နေပြည်တော် ဒီဇင်ဘာ ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တိုင်း ဒေသကြီးသယံဇာတရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း နို့စားနွားမွေးမြူရေး လုပ်ငန်းများ ပိုမိုအောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ်၊ မြောင်းတကာရေကျော် ကျေးရွာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် ဆိုင်ကယ်ပြင် သင်တန်းဆင်းပြီးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးထားသော သင်တန်းသားတစ်ဦး၏ ရွှေညီကို ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း များ စဉ်ဆက်မပြတ်လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော အရင်းအနှီးများ ထောက်ပံ့ ပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်မှ လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ်၊ ယင်းတိုက်ပင်ကျေးရွာ အုပ်စု၊ ရေကျော်ကျေးရွာရှိ ဇင်ယော်နို့စားနွားမွေးမြူရေးသမဝါယမအသင်းသို့ သွားရောက်ပြီး အသင်းသား ဦးရေ (၁၀)ဦးဖြင့် နို့စားနွားကောင်ရေ (၁၀၀)မွေးမြူထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီးနောက် ကျေးရွာယာယီရှင်းလင်းဆောင်၌ နို့စားနွားမွေးမြူသူအသင်းသားများ၊ နွေစပါးစိုက်တောင်သူများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဦးစီးမှူးက တိုင်းဒေသကြီးအတွင်း သမဝါယမကဏ္ဍဖြင့် နို့စားနွားမွေးမြူထားရှိမှု အခြေအနေများ၊ နွေစပါး စိုက်ပျိုးမည့် အခြေအနေများ၊ မျိုးနှင့်သွင်းအားစု ထောက်ပံ့ပေးမှု အခြေအနေများကို ရှင်းလင်း တင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နို့စားနွားမွေးမြူသူများ အနေဖြင့် နို့နှင့် နို့ထွက် ပစ္စည်းများကို တန်ဖိုးမြှင့်စားသောက်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နို့စားနွားများ မွေးမြူရာတွင် မိရိုးဖလာစနစ် မွေးမြူခြင်း ထက် စနစ်ကျနသည့် မွေးမြူခြင်းစနစ်ဖြင့် မွေးမြူကြရန်နှင့် လိုအပ်သည့် ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံကြရန်လိုအပ်ကြောင်း၊ အစာအတွက်နေဗီယာမြက်မျိုးများ စိုက်ရန်လိုအပ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် သမဝါယမအသင်းရန်ပုံငွေများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများဖြင့် လိုအပ်သည့် မျိုး၊ အစာနှင့် ခြံတည်ဆောက်ခြင်းများအတွက် ပံပိုးဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ်လုပ်ငန်းလုပ်ကိုင် လိုသူများ၊ လုပ်ငန်းအမျိုး အစားတူညီသူများ စိတ်တူကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ၊ ဖွဲ့စည်းပေးပြီး အသင်းသားတောင်သူများ၏ အဓိကလိုအပ်သော မျိုးကောင်းမျိုးသန့် များရရှိရေး၊ သွင်းအားစုပံ့ပိုးပေးနိုင်ရေး ထွက်ရှိလာသော သီးနှံများကို ဈေးကွက်ခိုင်မာမှုရရှိရေး လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လည်း နွေစပါးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် လိုအပ်သည့် သွင်းအားစုများ အချိန်မီ ရရှိရေးဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တောင်သူများအနေဖြင့်လည်း အနည်းဆုံး နှစ်သီး စိုက်ပျိုးနိုင်ရေး အချိန်မီရိတ်သိမ်းထွန်ယက်ဆောင်ရွက်နိုင်မှ နောက်ထပ်တစ်သီး စိုက်ပျိုးနိုင်မှာ ဖြစ်ပြီး စက်ယန္တရားများ အသုံးပြုထွန်ယက်စိုက်ပျိုးရိတ်သိမ်းကြရန် လိုအပ်ကြောင်း၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများနှင့် သမဝါယမ ချေးငွေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကြေပေးသွင်း ကြရန် လိုအပ်ကြောင်းပြောကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးသံယံဇာတရေးရာဝန်ကြီးတို့က မှော်ဘီ ခရိုင်အတွင်းရှိ မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့မှ သမဝါယမအသင်း (၁၀)သင်းမှ အသင်းသားတောင်သူဦးရေ (၁၈၇)ဦးတို့၏ စိုက်ပျိုးမြေ (၂၅၅၁)ဧကအတွက် GW-11 နွေစပါး မျိုးစေ့များအားလည်းကောင်း၊ ယူရီးယား၊ ကွန်ပေါင်း၊ သဘာဝမြေဩဇာ စုစုပေါင်း (၃၄၀၅)အိတ် အားလည်းကောင်း အသင်းသား တောင်သူများထံ ထောက်ပံ့ပေးအပ်ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက မှော်ဘီမြို့နယ်၊ ထိန်စွန်းကျေးရွာ သို့ သွားရောက်ပြီး ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်သည့် ဟင်းသီးဟင်းရွက် စိုက်ခင်းများ၊ ပန်းစိုက်စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးပြီးနောက် ကျေးရွာကော်မီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ထိန်စွန်းကျေးရွာ ဆိုင်ရာအချက်အလက်များနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာသူကျေးရွာသားအားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဆောင်ရွက်ကြရန်နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားပြီးနောက် ကျေးရွာအတွင်းကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ထားရှိမှု အခြေအနေများ ကိုကြည့်ရှုစစ်ဆေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ်၊ ရဲစုကျေးရွာ၌ ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF)ရန်ပုံငွေဖြင့် အစုအဖွဲ့စနစ်ဖြင့် မွေးမြူထားသော နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက မျိုးကောင်းမျိုးသန့်ရရှိရေး၊ မျိုးစပ်နိုင်ရေးတို့အတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထွက်ရှိလာသော နွားနို့များ ဈေးကွက်ရရှိရေး ချိတ်ဆက်ပေးခြင်းတို့ကို သမဝါယမအသင်းများ၊ အစုအဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တိရစ္ဆာန် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လက်ရှိ မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသူ များ၏ လိုအပ်ချက်များကို ပံ့ပိုးပေးပြီး တိုးချဲ့ မွေးမြူခြင်းကို ဦးစားပေး ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး အသင်းသား တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လှည်းကူးမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဦးစီးဌာန အချင်းချင်း အချိတ်ဆက်မိမိ ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိလုပ်ငန်းတာဝန်များကို စေတနာထားလုပ်ဆောင်ကြရန်နှင့် နိုင်ငံတော်အပေါ် သစ္စာရှိရန်နှင့် ပြည်သူအကျိုးပြု လုပ်ငန်းများအား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများ၏တင်ပြ ချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှည်းကူးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာ ၅ ရွာ၊ အိမ်ခြေ ၃၁၀၀ ကျော်၊ လူဦးရေ ၁၂၃၃၄ ဦးတို့ကို အကျိုးပြုပေးနိုင်မည့် မင်းကုန်း- ဝါးယားကုန်းကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ဆောလျင်စွာပြီးစီးရေး သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ကြရန်နှင့် ကျေးရွာလမ်း ကော်မတီဝင်များနှင့် ဒေသခံပြည်သူအားလုံးမှ လမ်းရေရှည်ကောင်းမွန်စေရေး ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများအား ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှည်းကူးမြို့နယ်ရှိ သမဝါယမကောလိပ် (ဖောင်ကြီး)သို့ ရှောက်ရှိပြီး ကျောင်းသားကျောင်းသူများ စာသင်ကြားနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ဆရာမကြီးမှ သင်တန်းများဖွင့်လှစ်သင်ကြား ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဟာအရေးကြီးပါကြောင်း၊ ပျော်ရွှင်အေးချမ်းစွာ ပညာ သင်ကြားကြပြီး စာကြိုးစားကြရန်မှာကြားလိုပါကြောင်း၊ ကောလိပ်၏ ဂုဏ်ကိုဆောင်နိုင်သည့် စည်းကမ်းရှိသော ကျောင်းသား ကျောင်းသူများ၊ နိုင်ငံ့သားကောင်းရတနာများ ဖြစ်အောင် ကြိုးစား ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့ပြီး ဆရာဆရာများ၊ ကျောင်းသားကျောင်းသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် ဗဟိုသမဝါယမအသင်းပိုင် မြေနေပေါ်တွင် ဟင်းသီးဟင်းရွက်နှင့် နှစ်ရှည်သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် မြေပြုပြင် ဆောင်ရွက်နေမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေရရှိရေး ပေါင်းစပ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်