Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ (၂/၂၀၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


20 Sep,2024

နေပြည်တော် စက်တင်ဘာလ ၂၀ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၁၆)၊ အစည်းအဝေးခန်းမ၌ ယနေ့နေ့လည် (၁၃:၃၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီ ဥက္ကဌ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ကော်မတီဝင် ဝန်ကြီးဌာန၊ ဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာ တိုင်ဖုန်းမုန်တိုင်း ရာဂိဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရေကြီးနစ်မြုပ်ခဲ့သည့် ဒေသများတွင် အသက်မွေး ဝမ်းကျောင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများ စီမံဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပရခြင်းဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လတ်တလောအမြန်ဆောင်ရွက်ပေးရတဲ့ ရေတိုလုပ်ငန်း များနဲ့ ရေရှည်စီမံချက်ရေးဆွဲဆောင်ရွက်သွားရမယ့် လုပ်ငန်းများရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက် ရာတွင် လတ်တလော ဆောင်ရွက်ပေးရမဲ့လုပ်ငန်းများကို အချိန်တိုအတွင်း လူအင်အားနဲ့ ထိထိရောက်ရောက် စီမံဆောင်ရွက်သွားကြဖို့လိုမှာဖြစ်ပါကြောင်း၊ ရေရှည်ဆောင်ရွက်ရမယ့် လုပ်ငန်းများကိုလည်း ယခုကတည်းက စီမံချက်ရေးဆွဲပြီး စနစ်တကျ ဆောင်ရွက်သွားကြရမှာဖြစ် ပါကြောင်း၊ သက်ဆိုင်ရာကော်မတီဝင်ဝန်ကြီးဌာန၊ ဦးစီးဌာနများရဲ့ သဘာဝဘေးအန္တရာယ် ကျရောက်ဖြစ်ပွားပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ အစီအမံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသည့်အတိုင်း အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း၊ အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ထိခိုက်ဆုံးရှုံးမှု များကို အချက်အလက်မှန်ကန်စွာရရှိရေးသည် အထူးအရေးကြီးပါကြောင်း၊ အချက်အလက်စာရင်း ဇယားများ မှန်ကန်တိကျမှသာ ကူညီထောက်ပံ့ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊ ရေကြီးနစ်မြုပ်၍ ပျက်စီးဆုံးရှုံးမှုများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအနေဖြင့် ပိုမိုထိခိုက်ဆုံးရှုံးမှုများရှိသည့်အတွက် မိမိတို့ ကော်မတီဝင်ဌာနများအနေဖြင့် ပြန်လည်စိုက်ပျိုးရနိုင်သော စိုက်ဧကအရေအတွက်များ ကွင်းဆင်းကောက်ယူခြင်း၊ မူလသီးနှံများပြန်လည်စိုက်ပျိုးခြင်း၊ အခြားသီးနှံ များအား ရာသီဉတု အခြေအနေပေါ်မူတည်၍ ပြန်လည်စိုက်ပျိုးနိုင်ရန် ဒေသအလိုက် သင့်လျော်သည့် မျိုးစေ့များ စုဆောင်းခြင်း၊ ထွန်ယက်စိုက်ပျိုးနိုင်ရေး စက်ကိရိယာအကူအညီပေးခြင်းလုပ်ငန်းများ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားသကဲ့သို့ တောင်သူများသိရှိစေရန်လည်း ကျယ်ကျယ်ပြန့်ပြန့်အသိပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဒါ့အပြင် ပျက်စီးဆုံးရှုံးသွားသော သီးနှံများ ပြန်လည်အစားထိုး စိုက်ပျိုးမည့် အစီအစဉ်များရေးဆွဲပြီး အချိန်မီစိုက်ပျိုးနိုင်ရေး ပံ့ပိုးသွားကြဖို့ ဆောင်ရွက်ပေးသွားရမှာဖြစ် ပါကြောင်း၊ တောင်သူများရဲ့ ဆုံးရှုံးမှုနဲ့ ရေနစ်မြုပ်ခဲ့သော လယ်ယာမြေများရဲ့ မြေအရေအသွေးများကိုလည်း စနစ်တကျ ပြန်လည်စစ်ဆေး ဆောင်ရွက်သွားရန်လည်း လိုအပ်ပါကြောင်း၊ မျိုးစပါး မျိုးအပြင် ဆောင်းသီးနှံ များဖြစ်သည့် ပဲမျိုးစုံ၊ နေကြာ၊ မြေပဲမျိုးများကိုလည်း အချိန်မီပံ့ပိုးပေးရန်လည်း လိုအပ်ပါကြောင်း၊ သီးနှံများ ပြန်လည်စိုက်ပျိုးရာတွင်လည်း ရာသီဥတုအခြေအနေအရ ပိုးကျရောက်နိုင်မှုဖြစ်ပေါ်နိုင်သဖြင့် လိုအပ်သည့်နည်းပညာများပံ့ပိုးပေး၍ ကြိုတင် ကာကွယ်ဖို့လည်း လိုအပ်မှာဖြစ်ပါကြောင်း၊ စိုက်ပျိုးစရိတ်၊ မြေသြဇာများကို သက်သာသော နှုန်းများဖြင့် သီးနှံပေါ်ပေးနိုင်ရေးကိုလည်း ဆောင်ရွက်ပေးသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဆန်ထက် မြေသြဇာ၊ မျိုးစပါး၊ အခြားသီးနှံ အစရှိ သည်တို့ ထောက်ပံ့ရာတွင်လည်း လိုအပ်သောနေရာကို အချိန်မီရောက်ရှိနိုင်ရေး အမြန်ဆုံးဆောင်ရွက်ပေး သွားကြဖို့လည်း မှာကြားလိုပါကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများအတွက် တိရစ္ဆာန်ရောဂါကာကွယ်ဆေးဝါးနှင့် အစာ ထောက်ပံ့ပေးခြင်း၊ ငါး/ပုစွန်သားပေါက်များ ဖြန့်ဖြူးထောက်ပံ့ပေးခြင်း၊ လတ်တလော သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ရေတွင်းများတွင်းဆေး၊တွင်းမှုတ်ခြင်း၊ ကလိုရင်းဆေးခတ်ခြင်း၊ ရေသန့်ဆေးပြား များပေးဝေခြင်း၊ စားရေရိက္ခာအတွက် အရံဆန်ကူညီထောက်ပံ့မှုများအား လက်ရှိအနေဖြင့် ဆောင်ရွက် ပေးထားပြီးဖြစ်သည့်အတွက် ယင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားနိုင်ရေး ကော်မတီဝင်ဌာန အသီးသီးမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားဖို့လိုအပ်ပါကြောင်း၊ ဒါ့အပြင် ထိခိုက်ဆုံးရှုံးခဲ့သော အိမ်ထောင်စု များ၏ အခြားအသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းများကိုလည်းဖော်ထုတ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးမည့်အစီအမံများ ရေးဆွဲတင်ပြဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းများနှင့် အခြားလိုအပ်သည့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းများကို ၂၀၂၅ ခုနှစ် မတ်လအထိ (၆)လတာကာလအတွင်း အပြီးသတ် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ဝန်ကြီးဌာန၊ ဦးစီးဌာနများ၊ အခြားအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားကြရန်နဲ့ ယင်းသို့ဆောင်ရွက်ရာတွင် ပျက်စီးမှုအချက်အလက်များ မှန်ကန်ရေးနှင့် ပြန်လည်ဆောင်ရွက် ပေးရမည့် အစီအမံများကို ဝန်ကြီးဌာန၊ ဦးစီးဌာနမှ ဆောင်ရွက်ပေးရမည့်အစီအမံ၊ အသက်မွေး ဝမ်းကျောင်းပြန်လည်ထူထောင်ရေးကော်မတီမှ ဆောင်ရွက်ပေးရမည့် အစီအမံများ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီသို့ တင်ပြပြီးဆောင်ရွက်ရမည့် အစီအမံများ ကို ခွဲခြား၍ဆောင်ရွက်သွားဖို့ တိုက်တွန်းမှာကြားခဲ့ပါတယ်။ ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသော ကော်မတီဝင် ဝန်ကြီးဌာန/ ဦးစီးဌာန တာဝန်ရှိသူများက မိမိတို့နှင့်သက်ဆိုင်သည့်ကဏ္ဍအလိုက် သဘာဝဘေးအန္တရာယ်မကျရောက်မီနှင့် ကျရောက်ပြီးချိန်များတွင် လိုအပ်သည့်အရေးပေါ်စီမံခန့်ခွဲခြင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများပူးပေါင်း ဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များအား အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး ကော်မတီဥက္ကဌနှင့် တာဝန်ရှိသူများမှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm