Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စုပေါင်းညီညွတ်ခြင်းအားဖြင့် လိုအပ်နေသောကွက်လပ်များ ဖြည့်ဆည်းပါ


14 Oct,2024

ခန့်ဇော်(ကျေးလက်)

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ Social Policy and Poverty Research Groupတို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့စစ်တမ်းအရ ဆင်းရဲတဲ့ပြည်သူတွေ၊ လုပ်ကွက်ငယ်တောင်သူ တွေဟာ ငွေကြေးအရင်းအနှီး လိုအပ်ကြောင်း၊ နည်းပညာလိုအပ်ကြောင်း တွေ့ရှိရပါတယ်။ အခြားစစ်တမ်းတွေမှာလည်း ဒီလိုပဲတွေ့ရတဲ့အတွက် လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ လက်ထက်မှာ သွင်းအားစုများထောက်ပံ့ပေးသည့်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းတွေကို ဆောင်ရွက် ပေးနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့ နိုင်ငံဖြစ်လို့ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍမှာ တောင်သူများရဲ့လိုအပ်ချက်ကို သိရှိပြီး ဖြည့် ဆည်းပေးနိုင်ဖို့ အလွန်အရေးကြီးပါတယ်။

တောင်သူများရဲ့ လိုအပ်ချက်

တကယ်ကတော့ တန်ဖိုးကွင်းဆက်တစ်လျှောက် ပါဝင်သူအားလုံးဟာ အရေးကြီးပါတယ်။ အခြေခံအကျဆုံး စိုက်ပျိုးထုတ်လုပ်သူများဟာ တောင်သူများဖြစ်ကြပါတယ်။ အထွက်တိုးဖို့ တောင်သူများအတွက် မျိုးကောင်းမျိုးသန့် ရဖို့လိုအပ်ပါတယ်။ သွင်းအားစု မြေဩဇာလိုအပ် ပါတယ်။ နည်းပညာတွေ လိုအပ်ပါတယ်။ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းတို့ကို သမားရိုးကျစနစ်မှ နည်းပညာ အသုံးပြုခြင်း၊ စက်မှုလယ်ယာစနစ်အသုံးပြု၍ စိုက်ပျိုးခြင်း၊ ထွန် ယက်ခြင်း၊ ရိတ်သိမ်းခြင်းတို့ကို ဆောင်ရွက်နိုင်မှ အချိန်ကုန်သက်သာပြီး နည်းစနစ်မှန်မှန်၊ အလေအလွင့်နည်းနည်းဖြင့် အရည်အသွေးပြည့်မီတဲ့သီးနှံများ စိုက်ပျိုးထုတ်လုပ်လာနိုင်မှာဖြစ် ပါတယ်။

သွင်းအားစုဖြစ်တဲ့ မျိုးနဲ့ မြေဩဇာအတွက် အရင်းအနှီးလိုအပ်ပါတယ်။ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းတို့အတွက် အရင်းအနှီးလိုပါတယ်။ နည်းပညာနှင့် အသိပညာလည်း လိုအပ်ပါတယ်။ လိုအပ်ချက်အားလုံး ပြည့်စုံအောင် ဆောင်ရွက်နိုင်မှ အထွက်တိုးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဈေးကောင်းရရှိမယ့် ဈေးကွက်ရှိဖို့လည်း လိုအပ်ပါတယ်။

ဘယ်သူတွေက ပံ့ပိုးပေးမှာလဲ

နိုင်ငံတော်အစိုးရအနေနဲ့ ဈေးကွက်စီးပွားရေးစနစ်မှာ ပုဂ္ဂလိကလုပ်ငန်းရှင်များ ရှင်သန် ဖွံ့ဖြိုးရပ်တည်နိုင်အောင် စီးပွားရေးဆိုင်ရာမူဝါဒများ ချမှတ်ပြီး ထိန်းကျောင်းပေးရပါတယ်။ ဆန်စက်များ၊ ဆီစက်များ၊ သိုလှောင်ရုံများစသည့် ကဏ္ဍအလိုက်ဆောင်ရွက်ရန်လိုအပ်သည့် Facility များကို ပုဂ္ဂလိကလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံပြီး ယင်းတို့အတွက်လိုအပ်သည့် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ နေကြာ၊ သား၊ ငါးစသောကုန်ကြမ်းများကို စိုက်ပျိုးမွေးမြူထုတ်လုပ်သူတောင်သူ များထံမှ ဝယ်ယူရတာဖြစ်လို့ ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့ တောင်သူများ အကျိုးတူပူးပေါင်း ဆောင်ရွက်လာကြပါတယ်။ ဒါဟာလည်း အစုအဖွဲ့စနစ်၊ ပူးပေါင်းဆောင်ရွက်တဲ့စနစ်ဖြစ်လို့ သမဝါယမစနစ်ပါပဲ။

တောင်သူများရဲ့လိုအပ်ချက်ဖြစ်သော ငွေကြေးအရင်းအနှီး၊ မျိုးနှင့် သွင်းအားစုများကို ပုဂ္ဂလိကလုပ်ငန်းရှင်များက ထောက်ပံ့ပေးပါတယ်။ စိုက်ပျိုးရေးဘဏ်မှလည်း နှစ်စဉ်သီးနှံအလိုက် စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင် အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း(MSY)၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF)တို့မှလည်း ငွေကြေးအရင်းအနှီး ရရှိ နိုင်ပါတယ်။ သမဝါယမအသင်းများထံမှလည်း မျိုး၊ သွင်းအားစုနှင့် အရင်းအနှီးရရှိနိုင်ပါတယ်။ MSME လုပ်ငန်း များအတွက် ပုဂ္ဂလိကချေးငွေနှင့် MSME ချေးငွေများ၊ အခြားချေးငွေများကနေ အရင်းအနှီး ရရှိ နိုင်ပါတယ်။

ကွက်လပ်ဖြည့်၊ ပေါင်းကူပေး

မြန်မာနိုင်ငံမှာ မိုးစပါးစိုက်ပျိုးဧက (၁၃၆,၁၉၂.၇၃)ဧက၊ နွေစပါးစိုက်ဧက (၄၅,၇၀၈)ဧက၊ ဆောင်းသီးနှံစိုက်ဧက (၁၁,၆၉၃.၇၂)ဧကခန့်ရတယ်လို့ သိရပါတယ်။ လိုအပ်ချက်ပမာဏ ကြီးမား တဲ့အတွက် အစိုးရချေးငွေတစ်ခုတည်းဖြင့် မလုံလောက်နိုင်ပါ။ ဒါ့ကြောင့် ပုဂ္ဂလိကကဏ္ဍရဲ့ရင်းနှီး မြှုပ်နှံမှုအခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ ပုဂ္ဂလိကကဏ္ဍအနေနဲ့က လိုအပ်တဲ့အရင်း အနှီးကို ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံတော်အစိုးရပိုင်ဘဏ်များထံမှ ရယူနိုင်ပါတယ်။ တောင်သူ များရဲ့ လိုအပ်ချက်များကို အစိုးရစိုက်ပျိုးရေးဘဏ်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ စီမံကိန်းများမှ ဖြည့် ဆည်းဆောင်ရွက်နေသလို လိုအပ်ချက်ရှိပြီးဝန်ဆောင်မှုမရရှိသောတောင်သူများကိုလည်း သမဝါယမစနစ်ဖြင့် စုဖွဲ့စေပြီး အရင်းအနှီးသွင်းအားစု၊ နည်းပညာ၊ ဈေးကွက်စသည့် လိုအပ်နေတဲ့ ကွက်လပ်များကို သမဝါယမကဏ္ဍကနေ တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ ပါတယ်။

ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့ အောက်ခြေအဆင့်အထိ တောင်သူပေါင်းများစွာနဲ့ ချိတ် ဆက်မိဖို့ဆိုတာ ခက်ပါတယ်။ ဒါ့ကြောင့် သမဝါယမဦးစီးဌာနအနေနဲ့ တောင်သူများကို အစုအဖွဲ့ ပုံစံဖြင့် ဖွဲ့စည်းဆောင်ရွက်ပေးပြီး ပုဂ္ဂလိကနဲ့ချိတ်ဆက်ပေးခြင်း၊ တောင်သူများကို သမဝါယမ အခြေခံအသင်းများ ဖွဲ့စည်းပေးခြင်းဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့ တောင်သူများအကြား ပေါင်း ကူး ချိတ်ဆက်ပေးတာဖြစ်ပါတယ်။

ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ဘယ်လိုကူညီမလဲ

ပုဂ္ဂလိကလုပ်ငန်းရှင်တွေအတွက် လုပ်သာကိုင်သာရှိတဲ့ စီးပွားရေးပတ်ဝန်းကျင်ကောင်း ဖြစ်အောင် ထိန်းကျောင်းပေးပြီး နိုင်ငံအတွက်အကျိုးရှိသလို လုပ်ငန်းရှင်အတွက်လည်း အကျိုးရှိ၊ ပြည်သူများအတွက်လည်း ကောင်းမွန်တဲ့ဝန်ဆောင်မှုများ ပေးစွမ်းနိုင်မယ့်မူဝါဒ၊ လမ်းညွှန်ချက် များ ချမှတ်ကူညီရမှာဖြစ်ပါတယ်။ သို့သော် ဒီနေရာမှာ မမျှော်မှန်းနိုင်တဲ့ကိစ္စရပ်တွေ၊ အခြေအနေ တွေဆိုတာ ရှိတတ်ပါတယ်။ ကြုံရတတ်ပါတယ်။ ဒီလိုအခြေအနေတွေမှာ အစိုးရဌာနများအနေနဲ့ ပုဂ္ဂလိကနဲ့ ညှိနှိုင်းဆောင်ရွက်ရတာတွေ၊ ပုဂ္ဂလိကမှတင်ပြလာတာတွေကို နားထောင်ပေးပြီး အခြေအနေတွေအရ ပြုပြင်ပြောင်းလဲဆောင်ရွက်ရတာတွေရှိနိုင်ပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင် များ အဆင်ပြေအောင်၊ လုပ်ငန်းစဉ်တွေ မြန်ဆန်အောင် အစိုးရဌာနများက Ease of doing business ဖြစ်အောင် ဆောင်ရွက်ပေးရပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်များကလည်း စားသုံးသူများ မထိခိုက်အောင်၊ စားသုံးသူကိုရှေးရှုရမည့်အပြင် ထိုက်သင့်တဲ့အကျိုးအမြတ်ရရှိသလို ဝန်ဆောင်မှု လည်းကောင်းအောင်၊  ဈေးနှုန်းလည်းသက်သာအောင် ဆောင်ရွက်ကြဖို့နဲ့ နားလည်မှုရှိဖို့ လိုအပ် ပါတယ်။ နိုင်ငံအတွက် အခက်အခဲကြုံနေချိန်မှာ မတော်လောဘများ မရှိဖို့၊ နိုင်ငံအတွက်၊ ပြည်သူ အတွက် အနစ်နာခံ ဆောင်ရွက်ကြဖို့ လိုပါတယ်။ နိုင်ငံတော်မှလည်း လုပ်သာကိုင်သာရှိသော Win Win Situation အခြေအနေ၊ မူဝါဒလမ်းညွှန်ချက်များ ပြောင်းလဲဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

တောင်သူတွေကို ဘယ်လိုကူညီကြမလဲ

တောင်သူတွေကိုတော့ အစိုးရဌာနများက ဝန်ဆောင်မှုပေးကြရမှာဖြစ်ပြီး ပုဂ္ဂလိက လုပ်ငန်းရှင်များနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မှုစနစ်(Contract Farming)လိုမျိုး ချိတ်ဆက် ကူညီပေးရမှာဖြစ်ပါတယ်။ ဘာတွေလိုအပ်သလဲဆိုရင် အသိပညာ၊ ဗဟုသုတ၊ အရင်းအနှီးတို့ပဲ ဖြစ်ပါတယ်။ ဘယ်လိုအရင်းအနှီးလဲဆိုရင် သွင်းအားစုအတွက်အရင်းအနှီး၊ စက်ပစ္စည်းအတွက် အရင်းအနှီးနဲ့ ဈေးကွက် ချိတ်ဆက်ပေးဖို့တို့ပဲ ဖြစ်ပါတယ်။ သက်ဆိုင်ရာဌာနများက နည်းပညာနဲ့ ဗဟုသုတကို တောင်သူများ နားလည်သိရှိလာအောင် ထပ်ကာထပ်ကာ ပညာပေးလုပ်ငန်းစဉ်များ လုပ်ပေးရပါမယ်။ လက်တွေ့လုပ်ဆောင်ပြရပါမယ်။ လက်တွေ့လုပ်ပြပြီး ၎င်းတို့အကျိုးရှိမှ လိုက် လုပ်ကြမှာဖြစ်ပါတယ်။ ငွေကြေးအရင်းအနှီးကို အစိုးရနှင့် ပုဂ္ဂလိကမှ မျှဝေတာဝန်ယူကြရ ပါတယ်။ ရာသီအလိုက် ပြန်ဆပ်နိုင်အောင်လည်း စီမံကြရပါမယ်။ တောင်သူတွေရဲ့စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်လာအောင်လည်း သင်ကြားပေးရပါမယ်။ စည်းရုံးရမယ်။ လမ်းပြကြရ ပါမယ်။ ချေးငွေဆိုတာ ဆပ်ရမယ်။ ကြေအောင်ဆပ်မှ တာဝန်ကျေတယ်။ တာဝန်ကျေတဲ့ နိုင်ငံသား ဖြစ်ရမယ်။ တာဝန် ကျေအောင်၊ ဂုဏ်ယူတတ်အောင်  လေ့ကျင့်သင်ကြားပေးရမယ်။

စက်မှုလယ်ယာဝန်ဆောင်မှုများကို ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အလယ်အလတ်လုပ်ငန်းရှင် များ၊ တောင်သူများကိုယ်တိုင် ရင်းနှီးမြှုပ်နှံပြီး တောင်သူများကို ဝန်ဆောင်မှုပေးနိုင်ရန် အစိုးရက မူဝါဒ ချမှတ်ဆောင်ရွက်သင့်ပါတယ်။ သိုလှောင်ရုံစနစ်များမှတစ်ဆင့် အရည်အသွေးအာမခံမှု ရှိသောဈေးကွက်ချိတ်ဆက်မှုများ ဆောင်ရွက်ပေးသင့်ပါတယ်။ ဈေးကွက်၊ နည်းပညာ၊ သွင်းအားစုနဲ့ ရောဂါကာကွယ်ရေးဆိုင်ရာသတင်းအချက်အလက်များ၊ ဝန်ဆောင်မှုများကို တောင်သူများ ရရှိအောင် ဆောင်ရွက်ပေးသင့်ပါတယ်။ လက်ရှိမှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက် နေတဲ့ ခေတ်မီစံပြကျေးရွာစီမံကိန်းရဲ့ Smart Village App မှာ ဒီသတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီပေးနိုင်ဖို့ စမ်းသပ်ဆောင်ရွက်နေပြီဖြစ် ပါတယ်။

အခြေခံအဆောက်အဦလိုအပ်ချက်

ကျေးရွာများသို့ ရောက်သွားလျှင် စိုက်ပျိုးရေး၊ မွေးမြူရေးထက် လမ်း၊ ရေ၊ မီး၊ စာသင်ကျောင်း၊ ဆေးခန်းစသည့် အခြေခံအဆောက်အအုံလိုအပ်ချက်များကိုသာ အများစု(၉၀%)ကျော်က တင်ပြ ကြတာတွေ့ရပါတယ်။ နိုင်ငံတော်ရဲ့ဘတ်ဂျက်အပေါ် မူတည်ပြီး ဌာနဆိုင်ရာများကလည်း နှစ်စဉ်၊ နှစ်လတ်၊ နှစ်ရှည်မျှော်မှန်းချက်များအရ လျာထားဆောင်ရွက်ပေးလျက်ရှိသော်လည်း လိုအပ် ချက်များ ရှိနေဆဲဖြစ်ပါတယ်။ တင်ပြချက်ကိုလိုက်၍ စာရေးသူတို့ဝန်ကြီးဌာနက ဆောင်ရွက်ပေး နိုင်သည်ကို ချက်ချင်းအဖြေပေး၊ ဖြေရှင်းဆောင်ရွက်ပေးနိုင်သော်လည်း အခြားဝန်ကြီးဌာနများနဲ့ ဆိုင်သည့်ကိစ္စရပ်များတွင်မူ ညှိနှိုင်းပေါင်းစပ်ပေးခြင်းကိုသာ ဆောင်ရွက်ပေးနိုင်ပါတယ်။ ဤသို့ ညှိနှိုင်းပေးခြင်း၊ ပေါင်းစပ်ပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းခြင်း များဖြင့် ပြေလည် သွားသည်များလည်း ရှိပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနများကလည်း လုပ်ပေးနိုင်မည့်အစီအစဉ် များကို ပြန်ကြားဖြေရှင်း ဆောင်ရွက်ပေးကြပါတယ်။ အခြေခံအဆောက်အဦ လိုအပ်ချက်နှင့် ပတ်သက်ပြီး အကြီးစားမဟုတ်ဘဲ ကျေးရွာအတွင်း ဆောင်ရွက်သည့် လမ်းများ၊ စာသင်ကျောင်း၊ ဆေးပေးခန်း ပြင်ဆင်ခြင်း၊ အဆောင်သစ်တိုးခဲ့ခြင်းများ၊ စာကြည့်တိုက်၊ ကျေးရွာခန်းမ တည် ဆောက်ခြင်း၊ ရွာတိုင်း၄၀၀ဗို့အားလိုင်းဆွဲခြင်း၊ ဓာတ်တိုင်များ အသစ်လဲလှယ်ခြင်း၊ မီးလင်းရေး လုပ်ငန်းဆောင်ရွက်ခြင်းတို့ကို ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (Village Development Plan-VDP) အစီအစဉ်ဖြင့် ကျေးရွာပြည်သူနှင့် ပူးပေါင်းဆောင်ရွက်တဲ့နည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်ပေးနေ ပါတယ်။

VDPစီမံကိန်းမှာ ကျေးရွာဖွံ့ဖြိုးရေးလိုအပ်ချက်ကို ကျေးရွာနေပြည်သူများကိုယ်တိုင် ပါဝင် ဖော်ထုတ်ပြီး စီမံချက်ရေးဆွဲကာ ဦးစားပေးကဏ္ဍအလိုက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကျေးရွာတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်လို့ ကျေးရွာမှရွေးချယ်တဲ့အခြေခံ အဆောက် အဦအသေးစားများကို ဆောင်ရွက်ပေးနိုင်ပါတယ်။ နိုင်ငံတော်ဘတ်ဂျက်လည်း ပါဝင်ပါတယ်။ ဒါဟာလည်း ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၊ ဌာနဆိုင်ရာနှင့် ပြည်သူတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုရလဒ်ပဲဖြစ်ပါတယ်။

ပူးပေါင်းဆောင်ရွက်ခြင်း

စိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံဖြစ်လို့ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးဖို့ အလွန်အရေးကြီးတဲ့ အတွက် တောင်သူများရဲ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာမှာ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ကြရပါတယ်။ ပုဂ္ဂလိကနဲ့ တောင်သူများ ပူးပေါင်းဆောင်ရွက်ရပါတယ်။ ပုဂ္ဂလိက အချင်းချင်း၊ တောင်သူများအချင်းချင်း၊ အစိုးရဌာနများ အချင်းချင်းပူးပေါင်းဆောင်ရွက်မှသာ လိုချင်တဲ့ရလဒ်ကို ရရှိမှာဖြစ်ပါတယ်။ လုပ်ငန်းစဉ်များ အဆင်ပြေ ချောမွေ့စေမှာဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်ရာမှာ အဆင်ပြေစေဖို့ ကဏ္ဍအလိုက် Focal တာဝန်ခံအဖြစ် တာဝန်ယူကြတဲ့ ဌာနများ၊ အဖွဲ့အစည်းများကဦးဆောင်ပြီး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရပါတယ်။

ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှု

ဒီလိုပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ထိရောက်အောင်မြင်တဲ့ပူးပေါင်းဆောင်ရွက်မှု၊ ရလဒ် ကောင်းတဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ပူးပေါင်းဆောင်ရွက်သူအားလုံး စိတ်ကျေနပ်မှုရရှိပြီး အပြု သဘောဆောင်တဲ့ပူးပေါင်းဆောင်ရွက်မှုမျိုးဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု  ရှိရမှာဖြစ်ပြီး အစိုးရဌာနများမှ တာဝန်ရှိသူဝန်ထမ်းများ၊ ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများ၊ တောင်သူများအားလုံးအနေနဲ့ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ကြရမည်ဖြစ်၍ စိတ်စေတနာနှင့် တာဝန်သိစိတ်အရ၊ နိုင်ငံချစ်စိတ်အရ၊ နိုင်ငံသားကောင်း စိတ်ဓာတ်အရ ပူးပေါင်းဆောင်ရွက်ရန် လိုက်နာဆောင်ရွက်ရမည့်၊ အလေးထားရမည့် စိတ်ဓာတ်များမှာ-

(က)  အပြုသဘောဆောင်ပူးပေါင်းဆောင်ရွက်မှု။     ။ အပြုသဘောဆောင်သည့် စိတ်ဖြင့် ပူးပေါင်းဆောင်ရွက်လို စိတ်ကို အရင်းခံရမည်။ ပြဿနာဖန်တီးလိုစိတ် မရှိရ။

(ခ )   လေးစားမှု။     ။ တစ်ဦးချင်းစီရဲ့ အမြင်၊ အယူအဆနှင့် အတွေ့အကြုံများကို လေးစားရပါမည်။

( ဂ )  နားထောင်ခြင်း။        ။ အခြားသူများရဲ့ထုတ်ဖော်ပြောဆိုချက်များကို တက်ကြွစွာ နားထောင်ခြင်း၊ သဘောထားကွဲလွဲချက်များကို နားလည်ရန် ကြိုးစားခြင်း။

(ဃ)  ပွင့်လင်းမြင်သာမှု။     ။ ဆောင်ရွက်မှုတိုင်းကို ပွင့်လင်းမြင်သာ ချပြနိုင်ရမယ်။ စစ်ဆေးခံနိုင်ရမယ်။ မျှဝေနိုင်ရမယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမယ်။

( င )  ယုံကြည်မှုနှင့် ယုံကြည်စိတ်ချမှု။      ။မိမိဆောင်ရွက်ချက်များကို ယုံကြည်မှု ရရှိ အောင် ကြိုးစားပြီး အခြားသူများကိုလည်း ယုံကြည်စိတ်ချရသောအဖွဲ့ဝင်များအဖြစ် ချီးမြှောက်ခြင်း။

( စ )  ဆက်သွယ်ပြောဆိုမှု ထိရောက်မှု။              ။ပူးပေါင်းဆောင်ရွက်မှုအတွက်အရေး ကြီးသောအကြောင်းအရာများကို ပွင့်လင်းချောမွေ့စွာ ဆက်သွယ်ပြောဆိုခြင်း။

(ဆ)  ရိုးသားမှု။       ။ မိမိရဲ့အမြင်နဲ့ယူဆချက်များကို ရိုးသားစွာဖော်ပြခြင်း၊ ဆောင်ရွက် မှုတိုင်း ရိုးသားမှုရှိခြင်း။

( ဇ )  တန်ဖိုးထားမှု။ ။ အခြားသူများရဲ့အထောက်အကူပြုမှုကို တန်ဖိုးထားခြင်း။ အပြန် အလှန် တန်ဖိုးထားဆက်ဆံခြင်း။

( ဈ ) ပြန်လည် အပြန်အလှန်တုံ့ပြန်မှု။      ။ အခက်အခဲရှိသည့်အခါတွင် သင့်တော်သော ပြန်လည်တုံ့ပြန်မှုများ ပြုလုပ်ခြင်း၊ အကူအညီပေးခြင်း၊ ပြဿနာဖြေရှင်းရာတွင် အတူတကွဆောင်ရွက်ခြင်း။

အကျိုးကျေးဇူးများ

လုပ်ငန်းနယ်ပယ်တူ၊ စိတ်တူကိုယ်တူများ ပူးပေါင်းဆောင်ရွက်ခြင်းဟာ သမဝါယမစနစ်ရဲ့ အခြေခံအကျဆုံးသဘောတရားဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုရဲ့အကျိုးကျေးဇူးများမှာ-

(က)  အသင်းသားတောင်သူများကို ဝန်ဆောင်မှု ပိုမိုပံ့ပိုးပေးနိုင်ခြင်း၊ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်း။

( ခ )  လိုအပ်သော အထောက်အပံ့၊ အကူအညီများကို ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်း များထဲမှ လွယ်ကူချောမွေ့စွာ ချိတ်ဆက်ရယူနိုင်ခြင်း။

( ဂ )  ငွေကြေးအရင်းအနှီး လိုအပ်ချက်ကို စုပေါင်းဖြည့်ဆည်းဆောင်ရွက်နိုင်ခြင်း။

(ဃ)  ဈေးကွက်ချိတ်ဆက်မှုသေချာစေခြင်း။စျေးနှိမ်/စျေးဖြတ်ခြင်းတို့မှ ကင်းဝေးစေခြင်း။

( င )  အကောင်အထည်ဖော်ဆောင်ရွက်မှုကောင်းမွန်ခြင်း၊အရည်အသွေးမြှင့်တင်နိုင်ခြင်း။

( စ )  ပြဿနာများကို ဖြေရှင်းပေးနိုင်ခြင်း။

(ဆ)  တီထွင်ဖန်တီးနိုင်စွမ်းမြှင့်တင်နိုင်ခြင်း။

( ဇ )  လုပ်ငန်းစဉ်များကို မြန်ဆန်သွက်လက် ချောမွေ့အောင် ဆောင်ရွက်နိုင်ခြင်း။

( ဈ ) သင်ယူလေ့လာနိုင်စွမ်း မြှင့်တင်နိုင်ခြင်း။

(ည)  သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများရဲ့ ရည်မှန်းချက်များ ထိရောက်အောင်မြင် ခြင်းတို့ပဲဖြစ်ပါတယ်။

နိုင်ငံတော်ကို တည်ဆောက်ရာတွင် နယ်ပယ်စုံမှာ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးမှာ၊ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများမှာ….ကဏ္ဍအသီးသီးမှာ အစိုးရဌာနဆိုင်ရာအချင်းချင်း၊ ပုဂ္ဂလိကကဏ္ဍ အချင်းချင်း၊ ပြည်သူများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြမှ၊ အစိုးရ၊ ပုဂ္ဂလိက၊ ပြည်သူတို့ ပူးပေါင်းဆောင်ရွက်ကြမှသာ အပြုသဘောဆောင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးဆီ ဦးတည် ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်ရေးကို တာဝန်တစ်ရပ်အနေနဲ့ သိရှိပြီး အသိ၊ သတိ၊ ဉာဏ်ပညာတို့ကိုအခြေခံ၍ ပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ နေရာမှာ လိုအပ်ချက်ကွက်လက်တွေကို ပကတိအတိုင်း သိမြင်နိုင်ဖို့လည်း ကြိုးစားကြရပါမယ်။ ဒါမှသာ အနာနဲ့ ဆေးတည့်ပြီး လိုလားချက် ပြည့်မြောက်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ အမိမြန်မာနိုင်ငံရဲ့အဓိကလိုအပ်နေတဲ့ကွက်လပ်တွေက ဘာတွေဖြစ်မလဲ။ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေး၊ စီးပွားရေးတိုးတက်မှု၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေး စတာတွေပဲပေါ့။ ဒီကွက်လပ်တွေကို ဘယ်လိုဖြည့်ဆည်းကြမလဲ။ နိုင်ငံကို ဖျက်ဆီးဖို့ ဝန်းရံနေတဲ့ ပြည်တွင်းပြည်ပရန်တွေကို ဘယ်လိုကာကွယ်တားဆီးကြမလဲ။ နိုင်ငံသားခံယူထားသူတိုင်း တာဝန်ရှိတာပေါ့။ အဖွဲ့အစည်းအားလုံးရဲ့ခေါင်းဆောင်များမှာ တာဝန် ရှိတာပေါ့။ နိုင်ငံသားတိုင်းမှာ ကိုယ့်နိုင်ငံ ပိုမိုကောင်းမွန် ဖွံ့ဖြိုးအောင် ကြိုးစားရမယ့်တာဝန် ရှိပါတယ်။ နိုင်ငံသားတစ်ဦးစီတိုင်း ထားရှိသင့်သောစိတ်ဓာတ်များကတော့-

          (က) တရားဥပဒေကို လေးစားလိုက်နာခြင်းနှင့် တရားမျှတမှုရှိခြင်း၊

          ( ခ )  မိမိရဲ့လုပ်ရပ်ဟာ နိုင်ငံနဲ့ပြည်သူအတွက်ဘေးအန္တရာယ်မဖြစ်စေရန်သေချာမှုရှိခြင်း၊

          ( ဂ )  ကောင်းမွန်တဲ့လူမှုဘဝအတွက် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာခြင်း၊

          (ဃ)  လူမှုအဖွဲ့အစည်းအတွင်း ကောင်းမွန်သောဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

          ( င )  နိုင်ငံရဲ့စီးပွားရေးနှင့် နိုင်ငံရေးတို့တွင် မိမိတာဝန်ရှိသောကဏ္ဍမှ ပညာပေးခြင်း၊ ပံ့ပိုး ပါဝင်ဆောင်ရွက်ခြင်း၊

          ( စ )  ကိုယ့်နိုင်ငံအပေါ် ချစ်ခင်မြတ်နိုးတန်ဖိုးထားခြင်း စသည်တို့ဖြစ်ပါတယ်။

          ဤသို့ ထားရှိသင့်တဲ့စိတ်ထားများရှိရမယ့်အပြင် မိမိကိုယ်တိုင်၊ မိမိရဲ့မိသားစု၊ မိမိအဖွဲ့ အစည်းနဲ့ မိမိနိုင်ငံအတွက် ကောင်းမွန်တိုးတက်စေသည်များ ဆောင်ရွက်ရန်၊ ဥပဒေစည်းမျဉ်း စည်းကမ်းများ လိုက်နာရန်၊ အခွန် ပေးဆောင်ရန်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်စေသောလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်၊ မဲပေးရန်၊ လူမှုဆက်ဆံ ရေးစည်းကမ်းများ လိုက်နာရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်နှင့် လိုအပ်ပါက နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပါဝင်ထမ်းရွက်ရန်စသည့်နိုင်ငံသားတာဝန်များကို နိုင်ငံသားတိုင်း သိရှိ လိုက်နာကြဖို့ လိုအပ်ပါတယ်။ နိုင်ငံ့သားကောင်း စိတ်ဓာတ်ရှိပြီး နိုင်ငံသားတာဝန် ကျေပွန်  ကြရင် ဘယ်လိုအခက်အခဲအကြပ်အတည်းကိုမဆို ကျော်လွှားနိုင်ပါတယ်။ လိုအပ်နေတဲ့ကွက်လပ် တွေကို နိုင်ငံကိုချစ်တဲ့ တိုင်းရင်းသားပြည်သူအားလုံးရဲ့စုပေါင်းအားဖြင့် ဖြည့်ဆည်းကြပါစို့။ စည်းလုံး ညီညွတ်ခြင်း“အား”ဖြင့် ဘေးအန္တရာယ်အပေါင်းကို စုပေါင်းကာကွယ်ကြပါစို့ဟု တိုက်တွန်းရင်း…။

 

 

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm