Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ခရိုင်ဦးစီးမှူးများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းသို့ တက်ရောက်မှာကြား


22 Oct,2024

နေပြည်တော် အောက်တိုဘာ ၂၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက် ဦးစီးဌာနများမှ ခရိုင်ဦးစီးမှူးများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၊ စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ခရိုင်ဦးစီးမှူးများ တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပြီး ချမှတ် ထားသော မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ လုပ်ငန်းများ လက်တွေ့ ဆောင်ရွက်ရာမှာ လုပ်ငန်းခွင်အတွင်း ရုံးလုပ်ငန်းများကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲ ဆောင်ရွက် တတ်စေရန်၊  လက်အောက်ဝန်ထမ်းငယ်များအပေါ် စီမံကြီးကြပ်ရာမှာ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ် များ ပိုမိုကောင်းမွန်လာစေရန်၊ ခေါင်းဆောင်မှုစွမ်းရည်များ ပိုမိုတိုးတက်မြင့်မားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ပါကြောင်း၊

ခရိုင်ဦးစီးမှူးများအနေနဲ့ အလယ်အလတ်အဆင့် အရာထမ်းများဖြစ်တဲ့အတွက် မိမိတို့ ဌာနအလိုက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အလွန်အရေးကြီးသော အခန်း ကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေကြတာကို သတိပြုမှတ်သားစေလိုကြောင်း၊ အဖွဲ့အစည်းများ အတွင်း မဖြစ်မနေ ဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းတစ်ရပ်မှာ လုပ်ငန်းစွမ်းဆောင်ရည် စီမံ ခန့်ခွဲမှုဖြစ်ပြီး စွမ်းဆောင်ရည်ပြည့်ဝသော ခေါင်းဆောင်ကောင်းများဖြစ်လာစေရေးအတွက် မိမိကိုယ်တိုင်သော်လည်းကောင်း၊ အဖွဲ့အစည်းအတွင်းသော်လည်းကောင်း အစဉ်အမြဲ ကြိုးစား အားထုတ်ကြရမှာ ဖြစ်ကြောင်း၊ ခေါင်းဆောင်ကောင်းတစ်ဦးအတွက် လိုက်နာကျင့်သုံးရမည့် အချက်များနဲ့ နည်းလမ်းများကို ရှာဖွေလေ့လာရမည်ဖြစ်ပြီး ကိုယ့်အဖွဲ့အစည်းအတွက် သင့်တော် မည့် အကောင်းဆုံးနည်းလမ်းများနဲ့အညီ ထိထိရောက်ရောက် ဆောင်ရွက်ပါက လုပ်ငန်းများ ပိုမို အောင်မြင်တိုးတက်လာမှာ ဖြစ်သည့်အတွက် ကြိုးစားလေ့လာ ဆောင်ရွက်ပေးကြဖို့ အထူးမှာကြား လိုကြောင်း၊ ဒါ့အပြင် လုပ်ငန်းများဆောင်ရွက်ရာမှာ စိတ်ကောင်း၊ စေတနာကောင်းများဖြင့် ပြည်သူကို အကျိုးပြုတဲ့ ဝန်ဆောင်မှုကောင်းများကိုလည်း ဆောင်ရွက်ပေးကြဖို့ အသိပေးပြောကြား လိုကြောင်း၊ စေတနာကောင်းရင် ကံကောင်းမည် ဖြစ်ကြောင်း၊ အလားတူလုပ်ငန်းများ ဆောင်ရွက် ရာမှာ ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေများနဲ့အညီ ဆောင်ရွက်ကြဖို့နဲ့ လူမှုပတ်ဝန်းကျင်အတွင်း ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေမယ့် ကိစ္စရပ်များ၊ အဂတိလိုက်စားမှုများ မရှိစေရေး သတိပြု ဆောင်ရွက်ကြဖို့ အထူးမှာကြားလိုကြောင်း၊

ယခုသင်တန်းမှာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာမှာ စီမံခန့်ခွဲရေး ပညာရပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ စစ်ဆေးကြီးကြပ် သုံးသပ် ရမည့် ကိစ္စရပ်များ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ၊ တင်ဒါဆိုင်ရာ သိသင့်သိထိုက်သည့် ကိစ္စရပ်များ၊ စာရင်းစစ်ကန့်ကွက်ချက်များ မရှိစေရေး စီမံခန့်ခွဲ ကြီးကြပ်ဆောင်ရွက်ရမယ့် ကိစ္စရပ်များ၊ အဂတိကင်းစင်စေရေးအတွက် ဆောင်ရန်၊ ရှောင်ရန် ကိစ္စရပ်များ ပို့ချပေးသွားမှာ ဖြစ်ကြောင်း၊

ဝန်ကြီးဌာနအောက် ဦးစီးဌာနများအနေဖြင့် နိုင်ငံတော်အစိုးရက ချမှတ်ထားတဲ့ စီးပွားရေးဦးတည်ချက်များနဲ့ ဝန်ကြီးဌာနကချမှတ်ထားတဲ့ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိကြောင်း၊ သမဝါယမဦးစီးဌာနအနေနဲ့ ကုန်ထုတ်၊ ကုန်သွယ်၊ ဝန်ဆောင်မှု လုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမကဏ္ဍမှ မိုးစပါးစီမံကိန်း၊ ဆောင်းဆီထွက်သီးနှံစီမံကိန်း၊ နွေစပါးစီမံကိန်း၊ ဝါသီးနှံ စိုက်ပျိုးရေးစီမံကိန်း၊ နို့စားနွားမွေးမြူရေးစီမံကိန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ကျေးလက်အဆောက်အအုံ၊ ရေရရှိရေး၊ မီးလင်းရေး၊ Smart Village စီမံကိန်း၊ စိုက်ပျိုးမွေးမြူရေးအတွက် ငွေကြေးအရင်းအနှီး မတည် ပေးတဲ့စီမံကိန်းများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းစီမံကိန်း အစရှိတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေနဲ့ MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် နည်းပညာပေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ သင်တန်း ဆင်းများအား အရင်းအနှီးမတည်ပေးခြင်း၊ မိသားစုဝင်ငွေတိုးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ လမ်း၊ တံတားများ ဖောက်လုပ် တည်ဆောက်ပေးလျက်ရှိပါကြောင်း၊

သင်တန်းသား၊ သင်တန်းသူ များအနေနဲ့ မိမိတို့တာဝန် ယူဆောင်ရွက်ရမယ့်လုပ်ငန်းများ အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ရာမှာ ဝန်ကြီးဌာနက ချမှတ်ထုတ်ပြန်ထားတဲ့ မူဝါဒ၊ လုပ်ငန်းစဉ်များ၊ တည်ဆဲ ဥပဒေများနှင့်အညီ ဆောင်ရွက်ကြစေလိုကြောင်း၊ သင်တန်းမှ သင်ကြားပို့ချမှုများကို သေချာ လေ့လာမှတ်သားပြီး အကျိုးရှိအောင် လက်တွေ့အသုံးချပြီး ဌာနအချင်းချင်း ပူးပေါင်းညှိနှိုင်း ချိတ်ဆက်ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးက ဝန်ကြီးဌာန ဖွဲ့စည်းပုံ၊ ရည်မှန်းချက် ရည်ရွယ်ချက်နှင့် ဝန်ကြီးဌာန တန်ဖိုးဆိုင်ရာများ ရှင်းလင်းဆွေးနွေးမှာကြားသည်။

ဆက်လက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များ ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

 

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm