင်စုဝန်ကြီးက သဘာဝ ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုလည်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လတ်တလော လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရေး ကျေးရွာချင်းဆက် လမ်းတံတားများ၊ ကျေးရွာကုန်ထုတ် လမ်းများနှင့် သောက်သုံးရေ ရရှိရေး လုပ်ငန်း ပျက်စီးမှုများအား အမြန်ဆုံး ပြုပြင်ဆောင်ရွက်ပေးသွားရန် ဆွေးနွေးမှာကြားပြီးနောက် ကျေးရွာရှိ အိမ်ထောင်စုများအတွက် တစ်အိမ်ထောင်လျှင် ဆန် ၅ ပြည်နှုန်းနှင့် စားသောက် ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။