Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး


02 Oct,2024

နေပြည်တော် အောက်တိုဘာ ၂

      အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည်  ရှမ်းပြည်နယ်  အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက် သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောမြို့ မြို့မပရိယတ္တိ စာသင်တိုက်၌ ကလောမြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများနှင့် သွားရောက်တွေ့ဆုံ အားပေးရာ ပြည်ထောင်စုဝန်ကြီးက ကျေးရွာပြည်သူများအနေဖြင့် စိတ်ဓာတ်မကျရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးသင့်ဒေသအားလုံးတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် ထောက်ပံ့ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့ ဝန်ကြီးဌာန အနေဖြင့်လည်း ကျေးရွာချင်းဆက်လမ်း၊ တံတားများ၊ ကျေးရွာကုန်ထုတ်လမ်းနှင့် ကျေးလက် ရေပေးရေးလုပ်ငန်း ပျက်စီးမှုများကို သဘာဝဘေးလွန် ကာလတွင် အမြန်ဆုံး ပြန်လည်ပြုပြင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကိုလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အမြန်ဆုံး  ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း အားပေးစကားပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့က ကလောမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား၊ ဆန်၊ ဆီနှင့် စားသောက်ကုန် ပစ္စည်းများအား ထောက်ပံ့ပေးအပ်ပါသည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောမြို့ပေါ် ရပ်ကွက်များအား ရှမ်းပြည်နယ်အစိုးအဖွဲ့အစီစဉ်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေဖြန့်ဝေပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါ သည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် တောင်ကြီးမြို့နယ်၊ သံတဲကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ တောင်ကြီးမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံ နေကြာစိုက်တောင်သူများ တွေ့ဆုံရာ ပြည်နယ်သမဝါယမဦးစီးဌာန  ဦးစီးမှူးက ရှမ်းပြည်နယ် တောင်ပိုင်းအတွင်း သမဝါယမကဏ္ဍမှ ဆီထွက်သီးနှံ နေကြာတိုးချဲ့ထုတ်လုပ်နိုင်ရေးနှင့် သမဝါယမ အသင်းများမှ လျာထားစိုက်ဧက ပြည့်မီအောင် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မျိုးနှင့် သွင်းအားစု ရရှိရေးဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်း တင်ပြပါသည်။ ရှင်းလင်းတင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျော့ချရန်အတွက် ဆီထွက်သီးနှံ မြေပဲနှင့် နေကြာတိုးချဲ့စိုက်ပျိုးရန် နိုင်ငံတော်ဝန်ကြီးချုပ်မှ မူဝါဒလမ်းညွှန် ထားပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကဏ္ဍ အနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးသူများအား နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ထွက်ရှိလာသော သီးနှံများအား ဈေးကွက် ရရှိရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊  ဒါ့အပြင် သမဝါယမချေးငွေများ၊ မြစိမ်းရောင် (နေကြာ ဆီထွက်သီးနှံ) စီမံကိန်းမှ ချေးငွေများဖြင့် ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများက မျိုး၊ သွင်းအားစု ဓာတ်မြေဩဇာများကို အရည်အသွေးမှန်ကန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများ လက်ဝယ် အချိန်မီရောက်ရှိရေး စီမံဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ စီမံကိန်းအောင်မြင်စေရေး ဌာနဆိုင်ရာ ဝန်ထမ်းများမှ တောင်သူများ နားလည်အောင် စည်းရုံးဆွေးနွေးရမှာဖြစ်ကြောင်း၊ လိုအပ်သော နည်းပညာနှင့် ဝန်ဆောင်မှုများကို ပူးပေါင်းဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ကျေးရွာ တောင်သူများအနေဖြင့်လည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တို့က လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က တောင်ကြီးမြို့နယ်အတွင်း နေကြာစိုက် သမဝါယမအသင်း (၅)သင်း၊ အသင်းသားတောင်သူ (၁၅၆)ဦးတို့၏ စိုက်ပျိုးမြေဧက (၁၇၀၀)အတွက် ရေဆင်းစပ်မျိုး-၁ နေကြာမျိုးစေ့များ၊ သွင်းအားစု ဓါတ်မြေဩဇာများ၊ ရုရှားသဘာဝ ရွက်ဖြန်းဆေးရည်များအား အသင်းသားတောင်သူများထံသို့လည်းကောင်း၊ ခေတ်မီစံပြကျေးရွာ အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော တောင်ကြီးမြို့နယ်၊ မိုင်းသော်(အနောက်) ကျေးရွာအုပ်စု၊ ပန့်ပုန်းကျေးရွာအတွက် ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း (Smart Village) ရန်ပုံငွေကျပ်သိန်း(၄၀၀)နှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(RBF) ရန်ပုံငွေ ကျပ်သိန်း(၃၀၀)တို့ကို ကျေးရွာကော်မတီဝင်များထံသို့လည်းကောင်း အသီးသီးပေးအပ် ကြပါသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ရွှေမြို့ ရွှေရတုဆွမ်းစားကျောင်းတွင်ရောက်ရှိနေသောညောင်ရွှေမြို့နယ်အတွင်းမှ ရေဘေးသင့်ပြည်သူများ နှင့် သွားရောက်တွေ့ဆုံအားပေးရာ ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးကြောင့် ထိခိုက်ပျက်စီး ခဲ့သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ရေများကျဆင်းသွားပါက ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား (၆)လအတွင်း အပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူ များ အနေဖြင့် စိတ်ဓာတ်မကျဘဲ  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ချိန်တွင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း အားပေးစကားပြောကြားပြီးနောက် ရေဘေးသင့်ပြည်သူများ အတွက် ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ပါသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုပုံးမြို့နယ်၊ စံဖူး ကျေးရွာသို့ ‌ရောက်ရှိပြီး ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ အားပေးရာ ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကိုလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် လတ်တလောလမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရေး ကျေးရွာချင်းဆက် လမ်းတံတားများ၊ ကျေးရွာ ကုန်ထုတ် လမ်းများနှင့် သောက်သုံးရေရရှိရေးလုပ်ငန်း ပျက်စီးမှုများအား အမြန်ဆုံး ပြုပြင်ဆောင်ရွက် ပေးသွားရန် ဆွေးနွေးမှာကြားပြီးနောက် ကျေးရွာနေပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီးနောက် ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီနှင့် စားသောက်ကုန် ပစ္စည်းများအားလည်းကောင်း၊ ဟိုပုံးမြို့နယ်အတွင်း စံဖူးကျေးရွာအပါအဝင် ကျေးရွာ (၁၆)ရွာ၌ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ကျေးရွာရေပေးရေးလုပ်ငန်းများ ပြန်လည်ပြုပြင် ဆောင်ရွက်ရန်အတွက် ကျေးရွာ တစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၁၅၀)စီအားလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ပါသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုပုံးမြို့၌ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အမျိုးသမီးများအတွက် ဝင်ငွေ တိုးရေးဆောင်ရွက်မည့် လုပ်ငန်းအဖြစ်သင်တန်းသူ(၁၄)ဦးဖြင့် ဖွင့်လှစ်ပို့ချလျက်ရှိသော အခြေခံ စက်ချုပ်နည်းပညာသင်တန်းမှ သင်တန်းသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ သက်ဆိုင်ရာ တာဝန်ရှိသူများကသင်တန်းဖွင့်လှစ်ပို့ချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။  ရှင်းလင်း တင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် အိုးမကွာ၊ အိမ်မကွာဖြင့် မိသားစု  ဝင်ငွေတိုးပွားရေး ဆောင်ရွက်လိုသော အမျိုးသမီးများ၊ ပညာရေး ဆုံးခန်းတိုင်အောင် သင်ကြား နိုင်မှု မရှိခဲ့သည့် လူငယ်လူရွယ်များကို အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ကြား တတ်မြောက်စေပြီး ကိုယ်ပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင် အမှန်တကယ်ဝင်ရောက် လုပ်ကိုင်နိုင်ကာ ဝင်ငွေများရရှိစေရန် ရည်ရွယ်၍ အခြေခံစက်ချုပ် သင်တန်းများ အပါအဝင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပို့ချ ပေးလျက်၏ရှိပါကြောင်း၊ သင်တန်းပြီးဆုံးပါက အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လိုသူများကို လုပ်ငန်းသုံးပစ္စည်းများ မတည်ရင်းနှီးပေးမည်ဖြစ်ကြောင်း၊ ဒါ့အပြင် နိုင်ငံတော်အစိုးရမှ လူသား အရင်းအမြစ်များ မွေးထုတ်ပေးသည့် အနေဖြင့် ကျေးရွာများရှိ Grade-9 အောင်မြင်ပြီးသူများကို တောင်ကြီးမြို့ရှိ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်းများတွင် အခမဲ့ တက်ရောက် နိုင်ကြောင်း၊ အဆိုပါ သင်တန်းကျောင်း တက်ရောက်ပြီးပါက ထူးချွန်သူများ အနေဖြင့် သမဝါယမကောလိပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ဆက်လက်ပေါင်းကူး တက်ရောက်နိုင်မှာဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီးနောက်  ထူးချွန်သူ သင်တန်းသူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm