Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်


01 Jan,1970

နေပြည်တော် စက်တင်ဘာ ၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါ လျက် ဧရာဝတီတိုင်းဒေသကြီး၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ရှမ်းကွင်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာပြည်သူများကိုယ်တိုင် စီမံခန့်ခွဲပြီး ပူးပေါင်းဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၅၀၊ ကျေးရွာထည့်ဝင်ငွေ ကျပ်သိန်း ၃၀ တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာတွင်းလမ်း အရှည်ပေ ၆၂၀၊ အကျယ် ၁၂ ပေ၊ အမြင့် ၇ လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အရည်အသွေး ပြည့်မီစွာ အချိန်မီပြီးစီးရေး မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖျာပုံမြို့နယ်၊ သလိပ်ကြီးကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန် ယူဆောင်ရွက်လျက်ရှိသော ပဆင-သလိပ်ကြီး-တူးမြောင်း-ဂျိုဝါကြံခင်းလမ်းပေါ်ရှိ  ချောင်းကူး သံကူကွန်ကရစ်တံတား အရှည်ပေ ၁၆၀ တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိ ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ကြရန်၊ ကျေးရွာသူကျေးရွာသားများ သာမက တာဝန်ရှိသူအားလုံး ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည့်တံ့ခိုင်မြဲရေး ဝိုင်းဝန်း ထိန်းသိမ်းကြရန် မှာကြားပြီး ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ် သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ ကျေးရွာချင်းဆက်တံတား တည်ဆောက်ပြီးစီးပါက လမ်းဘေး ဝဲ/ယာရှိ ကျေးရွာ ၆ ရွာ၊ အိမ်ခြေ ၁၁၉၃ အိမ်၊ လူဦးရေ ၅၃၇၅ ဦးတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် အကျိုးပြုပေးနိုင်မှာဖြစ်ပြီး ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်းလည်း သိရသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖျာပုံမြို့နယ်၊ လက်ပန်ကျေးရွာအုပ်စု၊ လက်ပန်ကျေးရွာရှိ ငြိမ်းချမ်း စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းနှင့် အသင်းသားတောင်သူ (၂၅) ဦး၏ လယ်မြေ (၂၁၀) ဧကနှင့် ဖျာပုံမြို့နယ်၊ ကွန်ဒိုင်းကြီးကျေးရွာရှိ ကြံတိုင်းအောင် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသားတောင်သူ (၁၇) ဦး၏ လယ်မြေ (၂၄၆) ဧက တွင် မိုးစပါးစိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိ သူများက စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲဆောင်ရွက်ကြရန်နှင့် တောင်သူများ၏ စိုက်ပျိုးရေး လိုအပ်ချက်များ အချိန်မီဖြည့်ဆည်းပေးနိုင်ရေး ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ကြရန် မှာကြား ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖျာပုံမြို့နယ်အတွင်းရှိ သမဝါယမအသင်း (၁၃) သင်းမှ လယ်မြေ (၂၇၉၉) ဧက စိုက်ပျိုးနေသော အသင်းအမှုဆောင်များ၊ အသင်းသား တောင်သူများနှင့်တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန တိုင်းဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ၁ ဧကလျှင် ငွေကျပ် ၂ သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ရ မည်မှာ တောင်သူများ၏ တာဝန်တစ်ရပ်ပင် ဖြစ်ပါကြောင်း၊ လက်ရှိစိုက်ပျိုးနေသော စပါးမျိုးများ အပြင် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါးမျိုးများကို တိုးချဲ့စိုက်ပျိုးကြစေ လိုကြောင်း၊ ဓာတ်မြေဩဇာ သုံးစွဲမှုလျှော့ချနိုင်ရေး သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲကြရန်၊ ပိုက်ဆံလျှော်ပင်များ စိုက်ပျိုးကြရန်၊ တစ်ဧကအထွက်နှုန်း တိုးတက်မှသာလျှင် တောင်သူများ ဝင်ငွေတိုးပွားနိုင်မည်ဖြစ်ပြီး လိုအပ်သည့် စိုက်နည်းစနစ်၊ စိုက်ပျိုးရေ ရရှိရေးတို့အတွက် မိမိတို့ ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ကူညီပံ့ပိုးဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းများ အောင်မြင်ရေး ပုံမှန်ထိန်းကျောင်း တည့်မတ်ပေးရန်၊ စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်ရန်၊ သီးနှံပေါ်ချိန်တွင် သတ်မှတ်ချက်များ နှင့်အညီ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ် ချေးငွေများ ပြန်လည်ပေးဆပ်ကြရန်၊ ရိုးသားကြိုးစားပြီး အလုပ်လုပ်ကြခြင်းဖြင့် အကြွေးကြေခြင်းကို ဂုဏ်ယူ ကြရန်နှင့် ဆောင်ရွက်ပြီး နွေစပါးနှင့် ပဲတီစိမ်း စီမံကိန်းများကို ပြန်လည်သုံးသပ်ပြီး ပြုပြင်သင့်သည် များကို ပြုပြင်ဆောင်ရွက်ကြရန်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစီမံကိန်းအတွက် သွင်းအားစုဓာတ်မြေဩဇာများကို စီမံကိန်း လုပ်ငန်းများအလိုက် ပံ့ပိုးဆောင်ရွက်နေမှုအခြေအနေများနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကြက်ဖမွေအောင် ကျွန်းပတ်တာ အကျိုးပြုဧက ၃၄၀၀၀ ကျော်နှင့် လက်ပန်ပင် ကျွန်းပတ်တာ အကျိုးပြုဧက ၁၁၀၀၀ ‌ကျော်အတွက် ရေငံတားခြင်းနှင့် ရေချိုထိန်းမည့် အစီအမံအား ရှင်းလင်း တင်ပြသည်။

ထို့နောက် သမဝါယမအသင်း (၁၃) သင်းမှ အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ အသေးစားစက်မှုလက်မှု လု်ပငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေး စီမံကိန်းဖြင့် မော်တော်ဆိုင်ကယ် ပြုပြင်နည်းသင်တန်း ဖွင့်လှစ်ပို့ချပေး နေသည့် လယ်ကိုင်းကျေးရွာသို့ သွားရောက်ပြီး သင်တန်းသားများနှင့် တွေ့ဆုံခဲ့သည်။ တာဝန်ရှိ သူများ၏ သင်တန်းဖွင့်လှစ်ပို့ချနေမှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီး က သင်တန်းအောင်မြင်ပြီး ထူးချွန်သင်တန်းသားများအား ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် နည်းပညာ၊ အရင်းအနှီများ ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ကိုယ်ပိုင်စီးပွားရေး ထူထောင်နိုင်သည်အထိ ကြိုးစား လေ့လာသင်ယူကြစေလိုကြောင်းဖြင့် အားပေးစကားပြောကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်ရှိ အောင်နိုင်သစ္စာ တန် (၂၅၀) ကျ ဆန်စက်သို့ ရောက်ရှိရာ တာဝန်ရှိသူများက သမဝါယမအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ‌တောင်သူများသို့ မျိုး၊ သွင်းအားစု၊ ထောက်ပံ့ပေးမှု အခြေအနေ၊ ထုတ်လုပ်ရောင်းချနိုင်မှု အခြေအနေများ တင်ပြရာ ပြည်ထောင်စုဝန်ကြီးက တောင်သူများ လိုအပ်သည့် နည်းပညာ၊ သွင်းအားစုများကို အကျိုးတူစနစ်ဖြင့် သက်သာအောင်ဆောင်ရွက်ပေးရန်၊ ဈေးနှုန်းခန့်မှန်းရရှိရေး ပြင်ဆင်ဆောင်ရွက်ပေးရန်၊ တောင်သူများ စီးပွားတိုးတက်ရေးနှင့် နိုင်ငံ့စီးပွား တိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်ဟု သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm