Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်


22 Nov,2024

နေပြည်တော် နိုဝင်ဘာ ၂၂

ရာဂိမုန်တိုင်းဒဏ်ကြောင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သဘာဝဘေးဖြစ်ပွား ခဲ့ပြီး ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်ခဲ့သော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ဂုဏ်ပြုမှတ် တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်း ဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်သည်။

ရှေးဦးစွာ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီ ထောက်ပံ့ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဗီဒီယိုအား ပြသရာ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဝန်ထမ်း များ  အားပေးကြည့်ရှုခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယနေ့အခမ်းအနားသည် ပြီးခဲ့သည့် စက်တင် ဘာလအတွင်း ရာဂိမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ပွားခဲ့မှု အပေါ် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ ပါဝင်ဆောင်ရွက် ပေးခဲ့ကြတဲ့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဦးစီးဌာနများမှ ဝန်ထမ်းများကို မှတ်တမ်း တင်ဂုဏ်ပြုပေးရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအောက် ဦးစီးဌာနအလိုက် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ၂၀၂၅ ခုနှစ်၊ မတ်လကုန်အပြီး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားသဖြင့် ဦးစီးဌာနများအနေဖြင့် အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် သမဝါယမလုပ်ငန်း များနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြန်လည်ရှင်သန်ဦးမော့လာစေရေးအတွက် လိုအပ် သည့် အရင်းအနှီးများ၊ ရန်ပုံငွေများဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး ရာနှုန်းပြည့်နီးပါးဆောင်ရွက် နိုင်နေပြီ ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအနေဖြင့် သမဝါယမဦးစီးဌာနက ရေဘေးသင့်ဒေသရှိ သမဝါယမအသင်းသားပြည်သူများအတွက် သီးနှံအလိုက် မျိုးများ၊ သွင်းအားစု များ၊ ချေးငွေများပံ့ပိုးပေးခြင်း၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သောက်သုံးရေရရှိရေး လုပ်ငန်းများ၊ ကျေးလက် မီးလင်းရေး၊ ကျေးလက်အိမ်ရာတည်ဆောက်ခြင်းလုပ်ငန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဝင်ငွေတိုးသင်တန်းများ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ဝန်ကြီးဌာန ကလည်း ဆန်၊ ဆီ၊ ဆား၊ အဝတ် အထည်၊ စောင်၊ ခြင်ထောင်နှင့် အခြားအသုံးအဆောင် ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ပါကြောင်း၊  သဘာဝဘေးဖြစ်စဉ်ဆိုသည်မှာ အချိန်အခါမရွေး ဖြစ်ပွားနိုင်သည့်အတွက် ကြိုတင်မျှော်မှန်းတွေးဆကာ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ၊ သဘာဝဘေးဒဏ်ခံ တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ရှိသူများ က ဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ကြရန်ဖြင့် တိုက်တွန်းမှာကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သော ဦးစီးဌာနအလိုက် ဝန်ထမ်းများကို လည်းကောင်း၊ သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးခဲ့သော ရေပေးရေးအဖွဲ့ ဝန်ထမ်းများကို လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ ဝန်ထမ်းများနှင့်အတူ ဂုဏ်ပြုနေ့လည်စာ စားသုံးခဲ့ကြသည်။

            ယင်းနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော် ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ တလုပ်ပင်ကျေးရွာရှိ ကြံတိုင်းအောင် သမဝါယမအသင်းပိုင် မြေ(၉၇.၆၅)ဧကပေါ်၌ ဒို့မြန်မာသမဝါယမအသင်းနှင့် ကြံတိုင်းအောင်သမဝါယမတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်သည့် နွားမေွးမြူရေးလုပ်ငန်းသို့ သွားရောက်၍ နွားမွေးမြူရာတွင် ခြံလှောင်စနစ်၊ လွှတ်ကျောင်းစနစ်တို့ဖြင့် ဆောင်ရွက်မည့် အခြေအနေ၊ နွားစာ ဟင်းနုနယ်ရွက်ပင် စိုက်ပျိုးဆောင်ရွက်မည့်  အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဒို့မြန်မာ သမဝါယမအသင်းသည် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ တောင်သူများသို့လည်း  မွေးဖက်ပေးစနစ်ဖြင့် နွားများကို မွေးမြူစေပြီး ထွက်ရှိလာသော ထုတ်ကုန်များကို ဒက္ခိဏမြို့နယ်ရှိ ဒို့မြန်မာသမဝါယမအသင်းပိုင် အသားထုတ်လုပ်မှု စက်ရုံသို့တင်ပို့၍ အေးခဲအသားနှင့် အမဲသားခြောက်များကို ထုတ်လုပ်၍ ပြည်တွင်း၌ သာမက အခြားနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန် International Hala Certification ရရှိရေး ဆောင်ရွက်လျက် ရှိကြောင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ အမြန်အကောင်အထည်ဖော်နိုင်ရေး လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ စိမ်းလဲ့မြေ အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ ဆောင်ရွက်လျက်ရှိသော မျှစ်ခြောက်ကုန်ထုတ်လုပ်မှု စက်ရုံသို့ သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက စိမ်းလဲ့မြေအသင်းသည် ဒေသထွက် ဝါးဘိုးမျှစ်များကို  မျှစ်ခြောက်နှင့် မျှစ်ပြုတ်များအဖြစ် ပြုလုပ်၍ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံများသို့ နှစ်စဉ်တင်ပို့ ရောင်းချလျက်ရှိပြီး ယခုနှစ်တွင် မျှစ်ကုန်ကြမ်းများကို ပျဉ်းမနားမြို့နယ်၊ ပြည်တောင်ကိုးကျေးရွာအုပ်စု၊ မြသီတာ၊ ဝေသာလီ၊ နန့်လွင်စန်း၊ လက်ဖက်တောင် ကျေးရွားများမှလည်းကောင်း၊ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ လုံးကဲ၊ တောင်ကျ၊ လွယ်ကြီး၊ ကျွဲရိုး၊ ရွှေတကြီး၊ လိန်းလီ၊ ပင်ယင်းအိုင်ကျေးရွာများမှ ဝယ်ယူဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ပြင် ဂမုန်းတောင် ဝါးစိုက်ပျိူးရေး လုပ်ငန်းသမဝါယမအသင်းမှ  ပျဉ်းမနားမြို့နယ်၊ မဲပေါက်ကျေးရွာ အုပ်စုရှိ မြေလွတ်မြေရိုင်း (၁၀၆)ဧကတွင် လည်းကောင်း၊ စိမ်းလဲ့မြေ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ မြေလွတ် မြေရိုင်း (၁၃၀) ဧကတွင်လည်းကောင်း ဝါးစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိမ်းလဲမြေအသင်းက လက်ဖက်တောင်ကျေးရွာတွင်လည်း ဂျပန်ဝါးမျိုး ဧက (၅၀) ကို စိုက်ပျိုးထားပြီး မျှစ်ကုန်ကြမ်းများ ပိုမိုရရှိနိုင်ရေးအတွက် ပျဉ်းမနားမြို့နယ်ရှိ ကျေးရွာ(၆)ရွာနှင့် ပင်လောင်းမြို့နယ်ရှိ ကျေးရွာ(၇) ရွာတို့တွင် ဝါးစိုက်ပျိုးရေးနှင့် မျှစ်ထုတ်လုပ်သည့် သမဝါယမအသင်းများဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထွက်ရှိသော ကုန်ကြမ်းများကို စိမ်းလဲ့မြေ အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းမှ ဝယ်ယူ၍ ကုန်ချောအဖြစ် ထုတ်လုပ်ကာ ပိုမိုတင်ပို့ ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm