Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“ငွေတိုး စီမံကိန်းများကြောင့် ပြည်သူများ ဝင်ငွေတိုးတော့မည်”


20 Feb,2023

မောင်ကျော်မိုး (SSID)

မောင်တိုး ။   ။ အဘိုးရေ….အဘိုး၊ အဘိုးရေ….အဘိုး။

ဦးငွေ       ။   ။ ဟ ဘာလဲကွာ ရေးကြီးသုတ်ပြာနဲ့ ဘာလို့ အဆက်မပြတ်အော်ခေါ်နေရ   သလဲကွ။

မောင်တိုး ။   ။ အဘိုးရေ ကျွန်တော်ခုပဲပြန်လာတာ၊ အဘိုးအတွကစားစရာတွေလာ ပို့ရင်း သတင်းထူး တစ်ခုကြားလို့ အဘိုးကို လာပြောတာပါဗျ။ အဘိုးက ရှေးရှေးကတည်းက စာတတ်ပုဂ္ဂိုလ်လဲဖြစ်၊ ရွာကလည်း လေးစားရတဲ့သူ တစ်ယောက်မို့ပါဗျ။

ဦးငွေ       ။   ။ အေးပါကွ၊ ကိုယ့်အဘိုးကို အဲ့လောက်အမွှန်းတင်နေစရာ မလိုပါဘူးကွာ၊ ပြောစရာ ရှိတာသာပြောပါ။

မောင်တိုး ။   ။ ကျွန်တော် မြို့သွားတုန်းက မြို့ကလက်ဖက်ရည်ဆိုင်မှာ လူတွေ ပြောနေကြတာနားထောင်ကြည့်ရင်း ကြားခဲ့ရတာဗျ။ ခုတလော နိုင်ငံတော်ဝန်ကြီးချုပ်က MSME လုပ်ငန်းတွေ ဖွံ့ဖြိုးရေး ဆောင်ရွက်ဖို့ နိုင်ငံ့အနှံ့သွားရင်း လမ်းညွှန်မှုတွေ ပြုလုပ်နေတာ အဘိုးလည်း သိတယ် မဟုတ်လား။

ဦးငွေ       ။   ။ အေးလေတီဗွီတွေထဲမှာ နေ့တိုင်းနီးပါးတွေ့နေရတော့ ငါလည်း သိပြီးပါပြီ။

မောင်တိုး ။   ။ခုဟာက ပိုထူးတယ်အဘိုးရေ…. ကျွန်တော်တို့ရွာတွေမှာ ကိုယ့်အား ကိုယ်ကိုးနဲ့ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းလေးတွေ ရွာတိုင်း ရှိနေတာ အဘိုးလည်း သိနေတာပဲ။ အခုက အဲဒီလိုကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်အားကိုယ်ကိုး လုပ်နေကြတဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်း တွေကို ဖွံ့ဖြိုးတိုးတက်အောင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ကျေးရွာတစ်ရွာ ငွေကျပ် သိန်း၁၀၀ ထောက်ပံ့ကူညီ ပေးမယ့် အစီစဉ်ရှိတယ်လို့ ကြားလို့ဗျ။ ကျွန်တော်တို့ရွာက အသေးစား စက်မှုလက်မှု လုပ်ငန်းလုပ်နေသူတွေကို ရစေချင်လို့ပါ အဘိုးရ။

ဦးငွေ       ။   ။ အေးပါကွာ… ဒါဆိုမင်းက ပြည့်ပြည့်စုံစုံမေးခဲ့လို့လားကွ၊ မင်းကလည်း နိုင်ငံတော်က ကျေးရွာတိုင်း တစ်ရွာကို ငွေကျပ် သိန်း ၁၀၀ ဘယ်လိုလုပ် အလကားပေးနိုင်မှာလဲကွ။

မောင်တိုး ။   ။ ကျွန်တော်ကလည်း အဘိုးမြေးပါဗျ။ လ္ဘက်ရည်ဆိုင်က သတင်း ကြားကြားချင်း မြို့က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးမှာ သေသေချာချာမေးခဲ့တာပါ အဘိုးရ….

ဦးငွေ       ။   ။ အေး…..ဒါဆို အသေးစိတ် ပြောပြစမ်းပါအုံး..…

မောင်တိုး ။   ။ အဓိက ကတော့ကျေးရွာမှာ အသေးစားကုန်ထုတ်လုပ်ငန်း တကယ် လုပ်ကိုင် လိုတဲ့သူတွေကို ထောက်ပံ့ပေးမှာတဲ့။ ရွာအလိုက် အသေးစား ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်လိုသူတွေက အရင်ဆုံး အစုအဖွဲ့တွေဖွဲ့ရမယ်။ ပြီးရင် သူတို့လုပ်ချင်တဲ့ ကုန်ထုတ်လုပ်ငန်း အမျိုးအစားကို အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်တွေက နည်းပညာပေး သင်တန်းပို့ချပေးမယ်တဲ့။ ပို့ချပေးလို့ တက်မြောက် ကျွမ်းကျင်သွားရင် သူတို့လုပ်မယ့် လုပ်ငန်းအတွက် လိုအပ်မယ့် လုပ်ငန်းသုံးပစ္စည်းတွေကို လူတစ်ဦးကို ငွေကျပ် ၁၀ သိန်းနှုန်းနဲ့ ညီမျှတဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးမယ်။ သင်တန်းတက်တဲ့ သူတွေထဲက (၅)ဦး ကိုဘဲ ထောက်ပံ့ပေးမှာတဲ့ဗျ အဘိုးရ…

ဦးငွေ       ။   ။ ဟေ….ဒါဆို မင်းပြောတော့ တစ်ရွာကို ငွေကျပ် သိန်း ၁၀၀ ဆိုကွ၊ အခုက ငွေသိန်း ၅၀ ထဲ ပေးသလိုဖြစ်နေတယ်။

မောင်တိုး ။   ။ ဟာ.. အဘိုးကလည်း ဒါကို ကျွန်တော်သေချာရှင်းပြပါ့မယ်။ ကျန်တဲ့ ငွေသိန်း ၅၀ က သင်တန်းပေးရအုံးမှာလေ။ သင်တန်းကုန်ကျစရိတ်ကို ငွေကျပ် သိန်း ၅၀ လျာထားပါတယ်တဲ့။ သင်တန်းမှာ ကုန်ကြမ်းဝယ်တာတွေ အပါအဝင် အဲ့ဒီ သိန်း ၅၀ လုံးကို ရွာကဖွဲ့စည်းထားတဲ့အဖွဲ့ကပဲ ငွေစာရင်း စနစ်တကျ ရေးဆွဲပြီး ထိန်းသိမ်းသုံးစွဲရမှာတဲ့ အဘိုးရ၊ ဒါ့အပြင်သင်တန်းက တစ်ကြိမ်တည်းမဟုတ်ဘဲ ကုန်ထုတ်လုပ်တဲ့ နည်းပညာတွေ အပြင် ဈေးကွက်နဲ့ဆိုင်တာတွေ၊ အရည်သွေး ထိန်းသိမ်းနည်းတွေ၊ စားသုံးတဲ့သူတွေ ဘေးဥပဒ်အန္တရာယ် ကင်းရှင်းအောင် ဆောင်ရွက်ရမယ့်နည်းလမ်းတွေကို ဆိုင်ရာဘာသာရပ် အလိုက် ကျွမ်းကျင်ပညာရှင် ဆရာ ဆရာမတွေက လာသင်ပေးအုံးမှာတဲ့ အဘိုးရ…

ဦးငွေ       ။   ။ ဟေ……..ဒါဆို အသေးစားကုန်ထုတ်လုပ်သူတွေအတွက် ဘာလိုဦးတော့မလဲ ကွ၊ အတော်ဟန်ကျတာဘဲ။

မောင်တိုး ။   ။ ဟုတ်တယ်အဘိုးရေ… နည်းပညာလည်းစနစ်တကျ သင်ခွင့်ရမယ်။ သင်တန်း ပြီးရင် ရင်းနှီးပစ္စည်းတွေလည်းရမယ်ဆိုတော့ လုပ်ငန်း လုပ်လိုတဲ့ သူတွေအတွက် ရေကန်အသင့် ကြာအသင့်”  ပဲပေါ့ အဘိုးရေ။ ဒါတင်မဟုတ်ဘဲနဲ့ ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းတွေ ရောင်းချဖို့ အတွက်လည်း ဓာတ်ခွဲစမ်းသပ်ပေးတာတွေ၊ မြို့က Super Market ကြီးတွေမှာတင်ပြီး ရောင်းချဖို့အတွက် လုပ်ငန်းမှတ်ပုံတင်လုပ်ပေးတာ တွေလည်း ဌာနက ကူညီဆောင်ရွက်ပေးအုံးမှာတဲ့ဗျ။ ဒါ့ပြင် အခါ အားလျော်စွာလုပ်တဲ့ အသေးစားထုတ်ကုန်ပစ္စည်း ဈေးရောင်းပွဲတော် တွေမှာလဲ အခမဲ့ကြော်ငြာပြီး ရောင်းချခွင့် ပေးအုံး မှာတဲ့ အဘိုးရေ….

ဦးငွေ       ။   ။ အေး.... ဒါဆိုရင် MSME လုပ်ငန်းလုပ်လိုတဲ့ တို့ရွာကသူတွေကို ကြိုပြီး အသိပေးအုံးမှာပေါ့ မောင်တိုးရေ….

မောင်တိုး ။   ။ အဲဒါကြောင့် အဘိုးကို ပြေးပြီးလာပြောရတာပေါ့ အဘိုးရာ…..

ဦးငွေ       ။   ။ အေးပါကွာ ငါ့မြေးရာ… မင်းလိုလူငယ်တွေ တို့ရွာမှာအများကြီး လိုအပ်တယ်ကွ၊ ဒါနဲ့ ငါတို့နိုင်ငံမှာ ကျေးရွာပေါင်း ၆၄၀၀၀ ကျော် ရှိတယ်ဆိုတော့ ရွာတိုင်းရမှာလားကွ မောင်တိုးရ။

မောင်တိုး ။   ။ အဲဒါပြောမလို့ အဘိုးရေ… ရွာတိုင်းမရဘူးတဲ့… တကယ်လုပ်ငန်း ထူထောင် လိုတဲ့ရွာတွေထဲက ရွာပေါင်း ၁၅၅ ရွာတည်း ရမှာတဲ့၊ ရှေ့ပြေး စမ်းသပ်စီမံကိန်းဆိုလား တဲ့ဗျာ။

ဦးငွေ       ။   ။ အော်..အဲလိုလားကွ၊ ဒါဆို တို့ရွာမှာ အဲဒီ “ငွေတိုး” (Ngwe Toe) စီမံကိန်းလုပ်လို့ရအောင် ရွာကသူတွေကို ညကျစုပြီး ရှင်းပြလိုက်မယ်ကွာ သူတို့တကယ်လုပ်ချင်တယ်ဆိုရင်တော့ ငါလည်းရွာထဲက လူကြီးအချို့ ခေါ်ပြီး မင်းနဲ့အတူ မြို့ကို တက်ရတော့မှာပဲ။ အသေးစားဌာနက လူကြီးတွေကို အမြန်သွားတွေ့ပြီး မြန်မြန်ကြိုတင်စီစဉ်မှ မောင်တိုးရေ။ တော်ကြာ ငါတို့ရွာဖွံ့ဖြိုးဖို့ အဓိကလိုအပ်တဲ့ အသေးစားကုန်ထုတ် လုပ်ငန်းတွေအတွက် အကူအညီပေးတာ “ပေးကားပေး၏မရ” ဖြစ်နေ လိမ့်မယ်။

                  မောင်တိုး     ။        ။ ဟုတ်ပါ့ အဘိုးရေ… အမြန်ဆုံး စီစဉ်ကြရအောင်ဗျ မဝေးတော့တဲ့ အနာဂတ်မှာ အသေးစားကုန်ထုတ်လုပ်ငန်းတွေ ဖွံ့ဖြိုးမှုကနေ နိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုးမှုဆီသို့ ဦးတည်နေပါပြီလော။ 

(၁၉-၂-၂၀၂၃)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးဖြစ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm