Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၃) (ပညာရေးဝန်ကြီးဌာန)


05 Jun,2023

မြင့်စိုး(နတလ)

မင်္ဂလာရှိသောနေ့

          ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့

          ကျောင်းတွေဖွင့်ပြီ

        စစ်တွေမြို့၏ နံနက်ခင်းရာသီဥတုကလည်း သာသာယာယာလေးဖြစ်လို့နေသည်။ ထိုမြင်ကွင်းအလှကို အားဖြည့်ပေးလိုက်သည်က ကျောင်းဝတ်စုံအဖြူအစိမ်းလေးများနှင့် သားငယ် သမီးငယ်လေးများ၏ သန့်စင်သောအပြုံး၊ သွက်လက်သော ခြေလှမ်း၊ ဟန်ဆောင်မှုကင်းသည့် အမူအယာလေးများပဲဖြစ်၏။ သူတို့၏ ခြေလှမ်းတိုင်းတွင် ယုံကြည်ချက်ရှိသည်၊ အနာဂတ်ရှိသည်။ ထိုခြေလှမ်းလေးများအားလုံးသည် စာသင်ကျောင်းများဆီသို့ ဖြောင့်ဖြောင့်တန်းတန်းရောက်ရှိလာ ကြသည်။ ကြည်နူးချမ်းမြေ့ဖွယ်ရာ မြင်ကွင်းများပါပေ။

          စစ်တွေမြို့တွင် ရောက်ရှိနေသော ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများလိုက်ပါလျက် ယနေ့ဖွင့်လှစ်နေပြီဖြစ်သော အခြေခံပညာကျောင်းများသို့ သွားရောက်ကာ အားပေးကြည့်ရှုခဲ့ကြသည်။ ဆရာဆရာမများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ စာသင်ခန်းများကို လှည့်လည်ကြည့်ရှုပြီး မူလတန်းအဆင့် ကျောင်းသားကျောင်းသူလေးများအား ကျောင်းလွယ်အိတ်နှင့် ဗလာစာအုပ်များပေးအပ်ခဲ့သည်။ ကျောင်းဝင်းအတွင်း ထပ်မံပြုပြင် တည်ဆောက်ပေးရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများကို မှာကြားသည်။

          ယနေ့သွားရောက်ကြည့်ရှုခဲ့သော အခြေခံပညာကျောင်းများမှာ အထက(၁)၊ အထက(၄)၊ အမှတ်(၁၅)မူလွန်၊ ကျောင်းတက်လမ်းရပ်ကွက်မူလွန်၊ အထက(၂)၊ အထက(၆)ကျောင်းများ ဖြစ်ပါသည်။ မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်း၌ မြို့နယ် ၁၇ မြို့နယ်ရှိသည့် အနက် ၁၀ မြို့နယ်က စာသင်ကျောင်းများ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။ ယင်းသို့ ရှိပင်ရှိခဲ့သော် ငြားလည်း ကျောင်းဖွင့်ရာသီ၌ အခြားပြည်နယ်၊ တိုင်းဒေသကြီးများနည်းတူ ကျောင်းအားလုံး ဖွင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားထားပြီး ဖြစ်သည်။ သို့ဖြစ်၍ ပညာရေးဝန်ကြီးဌာနသည် စစ်တွေနှင့် ပေါက်တောမြို့နယ်များရှိ အခြေခံ ပညာကျောင်းအားလုံး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များရှိ အခြေခံပညာမူလတန်း၊ မူလွန်၊ အလကကျောင်းများကို တာဝန်ယူပြုပြင်တည်ဆောက်ပေးခဲ့သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ဖော်ပြပါ (၈)မြို့နယ်အတွင်းရှိ အထကကျောင်းများနှင့် အထက(ခွဲ)ကျောင်းများကို ကူညီပြင်ဆင်ပေးခဲ့သည်။ ထိုသို့ပြင်ဆင်နေစဉ်ကာလမှာလည်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်း ဦးဆောင်သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ကလည်း လိုအပ်သည့်လမ်းညွှန်မှု၊ ကူညီစောင့်ရှောက်မှုများပေးခဲ့သည်။ သည့်အတွက်လည်း ယနေ့တွင် စတင်ဖွင့်လှစ်ခဲ့သည့် ကျောင်းများအားလုံး အဆင်ပြေပြေဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။ နိုင်ငံ အတွက်၊ ပြည်နယ်အတွက်၊ မြို့ရွာဒေသများအတွက် မင်္ဂလာရှိသော နေ့ရက်တစ်ရက်ဖြစ်လာ ခဲ့ပေပြီ။

စေတနာရှင် ဒေါက်တာကျော့သာစိန်

          ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းဦးဆောင်သော ကျွန်တော်တို့အဖွဲ့ စစ်တွေမြို့ အထက(၁)သို့ နံနက် (၉)နာရီစွန်းစွန်းခန့်မှာ ရောက်ရှိသွားချိန် ကျောင်းဝင်းထဲမှာ ရုပ်ရည်အားဖြင် သန့်ပြန့်ချောမောသော အမျိုးသမီးကြီးတစ်ဦးကိုတွေ့ရသည်။ ဒုတိယဝန်ကြီးချုပ်အား အကြောင်းကိစ္စတစ်ချို့ရှင်းပြနေ သည်ကို ခပ်လှမ်းလှမ်းမှ မြင်နေရ၏။ အစကတော့ မြို့မိမြို့ဖလား၊ ကျောင်းအုပ်ကြီးဟောင်းလားလို့ တွေးမိသေး၏။ နားစွန်နားဖျားကြားနေရသည်က ပရဟိတပညာရေးလုပ်ငန်းများအကြောင်း ဆိုတော့ကာ ပရဟိတကျောင်းသားဖြစ်ခဲ့ဖူးသော ကျွန်တော်သည်လည်းပဲ အစ်မကြီးကို စိတ်ဝင်စား မိသည်၊ ထို့ကြောင့် ကျောင်းကပြန်အထွက်မှာ နှုတ်ဆက်စကားဆို၍ သူ၏ ပရဟိတလုပ်ငန်းများ အကြောင်းကို စေ့ငုလိုက်မိသည်။

                   “ကျွန်မက ဒေါက်တာကျော့သာစိန် ၊ အသက် (  ၇၀  ) ရှိပြီ

ငယ်ငယ်တုန်းက ၁၀ တန်း ၂ ခါကျဖူးတယ်၊ ညကျောင်း တက်ပြီး ပြန်ကြိုးစားဖြေတော့ ဂုဏ်ထူး(၃)ဘာသာနဲ့ အောင်တယ်၊ ၁၀ တန်းကျတဲ့ကလေးတွေကို ကိုယ်ချင်းစာ စိတ်နဲ့အောင်စေချင်တယ်၊ ဒါကြောင့် ၂၀၁၅ ကနေ ၂၀၁၉ ထိ ဒီအထက(၁)မှာ ညပိုင်းအချိန်ယူဖွင့်လှစ်ပြီး ကျွန်မတို့သင်ခဲ့ တယ်။ ဒီလုပ်ငန်းအတွက် ကျွန်မကားတွေ၊ အိမ်တွေကိုတောင် ရောင်းခဲ့တာ၊ အခုကျွန်မတို့သင်ပေးတဲ့ တပည့်တွေထဲမှာ ဆရာဝန် (၂၃) ယောက်ဖြစ်ခဲ့ပြီ၊ (၄၃) ယောက်က ဆေးတက္ကသိုလ်တက်နေဆဲ၊ တစ်ချို့က ကျွန်မတို့ရဲ့ပညာဒါန အတွက် အလှူငွေကျပ်သိန်း ၁၀၀၊ သိန်း ၂၀၀ လှူချင် ကြတယ်၊ ကျွန်မလက်မခံပါဘူး၊ လှူချင်ရင် လက်ရှိ ဆေးတက္ကသိုလ်တက်နေတဲ့ကလေးတွေကို လစဉ်ကျပ် ၁ သိန်း၊ ဒါမှမဟုတ် ၂ သိန်းထောက်ပံ့တာမျိုးပဲ လုပ်စေခဲ့ပါတယ်၊ ဒီလိုပညာဒါနပရဟိတလုပ်ငန်းတွေလုပ်ခဲ့လို့ အမျိုးသမီး စွမ်းဆောင်ရှင်ဆုလည်းရခဲ့ပြီ ၊ ရခိုင်ယဉ်ကျေးမှုအဖွဲ့က ချီးမြှင့်တဲ့ ရခိုင့်တံခွန်ဆုတံဆိပ်လည်းရခဲ့ပြီ……

          အစ်မကြီးဒေါက်တာကျော့သာစိန် ပြောသွားသည့်အထဲမှာ ၂၀၂၁-၂၀၂၂ စာသင်နှစ်တုန်းက ၁၀ တန်းဝင်ဖြေတဲ့အထဲမှာ ၉ နှစ် ၁၀ နှစ်လောက်ကျခဲ့သူ ၂ ဦးတောင် အောင်သွားသည့်အကြောင်း ပါလာသဖြင့် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ အထကခေါင်လန်ဖူးကျောင်းကို ပြေး၍ မြင်ယောင်မိ၏။ အထကခေါင်လန်ဖူး၊ အထကဇန်ယော့၊ အထကရှိန်းခေါင်ကျောင်းတွေ ၁၀တန်းမအောင်တာ ၁၀ နှစ်ခန့်ရှိပြီဖြစ်၍ ဘဲဥကွဲအောင် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီခဲ့ဖူး သည်။ ၂ ယောက်စအောင်သည်၊ ပြီးခဲ့သည့်နှစ်က ၆ ယောက်အောင်သည်။ ဒေါက်တာ ကျော့သာစိန်နှင့် စကားပြောရင်း စိတ်ကခေါင်လန်ဖူးထိရောက်သွားရသော စစ်တွေအထက(၂)မှ အတွေးစများ။

အထက(၄)သို့ရောက်ခဲ့သည်

          အထက(၁)မှ အထက(၄)သို့ သွားရောက်ခဲ့ကြသည်။ အထက(၄)၊ (၃)ထပ်စာသင်ဆောင် ကြီးမှာ Grade 12 STEAMS-2 မှာ အတန်းဝင်နေသည့် ဒေါက်တာခိုင်မျိုးသူ၏ သင်ကြားမှုကို လေ့လာကြည့်ရှုဖြစ်ခဲ့သည်။ အထက(၄)ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုရင်း သတိထားမိ သည်ကတော့ ၁၈၉၀ ခုနှစ်က ဆောက်လုပ်ခဲ့သော ၂ ထပ်စာသင်ဆောင်တစ်ဆောင်ကို တွေ့ခဲ့ခြင်းပင်၊ အင်္ဂလိပ်ခေတ်က ကျောင်းဖြစ်ပြီး ကျောင်းတိုင်ကြီးများ ကြီးမားထည်ဝါသည်။ နှစ်ပေါင်း ၁၃၃ နှစ်ရှိ ကျောင်းဆောင်တစ်ဆောင်မို့ ငေးမောကြည့်ရှုဖြစ်ခဲ့သည်။

ထူးထူးခြားခြားတွေ့ခဲ့ရသည်များ

          အထက(၄)မှ အမှတ်(၁၅)မူလွန်ကျောင်း၊ ၎င်းနောက် ကျောင်းတက်လမ်းရပ်ကွက်ရှိ မူလွန်ကျောင်းများသို့လည်း ဝင်ရောက်အားပေးကြည့်ရှုခဲ့ကြသည်။ ထိုမှ အထက(၂)စစ်တွေ ကျောင်းသို့ ရောက်ခဲ့ကြ၏။ အထက(၂)အဝင်ဆိုင်းဘုတ်ကို မြင်လိုက်ကတည်းက စိတ်ဝင်စားစရာ စ၍ တွေ့ရပါသည်။ ကျောင်းဆိုင်းဘုတ်အလှူရှင်သည် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၌ (၆)ဘာသာ ဂုဏ်ထူးရှင် မစောယုနွယ်နီဟု ရေးထိုးထားခြင်းဖြစ်သည်။ ကျွန်တော်တို့ငယ်ငယ်ကလည်း စာတော်သောအစ်ကိုတွေအစ်မတွေကို အားကျဖူး၏။ လူရည်ချွန်ဖြစ်ခဲ့သူတွေကို အားကျခဲ့ဖူး၏။ မောင်ငယ်ညီမငယ်များအတွက် စောယုနွယ်နီသည် စံပြဖြစ်နေပါလိမ့်မည်။ ကျောင်းအဝင်ဝ မှာလည်း မာတာပိတုဂုဏော အနန္တော၊ အာစရိယဂုဏော အနန္တောဟု ရေးသားထားသေးသည်။ မိဘဆရာသမားများ၏ ဂုဏ်ကျေးဇူးကြီးမားပုံကို အမြဲအောက်မေ့သတိရစေရန် ဖြစ်ပေလိမ့်မည်။ အထက(၂)ကျောင်းဝင်းထဲမှာပဲ နောက်ထပ်ထူးထူးခြားခြားတစ်ခုကို တွေ့မြင်ခဲ့ရသေး၏။ အခြားမဟုတ်ပါ။ နှစ်ပေါင်းများစွာ အိုမင်းနေပြီဖြစ်သော ကျောင်းဆောင်ဟောင်းတစ်ဆောင်တွင် ဆေးလည်းမသုတ်၊ ပြင်ဆင်ခြင်းလည်းပြုမထားသည့် အခန်းငယ်တစ်ခုရှိနေခြင်းပင်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အင်္ဂလိပ်လူမျိုးကျောင်းအုပ်ကြီးတစ်ဦး နေထိုင်ကွယ်လွန်ခဲ့သော ရုံးခန်း ဖြစ်သည်ဆို၏။ အထက(၂)ကျောင်းရှေ့တန်းစီကွင်းနေရာသည် ညီညာပြန့်ပြူးမှုမရှိ၊ မြေထိုးမြေညှိ ပြုလုပ်ပြီး ကွန်ကရစ်ခင်းတန်းစီကွင်းဖြစ်လာစေရန် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ကျောင်းများ ဆက်လက်ပြင်ဆင်တည်ဆောက်ပေးမည်

          ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဇွန်လ ၁ ရက်နေ့ ကျောင်းများဖွင့်လှစ်ချိန်တွင် အချိန်မီဖွင့်လှစ် နိုင်ရေးအတွက် ပျက်စီးသွားသော အမိုးအကာများအား ပြန်လည်ပြုပြင်ကြသည်။ ကျောင်း ဆိုင်းဘုတ်၊ အလံတိုင်များကအစ ကျောင်းခြံစည်းရိုးပြိုကျမှုများအပါအဝင် ရက်ပိုင်းအတွင်း ပြုပြင်နိုင်သမျှကို အချိန်လု၍ ပြင်ဆင်ခဲ့ကြသည်။ အဆောင်လိုက်ပြိုကျပျက်စီးမှုများကိုမူ ရန်ပုံငွေ လျာထားဆောင်ရွက်ရမည်။ သည့်အတွက် ကျောင်းဆောင်အခက်အခဲရှိလျှင် အချိန်ခွဲ၍ သင်ကြား ပေးခြင်း၊ ယာယီဖွင့်လှစ်သင်ကြားနိုင်မည့်နေရာများဖြစ်သည့် ကျေးရွာစာကြည့်တိုက်၊ စုဝေးခန်းမ စသည်တို့၌ သင်ကြားပေးခြင်းတို့ကို ကြိုတင်စီမံဆောင်ရွက်ထားပြီးဖြစ်ပါသည်။ ယာယီစာသင် ဆောင်အတွက် မြောက်ဦးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တည်ဆောက်ပေးထားသော မြစိမ်းရောင်စီမံကိန်းစုဝေးခန်းမဆောင်တစ်ခု ပါဝင်နေကြောင်း တွေ့ရသည်။

          အခြေခံပညာကျောင်းများ ပြန်လည်ပြုပြင်ပြီးစီးမှု၊ ပြုပြင်ဆဲနှင့် ပြုပြင်ရန် ကျန်အခြေအနေမှာ အထကကျောင်း ၄၈၇ ကျောင်းရှိသည့်အနက် ၂၈၄ ကျောင်း ထိခိုက်ပျက်စီးခဲ့ရာ၊ ၄၉ ကျောင်း ပြုပြင်ပြီး၊ ၂၃၅ ကျောင်း ပြုပြင်ဆဲဖြစ်သည်။ အလကကျောင်း ၁၁၇၁ ကျောင်းရှိသည့်အနက် ၅၉၃ ကျောင်း ထိခိုက်ပျက်စီးခဲ့ရာ၊ ၄၇ ကျောင်း ပြုပြင်ပြီး၊ ၄၆၁ ကျောင်းပြုပြင်ဆဲဖြစ်သည်။ ပြုပြင်ရန် ကျန် ၈၅ ကျောင်းဖြစ်သည်။ မူလတန်းကျောင်း ၁၅၃၅ ကျောင်းရှိသည့်အနက် ၅၀၇ ကျောင်း ထိခိုက်ပျက်စီးခဲ့ရာ ပြုပြင်ပြီး ၆၀၊ ပြုပြင်ဆဲ ၃၄၇၊ ပြုပြင်ရန်ကျန် ၁၀၀ ဖြစ်သည်။ သို့ဖြစ်၍ ရခိုင်ပြည်နယ်အတွင်း အခြေခံကျောင်းအားလုံးကို ခြုံငုံကြည့်ပါက ကျောင်းပေါင်း ၃၁၉၃၊ ထိခိုက်ပျက်စီးသည့်ကျောင်း ၁၃၈၄ ကျောင်း၊ ပြုပြင်ပြီး ၁၅၆ ကျောင်း၊ ပြုပြင်ဆဲ ၁၀၄၃ ကျောင်း၊ ပြုပြင်ရန် ကျန် ၁၈၅ ကျောင်း ဖြစ်ပါသည်။

ကျောင်းအပ်နှံပြီးစီးမှုအခြေအနေ

          ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်၌ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နှံပြီးစီးမှုအခြေ အနေမှာ အထက်တန်း ၄၇၇၈၃ ဦး၊ အလယ်တန်း ၉၄၉၇၄ ဦး၊ မူလတန်း ၂၉၄၄၉၆ ဦး၊ စုစုပေါင်း ၄၃၇၂၅၃ ဦးဖြစ်ပါသည်။ ပြီးခဲ့သည့်နှစ်၌ ရခိုင်ပြည်နယ်သည် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ရာခိုင်နှုန်း ၄၇ ရာခိုင်နှုန်းဖြင့် အောင်မြင်မှုသရဖူဆောင်ခဲ့ကြောင်းသိရသည်။ ယခုများမကြာမီ အချိန်၌လည်း သားငယ်သမီးငယ်များ၏ အောင်မြင်မှုသတင်းကောင်းများကို ကြားရလိမ့်မည်ဟု ယုံကြည်ပါသည်။ ဝတီလေးရပ်လုံးလည်း အေးချမ်းသာယာရှိကြပါစေ။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm