Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“အဖိုးတန်သော အခမဲ့သင်တန်း”


16 May,2023

             မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ကြပြီး လူဦးရေ ၃၀ ရာခိုင် နှုန်းသည် မြို့ပြတွင် နေထိုင်ကြသည်။ မည်သည့် အရပ်ဒေသတွင် နေထိုင်ကြသူများဖြစ်စေ မိမိတို့၏ သား၊ သမီးများအား အတတ်ပညာနှင့်သက်ဆိုင်သည့် ပညာရပ်များအား စဉ်ဆက်မပြတ် သင်ကြားစေကြသည်။ အများဆုံးသင်ကြားစေသည့်သင်တန်းများမှာ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ် စကားပြောသင်တန်းများအပြင် ယခုခေတ်စားနေသည့် ဂျပန်နိုင်ငံသို့သွားရောက် အလုပ်လုပ်ကြရန် သင်ကြားသည့် ဂျပန်သင်တန်းပင်ဖြစ်သည်။ အဆိုပါသင်တန်းများသည် အခကြေးငွေမြင့်မားသော်လည်း မိမိတို့၏ သားသမီးများအတွက် အတတ်ပညာ တိုးပွားစေသည့်သင်တန်းများဖြစ်သောကြောင့် သင်ယူကြစေလိုသည်။ မိဘများက သားသမီးများအား ထိုသို့သင်တန်းတက်ခိုင်းစေသည့် ရည်ရွယ်ချက်များမှာ ကိုယ်ပိုင်ဘဝရပ်တည်၍ မိမိခြေထောက်ပေါ်ရပ်တည်စေရန်အတွက် လုပ်ငန်းခွင်သို့ဝင်ရောက်ရန် အထောက်အကူပြုစေလိုသည့်အတွက်ဖြစ်သည်။ မိဘများသတိမထားမိသည်မှာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဖွင့်လှစ်သည့် အခမဲ့ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (ပုံမှန်)နှင့်(ကာလတို) သင်တန်းများဖြစ်သည်။

          အထက်တွင် ရေးသားခဲ့သည့်အတိုင်း မိဘများသည် သားသမီးများ ကိုယ်ပိုင်ဘဝ ရပ်တည်၍ မိမိခြေထောက်ပေါ်ရပ်တည်သည့် လုပ်ငန်းခွင်သို့ဝင်ရောက်ရန် အထောက်အကူဖြစ်စေလိုကြသည်။ ဒီထက်ပို၍ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်ငယ်များဖြစ်လာစေလိုပါက အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားစေသည်က အဓိကအချက်ပင်ဖြစ်သည်မှာ မှန်ကန်သော ရွေးချယ်မှုဖြစ်သည်ကို သိစေလိုသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများ၏ ပညာရည်ဖွံ့ဖြိုးတိုးတက်မှုမှာ အရေ ကြီးလှပေသည်။ မြန်မာနိုင်ငံတွင် အသက် ၂၅ နှစ်အထက် ပြည်သူအများစု၏ ပညာအရည်အချင်းမှာ အလယ်တန်း ပညာအောက်၌သာရှိနေသည်ကို တွေ့ရသည်။ ထို့ကြောင့် ပြည်သူများ ပညာရေးဖွံ့ဖြိုး စေရေးမဖြစ်မနေ အားပေးမြှင့်တင်ကြရမည်ဖြစ်ပေသည်။

          ပြည်သူများဟုဆိုရာတွင် လူငယ်၊ လူရွယ် အမျိုးသား၊ အမျိုးသမီး၊ မျိုးဆက်သစ်လူငယ်များ အားလုံးပါဝင်သည်။ မျိုးဆက်သစ်လူငယ်များသည် နိုင်ငံ၏အင်အား၊ နိုင်ငံ၏စွမ်းအား၊ နိုင်ငံ၏ အရင်း အမြစ် များပင်ဖြစ်သည်။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှု များအတွက် အသင့်ဖြစ်နေစေရန် အသိပညာ၊ အတတ်ပညာရပ်များအပြင် အသက်မွေးဝမ်းကျောင်း ပညာရပ်များကိုပါ တတ်မြောက်ထားကြရန်အထူးလိုအပ်သည်ဟု သုံးသပ်မိပါသည်။

          အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုသည်မှာ မိမိတတ်မြောက်သည့် ပညာရပ်သည် ကိုယ်ပိုင် ဘဝရပ်တည်ရန်၊ မိသားစုဝင်ငွေရရှိရန်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်များထူထောင်ရန်တို့အတွက် လိုအပ်သည့် ဝင်ငွေရှာဖွေနိုင်သည့် ပညာရပ်ဖြစ်သည်။ သူနာပြုသင်တန်းကျောင်း၊ ဆရာအတတ်သင် သင်တန်းကျောင်း၊ စက်မှုနည်းပညာသင်တန်းကျောင်းများသည် လူအများစု၊ နယ်ပယ်စုံမှသိသော အသက်မွေးဝမ်းကျောင်းသင်တန်းများပင်ဖြစ်သည်။ အများပြည်သူများသိရန် လိုအပ်နေသည့် ပြည်သူ့ ဗဟိုပြု အခမဲ့ အသက်မွေးဝမ်းကျောင်းပညာသင်တန်းများအား နှစ်စဉ် စဉ်ဆက်မပြတ် ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ အပါအဝင်တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (၁၃) ကျောင်းတို့မှ နှစ်ရှည် (ပုံမှန်) သင်တန်းနှင့် ကာလတိုသင်တန်းများအဖြစ် သင်ကြားပေးလျက်ရှိပါသည်။

          လူအများစုသည် မိမိတို့၏ သား၊ သမီး၊ မိမိတို့ကိုယ်တိုင်တက်ရောက်နေသော သင်တန်းများသည် မည်ကဲ့သို့ အဆင့်မြင့်သည်၊ မည်မျှငွေကြေး သင်တန်းကြေးပေးရသည်ကို ကြွားဝါလိုကြသည်၊ ဂုဏ်ဖော်ပြောလိုကြသည်။ ကျွန်ုပ်တို့၏ သိပ္ပံနှင့်သင်တန်းကျောင်းမှ ဖြန့်ဝေသော အသက်မွေးဝမ်း ကျောင်းဆိုင်ရာသင်တန်းများသည် ရိုးရှင်း၍အဆင့်မြင့်သည်၊ တက်ရောက်သော သင်တန်းသား/သူ တိုင်း အမှန်တကယ်တတ်မြောက်ရေးကိုဦးတည်သည်၊ ပြည်သူကိုဗဟိုပြုသည်၊ အတန်းပညာဆုံးခန်းတိုင်အောင် မသင်ရသော မျိုးဆက်သစ်လူငယ်များအား ဦးတည်သည်၊ ဤသည်ကို သိပ္ပံနှင့်သင်တန်းကျောင်းများမှ သင်တန်းဆင်း၍ တစ်ပိုင်တစ်နိုင် လုပ်ငန်းထူထောင်လျက်ရှိသော လုပ်ငန်းရှင်များ၊ ပုံမှန်လုပ်ငန်းမှ တိုးချဲ့လုပ်ကိုင်လာနိုင်သည့် လုပ်ငန်းရှင်များမှ သက်သေထူနိုင်သည်။ သို့သော် အခကြေးငွေကောက်ခံခြင်း၊ ပေးသွင်းရခြင်းမရှိသည့် အဖိုးတန်သော အခမဲ့ သင်တန်းများ ဖြစ်သည်။ ထို့ကြောင့် လူအများ အထင်ကြီးခြင်းမခံရပေ။ ထိုကဲ့သို့ လုပ်ငန်းရှင်များအား နှစ်စဉ် ဆထက်တစ်ပိုး ပိုမိုတိုးပွားလာစေလိုသည်။

          သက်မွေးပညာရပ်နှင့် စပ်လျဉ်း၍ အရေးပါသော ကဏ္ဍဖြစ်ကြောင်း မြတ်ဗုဒ္ဓဟောကြားခဲ့သည့် သင်ကြားရေးမင်္ဂလာ(၄)ပါးတွင် အကြားအမြင်များခြင်း၊ စက်မှုလက်မှုအတတ်တတ်ခြင်း၊ ကျင့်ဝတ်ကိုနားလည်ခြင်း၊ အပြောအဆိုယဉ်ကျေးခြင်းတို့ဖြစ်သည်။ ဤအချက် (၄)ချက်အနက် စက်မှုလက်မှု အတတ်တတ်ခြင်းသည် အသက်မွေးဝမ်းကျောင်းပညာ တတ်မြောက်ခြင်းပင်ဖြစ်သည့်အတွက် မြတ်ဗုဒ္ဓဟောကြားတော်မူတဲ့ (၃၈) ဖြာမင်္ဂလာတရားတော်ကို ကျင့်သုံးလိုက်နာပါက လောကီကြီးပွား ချမ်းသာခြင်း အခြေအနေသို့ မုချမသွေရောက်မှာ မလွဲဖြစ်ပါသည်။ ၂၉-၃-၂၀၂၃ ရက်နေ့၊ နေပြည်တော် ပညာရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သည့် ပညာရေးညီလာခံ (၂၀၂၃) အကြိုညှိနှိုင်းအစည်းဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပညာသင်ယူမှု အခွင့်အလမ်းများ မြှင့်တင်ရေး၊ သက်မွေးပညာ စဉ်ဆက်မပြတ်သင်ယူလေ့ကျင့်ရေး၊ အတတ်ပညာရှင်များ မွေးထုတ်ရေး အစရှိသည့် အချက်များအား အခြေခံ၍ ဆွေးနွေးတင်ပြစေလိုကြောင်း သိရှိခဲ့ရပါသဖြင့် အသက်မွေးဝမ်းကျောင်း ကဏ္ဍသည် အရေးပါသော အခန်းကဏ္ဍတစ်ရပ်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုခြင်းဖြစ်သည်။

          ကျေးလက်၊ မြို့ပြ ခွဲခြားမှုမရှိစေဘဲ အတန်းပညာရပ်အား ဆုံးခန်းတိုင်အောင် မသင်ကြားနိုင်သည့် လူငယ်လူရွယ်များ ပညာသင်ယူမှုအခွင့်အလမ်းများမြှင့်တင်စေရေးအတွက် အသက်မွေးဝမ်း ကျောင်းဆိုင်ရာသင်တန်းကျောင်းများသည် အဓိကတက်ရောက်သင့်သည့် ပညာရပ်တစ်ခုပင် ဖြစ်သည်။ ပညာမရှိ သူ၏ ဝန်ထမ်းဆိုသည့် ရှေးစာဆိုအတိုင်း မဖြစ်စေရေး လူတိုင်း အသက်မွေးဝမ်းကျောင်းပညာတစ်ခုခုတတ်မြောက်သင့်သည်။ လူတိုင်းတွင် အသက်မွေးဝမ်းကျောင်းပညာတက်ရောက်ခွင့် အခွင့်အရေးရှိသည်။ ထိုအခွင့်အရေးအား အမိအရဖမ်းစုပ်နိုင်မှသာလျှင် ကိုယ်ပိုင်ဘဝ ရပ်တည်နေနိုင်မည်ဖြစ်သည်။ အသက်မွေးဝမ်းကျောင်းပညာရပ် တတ်မြောက် သည်ဆိုပါက သင်ယူရသည့် ပညာရပ်အား အမှန်တကယ်စိတ်ပါဝင်စားမှုရှိစွာ သင်ယူရမည်၊ အမှန်တကယ် တတ်မြောက်ရမည်၊ သင်ယူသည့် ပညာရပ်နှင့် ကိုယ်ပိုင်စိတ်ကူး ပေါင်းစပ်နိုင်ရမည်၊ သင်ယူပြီးသည့် ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်း အမှန်တကယ်ဆောင်ရွက်နိုင်ရမည်၊ တတ်မြောက်ထားသည့်ပညာရပ်ဖြင့် ကိုယ်ပိုင်ဘဝရပ်တည်နိုင်မည်ဖြစ်သည်။ မည်သည့်ပညာရပ်ကိုမဆို သင်ယူပါက စိတ်ပါဝင်စားမှု ရှိ/မရှိပေါ်မူတည်၍ ရလဒ်များ အမျိုးမျိုး ကွဲပြားနိုင်သည်ဖြစ်သဖြင့် မိမိကိုယ်တိုင်ပေါ်တွင် မူတည်ပါ သည်။

          လူ့ဘဝကိုနေရတယ်ဆိုတာ ခရီးသွားတစ်ယောက် လမ်းဆုံလမ်းခွရောက်နေခြင်းပင်၊ ရွေးချယ်စရာမျိုးစုံရှိနေပါသည်။ မှန်ကန်တဲ့လမ်းအားရွေးချယ်မိမှသာ မိမိလိုရာခရီးကို ရောက်နိုင်မည်ဖြစ်သည်။ လမ်းမှားရွေးချယ်မိပါက ဘဝတစ်ခုလမ်းဆုံးသွားနိုင်သည်။ မိမိစိတ်ကြိုက်လမ်းအား ရွေးချယ်ပိုင်ခွင့်ရှိသည်။  မည်သူမဆို အမျိုသား၊ အမျိုးသမီးတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်လာကြမည်ဖြစ်သည်။ ဖခင်ဖြစ်ပါက အိမ်ထောင်ဦးစီး၊ မိခင်ဖြစ်ပါက အိမ်ရှင်မ၊ သမီးအကြီးဖြစ်ပါက အမကြီးအမိရာ၊ သားအကြီး ဖြစ်ပါက အကိုကြီးအဖရာ ဖြစ်ကြရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ဦးဆောင်သူတစ်ဦးဖြစ်လာပါက မှန်ကန်သည့်လမ်းကြောင်း ရွေးချယ်ကြရန်သာလိုသည်။ ရှေးစာဆိုအရ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်သည်ဟူသော စာဆိုသည် မိမိကိုယ်တိုင်အတွက်၊ မိမိအား မှီခိုအား ကိုးရမည့်သူများအတွက် မိမိပတ်ဝန်းကျင်မှလူအများစုအတွက် ထောက်ပံ့ပေးနိုင်သည့် မှန်ကန်သည့် ဘဝလမ်းကြောင်း ရွေးချယ်မှုကိုဆိုလိုသည်၊ အိမ်သာမှသာလျှင် ဧည့်လာနိုင်မည်ဖြစ်ပါသည်။

          အမှန်တရား၏ တန်ဖိုးကို အမှားတွေ့မှသာ ရှာဖွေတွေ့ရှိနိုင်သည်။ စည်းကမ်း၏တန်ဖိုးကို တရားဥပဒေစိုးမိုးမှုမရှိ ပရမ်းပတာဖြစ်မှ သိမြင်လာသည့်ခါ ပြုပြင်ရန်အတော်နောက်ကျနေပေပြီ။ ကျန်းမာခြင်း၏တန်ဖိုးကို ရောဂါဖြစ်မှသိကြသည်။ လူပုံအလယ်မှာ အနှိမ်ခံမှ လူတန်းစေ့မနေရတော့မှ ပညာ၏တန်ဖိုး (အသိပညာ၊ အတတ်ပညာ)ကို သိကြမည်ဖြစ်သည်။ မည်သည့်တန်ဖိုးကိုမဆို အသိအမှတ်ပြုတတ်သူများသည် မိမိ၏တန်ဖိုးမြှင့်တင်သူသာဖြစ်သည်။ ထိုတန်ဖိုးရှိသည့် အဖိုးတန်လူတစ်ဦးဖြစ်စေရန် ယုံကြည်ချက်နှင့်အောင်မြင်မှုရှိရန် ကြိုးစားဆောင်ရွက်ရမည်။ အထက်ဖော်ပြပါအချက်များ ပြည့်စုံပြီး အောင်မြင်သော လူတစ်ဦးဖြစ်စေရန်အတွက် ကျား/မ၊ ဆင်းရဲ/ ချမ်းသာ၊ လူတန်းစားမရွေး တစ်ပြေးညီ အခွင့်အရေးရှိသည်။ ထိုအခွင့်အရေးအား အတန်းပညာဆုံးခန်းမတိုင်သော်လည်း အသက်မွေးဝမ်းကျောင်းပညာတတ်မြောက်ပါက ဆောင်ရွက်နိုင်သည်။

          ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းခြင်း၊ ခေတ်နှင့်လျော်ညီသည့် ပညာရပ်တစ်ခုဖြစ်ခြင်း၊ လက်တွေ့ နယ်ပယ်တွင် ဘဝရပ်တည်မှုအတွက် ပြန်လည်အသုံးချနိုင်ခြင်း၊ မိသားစုဝင်ငွေတိုးပွားနိုင်ခြင်း၊ တက်ရောက်သည့် အချိန်အလကားမဖြစ်စေခြင်းတို့အပြင် သင်တန်းကြေး အခမဲ့ ဖြစ်သည့် သင်တန်းများအား စိတ်ပါဝင်စားစွာ တက်ရောက်လိုပါက ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ၊ စစ်ကိုင်း-မန္တလေး လမ်းမကြီးဘေး၊ ရေတွင်းညီနောင်ရပ်ကွက်၊ အမရပူရမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ဖုန်း ၀၂-၄၀၇၀၄၂၈၊ ၀၂-၄၀၅၉၉၆၄၊ ၀၉-၄၄၄၀၀၆၁၇၂၊ ၀၉-၄၂၈၃၂၀၂၃၅၊ ၀၉-၄၀၂၅၇၃၉၁၈၊ ၀၉-၄၂၀၇၁၂၈၃၁ (သင်တန်းရေးရာ)တို့၌ သိလိုသည်များကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

          စားကောင်းသောက်ဖွယ် ထမင်းတစ်နပ်ကို မထင်မှတ်ဘဲ စားသောက်ရသည်ဆိုလျှင် မိမိချစ် ခင်သော မိဘ၊ သူငယ်ချင်း၊ ချစ်သူ စသည်တို့ကို စိတ်ထဲမှ ဖြတ်ခနဲ သတိရတတ်စမြဲ။ သူတို့ကိုပါ ဤဝိုင်းတွင်အတူပါဝင်စားစေချင်စမ်းပါဘိ။ လှပဆန်းကြယ်သော လက်ရာမြောက်လှသည့် ပန်းချီကား တစ်ချပ်ကို အနုလုံပဋိလုံကြည့်ရှုခံစားရင်းစိတ်တွင် ကြည်နူးနှစ်သက်သောပီတိကို တငြိမ့်ငြိမ့် အရသာ တွေ့မိသည်ဆိုပါစို့။ မိမိချစ်ခင်သော သူငယ်ချင်း၊ မိတ်ဆွေ၊ ဝါသနာတူနှင့် ချစ်ခင်သူစသည့်သူများကို အတူလာပြီးကြည့်ရှု့ခွင့်ရစေလိုသော ခံစားမှုမျိုးဖြင့် အသက်မွေးဝမ်းကျောင်းပညာရပ်အား အခမဲ့ တက်ရောက်နိုင်သည်ဟူသော အကြောင်းအား အဖိုးတန်သော အခမဲ့သင်တန်းများ ဟု အမည်ပေး၍ ရေးသားတင်ပြလိုက်ရပါသည်။

                   ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm