နေပြည်တော် နိုဝင်ဘာ ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးမြို့ဟောင်း သို့ သွားရောက်ပြီး မေတ္တာပေါင်းကူးတံတားဖွင့်ပွဲသို့ တက်ရောက်သည်။
ရှေးဦးစွာ သဲဖြူမဟာမြိုင်တောရဆရာတော် ဒေါက်တာဘဒ္ဒန္တ ပညာဇောတ၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အလှူရှင်များက တံတားသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ဆက်လက်ပြီး သဲဖြူမဟာမြိုင် တောရဆရာတော် ဒေါက်တာဘဒ္ဒန္တ ပညာဇောတနှင့် တာဝန်ရှိသူများက တံတားကဗ္ဗည်းမော်ကွန်းကျောက်စာအား စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးခဲ့ပြီး လိုက်လံကြည့်ရှုစစ်ဆေးကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် သဲဖြူမဟာမြိုင်တောရဆရာတော် ဒေါက်တာဘဒ္ဒန္တ ပညာဇောတက သာဓုအနုမောဓနာတရား ဟောကြားကာ ရေစက်သွန်းစက်အမျှပေးဝေခဲ့ကြသည်။
ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တ ပညာဇောတသည် ယမန်နှစ်က အဆိုပါဗိဿနိုးမြို့ဟောင်း တွင် ရှင်အပါး (၅၀၀၀) ရှင်ပြုပွဲကြီး ကျင်းပပြုလုပ်ပေးခဲ့ပြီး ဗိဿနိုးနယ်မြေအတွင်း၌လည်း လမ်းများ ဖောက်လုပ်ပေးခြင်း၊ လမ်းတာချဲ့ခြင်းတို့ကို အလှူရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ယခု ပေ ၁၈၀ မေတ္တာပေါင်းကူးတံတားကိုလည်း ဗိဿနိုးမြို့၏ အထင်ကရ ရွှေရောင်တော်ဘုရားသို့ သွားသောလမ်း ပေါ်တွင် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဆင်ပေါင်ဝဲမြို့နယ် ချောင်းကောက်ကျေးရွာသို့ သွားရောက် ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း အရှည် ပေ(၂၀၀၀) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာမှ တင်ပြသော ကျန်ရှိလမ်း ပေ (၁၀၀၀) အား လာမည့်ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ချောင်းကောက်ကျေးရွာ အောင်ကောင်းမြတ် လယ်ယာ ကုန်ထုတ်နှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းသို့ သွားရောက်ပြီး မကွေးတိုင်းဒေသ ကြီး မြို့နယ် (၆) မြို့နယ်မှ တက်ရောက်လာသော သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံ၍ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နှမ်းရိုးသဘာဝမြေဩဇာ အသုံးပြုကြရန်၊ လယ်ယာမြေများသို့ သွားရောက်၍ မြေဩဇာလုပ်နည်း ပြသပေးရန် မှာကြားသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ ယင်းနောက် အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ အောင်ကောင်းမြတ် လယ်ယာ ကုန်ထုတ်နှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ နှမ်းရိုးအခြေခံ သဘာဝမြေဩဇာ ပြုလုပ်ရန်အတွက် တစ်နေ့လျင် တင်း ၅၀၀ ကျ နှမ်းရိုးဖြတ်စက် ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မြေပေါ်မြေအောက်ကျင်းများဖြင့် သဘာဝမြေဩဇာ ပြုလုပ်ထားမှုကိုလည်းကောင်း၊ ရုရှားရွက်ဖျန်းမြေဩဇာအသုံးပြု၍ စိုက်ပျိုးထားသော ၂၈ ရက်သား ရေဆင်းစပ်မျိုး-၁ နေကြာစိုက်ခင်းကိုလည်းကောင်း လိုက်လံကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့ သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မကွေးမြို့နယ် ဆူးကောက်စမ်းကျေးရွာသို့ သွားရောက်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာ အဝင်လမ်း အရှည် ၁ မိုင် ၄ ဖာလုံ ကျောက်ချောခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။