Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာ မွမ်းမံ(TဝT)သင်တန်းဆင်းပွဲကျင်းပ


17 Jul,2024

နေပြည်တော်၊ ဇူလိုင် ၁၇

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ဇူလိုင်လ ၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ (၁၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာမွမ်းမံ(TဝT)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပသည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ ဦးစီးဌာနအနေဖြင့် ဆင်းရဲမှုလျော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ တစ်ဦးချင်းဝင်ငွေတိုးပွားရေးတို့အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အရည်အချင်းပြည့်ဝသော သင်တန်းနည်းပြများ ထွက်ပေါ်လာစေရန် ယခုကဲ့သို့ Training of Trainers (TဝT) သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း။

          ယခုဆိုလျှင် ဌာနအနေဖြင့် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ၎င်းစီမံကိန်းလုပ်ငန်းများမှ သင်တန်းဆင်းများအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်ကြမည်ဖြစ်ပြီး  လုပ်ငန်းများ ထူထောင်ရာတွင် လုပ်ငန်းကျွမ်းကျင်မှုသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ ထို့ကြောင့် စီမံကိန်းလုပ်ငန်းများမှ သင်တန်းသားများကို သင်ကြားပို့ချပေးရမည့် နည်းပြများ၏ အရည်အချင်းသည်လည်း စွမ်းဆောင်ရည်ပြည့်ဝနေရန် လိုအပ်ကြောင်း၊ နည်းပြများအနေဖြင့် ယခုသင်တန်းမှ ပို့ချပေးလိုက်သော ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာနေကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်း လက်မှတ်များနှင့် သင်တန်းထူးချွန်ဆုတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

          အဆိုပါ သင်တန်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးများ၊ ခရိုင်ရုံးများမှ မော်တော်ဆိုင်ကယ်နှင့်ပတ်သက်၍ အခြေခံတတ်မြောက်ထားသည့် နည်းပြဝန်ထမ်း (၁၄)ဦးအား အင်ဂျင်အမျိုးအစားခွဲခြားခြင်း၊ အင်ဂျင်ဆိုင်ရာ စက်မှုအခေါ်အဝေါ်များ၊ အင်ဂျင် အခြေခံသဘောတရား၊ ပြစ်ချက်ရှာဖွေခြင်းနှင့် ဖြေရှင်းနည်း အပါအဝင် ဘာသာရပ် (၁၃)မျိုးကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm