Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပျဉ်းမနားမြို့နယ် ရေဘေးသင့်နေအိမ်များ ပြန်လည်တည်ဆောက်ပြီးစီးမှု ကွင်းဆင်းကြည့်ရှု


21 Nov,2024

နေပြည်တော် နိုဝင်ဘာ ၂၁

          အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ အစီအစဉ် ဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ မြို့နယ် (၂) မြို့နယ်အတွင်းမှ ကျေးရွာ (၃) ရွာရှိ ရေဘေးသင့် နေအိမ်များအနက် အလုံးစုံပြန်လည်ပြင်ဆင်ရမည့် နေအိမ် (၂၄) လုံး၊ တစ်စိတ်တစ်ပိုင်း ပြင်ဆင် ခြင်း (၈) လုံး၊ စုစုပေါင်း (၃၂) လုံးကို အလှူရှင် CB Bank ဥက္ကဋ္ဌ၏ လှူဒါန်းငွေဖြင့် တည်ဆောက် ပြုပြင်ပေးလျက်ရှိရာ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ကွက်သစ်ကျေးရွာ၊ ကျွန်းဦးကျေးရွာနှင့် အေးမြင့် သာယာ ကျေးရွာများသို့ သွားရောက်ကာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ်၊ ကွက်သစ်ကျေးရွာသို့ သွားရောက်ပြီး ရေဘေးသင့်၍ အလုံးစုံပျက်စီးသွားသော နေအိမ် (၅) လုံးအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက အသစ်ပြန်လည်တည်ဆောက်ပြီးစီးမှုကိုလည်းကောင်း၊ တစ်စိတ်တစ်ပိုင်းပြင်ဆင် ပေးရမည့် နေအိမ် (၇) လုံး၏ ပြန်လည်ပြုပြင်ပြီးစီးမှုကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ ကျွန်းဦး ခေတ်မီစံပြကျေးရွာသို့ သွားရောက်၍ ရေဘေးသင့်၍ အလုံးစုံပျက်စီးသွားသော နေအိမ် (၁၈) လုံး၏ အလုံးစုံတည်ဆောက်ပြီးစီးမှုကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာစံပြကျေးရွာသို့ သွားရောက်၍ အလုံးစုံပြန်လည် တည်ဆောက်ပေးရမည့် နေအိမ် (၁) လုံးနှင့် တစ်စိတ်တစ်ပိုင်း ပြင်ဆင်ပေးရမည့် နေအိမ် (၁) လုံးတို့၏ တည်ဆောက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း  ကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက ယခုတည်ဆောက်ပေးသည့် နေအိမ်များ ရေရှည်တည်တံ့ရေးအတွက် ကျေးရွာသူကျေးရွာ သားများက ဝိုင်းဝန်းထိန်သိမ်းနေထိုင်ကြရန်၊ အားငယ်စိတ်ဓာတ်ကျခြင်းမျိုးမရှိစေဘဲ မိသားစုဝင်ငွေ တိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ကျွန်းဦး ကျေးရွာရှိ လမ်းဘေးဝဲယာ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာသူကျေးရွာသားများ ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားပြီး လုပ်ငန်း လိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ မြို့နယ် (၂) မြို့နယ်အတွင်းမှ ကျေးရွာ (၃) ရွာရှိ ရေဘေးသင့်နေအိမ်များအနက် အလုံးစုံပြန်လည် ပြင်ဆင်ရမည့် နေအိမ် (၂၄) လုံးအား အလျားပေ ၂၀၊ အနံပေ ၂၀၊ အမြင့် ၁၆ ပေရှိ သွပ်မိုး၊ ထရံကာ ကျေးလက်အိမ်ရာများအဖြစ် အသစ်တည်ဆောက်ပေးခြင်း၊ တစ်စိတ်တစ်ပိုင်းပြင်ဆင်ခြင်း နေအိမ် (၈) လုံးတို့အား ပြုပြင်တည်ဆောက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်နီးပါး ပြုပြင် တည်ဆောက်ပေးနိုင်ခဲ့ပြီဖြစ်၍ ကျေးရွာရှိ မိသားစုဝင်များ တက်ရောက်နေထိုင်နေပြီ ဖြစ်ကြောင်း လည်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm