၁။ သမဝါယမဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနလက်အောက်ရှိ ယွန်းပညာ ကောလိပ်(ပုဂံ)ကို ၁၉၂၄ ခုနှစ်တွင် ယွန်းထည်လုပ်ငန်းအတတ်သင်ကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် မြန်မာ့ယွန်းသိပ္ပံအဆင့်၊ ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလ(၂၉)ရက်နေ့တွင် ယွန်းပညာ ကောလိပ်ဟူ၍ အဆင့်ဆင့် တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ပါသည်။
၂။ ယွန်းထည်လုပ်ငန်းအတတ်ပညာသည် မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ် အတတ်ပညာ တစ်ခု ဖြစ်ပါသည်။ အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်ရင်း မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းနိုင်ခဲ့သည်။ ဗြိတိသျှအစိုးရလက်ထက်တွင် ပုဂံဝန်ထောက်မင်း ဦးတင်သည် မြန်မာ့ရိုးရာ ယဥ်ကျေးမှုအမွေအနှစ်များကို နှစ်သက်မြတ်နိုးသူဖြစ်သည်နှင့်အညီ ယွန်းထည်လုပ်ငန်း အတတ်ပညာ မတိမ်ကော မပပျောက်သွားစေရန်နှင့် အရှည်တည်တံ့ ခိုင်မြဲစေရန် ပုဂံမြို့တွင် ယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်း ဖွင့်လှစ်နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့ပါသည်။ ဦးတင်သည် ဒေသခံ ယွန်းလုပ်ငန်း ပညာရှင်ကြီးများနှင့် ဆွေးနွေးညှိနှိုင်းပြီး ယွန်းထည်လုပ်ငန်းအတတ်သင်ကျောင်းကို ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ၁၉၂၄ ခုနှစ်တွင် အစိုးရ ယွန်းထည်လုပ်ငန်းအတတ်သင်ကျောင်းကို ဖွင့်လှစ်ခဲ့ ပါသည်။
၃။ ၁၉၆၀ ခုနှစ်၊ မတ်လ တွင် နိုင်ငံတော်အစိုးရသည် ယွန်းထည်လုပ်ငန်းအတတ်သင်ကျောင်းကို (၃)နှစ်သင်တန်းမှ (၁)နှစ်သင်တန်းအဖြစ်သို့ ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။ ယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်း၏ (၁)နှစ်သင်တန်းကို ၁၉၆၀ ခုနှစ်၊ မတ်လမှ ၁၉၆၅ ခုနှစ်၊ မတ်လအထိ (၅)နှစ် သင်ကြားပေးနိုင်ခဲ့သည်။
၄။ ၁၉၉၄ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ ၃၁.၈.၁၉၉၄ ရက်နေ့ အစည်းအဝေးအမှတ်စဉ် (၃၂/၉၄) ဆုံးဖြတ်အတည်ပြုချက်အရ ယွန်းထည်လုပ်ငန်းအတတ်သင် ကျောင်းမှ မြန်မာ့ယွန်းသိပ္ပံအဆင့်သို့ တိုးမြှင့်ခွင့်ပြုခဲ့ပါသည်။
၅။ ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာ့ယွန်းသိပ္ပံအဆင့်မှ ယွန်းပညာကောလိပ်အဆင့်သို့ တိုးမြှင့် ပြီး အောက်ပါသင်တန်းများကို ဖွင့်လှစ်လျက်ရှိပါသည် -
(က) ယွန်းအတတ်ပညာဒီပလိုမာ(၁)နှစ်သင်တန်း (တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီး၊ အသက်(၃၅)နှစ် မကျော်သူများ)အား လက်ခံသင်ကြားပေးပါသည်။
( ခ) ယွန်းအတတ်ပညာ ဒီပလိုမာ(၂)နှစ်သင်တန်း (တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး၊ အသက်(၂၅)နှစ်ထက် မကျော်သူများ)အား လက်ခံသင်ကြားပေးပါသည်။
၆။ ယွန်းပညာကောလိပ်အဆင့်တွင် ဒီပလိုမာ(၂)နှစ် သင်တန်းအောင်မြင်ပြီးသူများသည် စီးပွားရေးတက္ကသိုလ်များသို့ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၁ ခုနှစ်ထိ (၆)နှစ် တိတိ သင်ကြားခဲ့ပြီး ၂၀၁၁ ခုနှစ် မှစတင်ပြီး သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း၊ သန်လျင်) သို့ ပေါင်းကူးတက်ရောက်ခွင့် ရရှိပြီး၊ တက္ကသိုလ်များမှ ပေးအပ်သော ဘွဲ့များကို ရရှိမည် ဖြစ်ပါသည်။
Dial these numbers and email in case of any emergency