Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပျော်ဘွယ်၊ ကျောက်ဆည် ဒေသများ၌ ဝါနှင့် နေကြာ စိုက်ပျိုးရေးလုပ်ငန်းများ ကြည့်ရှု


26 Dec,2024

နေပြည်တော် ဒီဇင်ဘာ ၂၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်သို့ သွားရောက်ကာ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်မှစ၍ (၅) နှစ် စီမံကိန်းဖြင့် ခေတ်မီစံပြကျေးရွာ (Smart Village) ဆောင်ရွက် နေသော မင်းလှသာစည်ကျေးရွာ၌ ကျေးရွာသူကျေးရွာသားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စီမံကိန်းကာလအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများ အချိန်နှင့်တပြေးညီ ပြီးစီးရေး၊ ကျေးရွာသူကျေးရွာသားများ၏ လူမှုစီးပွားဘဝ မြင့်မားရေးအတွက် ဆီထွက်သီးနှံများ အပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ကြရေး မှာကြားသည်။

ဆက်လက်၍ ကျေးရွာအဝင်လမ်းပေါ်ရှိ ပေ (၃၀) တံတား ပြန်လည်ပြုပြင်တည်ဆောက်ပေး ရေး၊ တောင်သူ ဒေါ်ခင်သန်းမြင့်၏ ဆီထွက်သီးနှံ နေကြာစိုက်ဧက (၅) ဧက စိုက်ပျိုးရေရရှိရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးခဲ့သည်။

ယင်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အဆိုပါစံပြကျေးရွာတွင် အသေး စားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် အခြေခံနှင့် မွမ်းမံအပ်ချုပ်သင်တန်း တက်ရောက်ခဲ့သော သင်တန်းသူများအား တွေ့ဆုံမှာကြားပြီး ၎င်းတို့၏ သင်တန်းဆင်းလက်ရာများကို လိုက်လံကြည့်ရှု အားပေးခဲ့သည်။

၎င်းစံပြကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်စီးပွား မြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း RBF ရန်ပုံငွေ ကျပ်သိန်း (၃၀၀) ဖြင့် အစုအဖွဲ့ (၄) ဖွဲ့ ဖွဲ့စည်း၍ ဒေသနွားမျိုးနှင့် ဆိတ်မျိုးများ မွေးမြူလျက်ရှိရာ ဒုတိယဝန်ကြီးသည် ဆိတ်မွေးမြူရေးအစုအဖွဲ့ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့သည်။ ဆက်လက်ပြီး ခေတ်မီစံပြကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့ သော ကျေးရွာတွင်း ကွန်ကရစ်လမ်း ပေ (၆၀၀) ပြီးစီးမှုကိုလည်းကောင်း၊ ကျေးရွာသောက်သုံးရေ ရရှိရေးအတွက် ဆိုလာစနစ်သုံး စက်ရေတွင်းတူးဖော်ပြီးစီးမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဖက်တောကျေးရွာသို့သွားရောက်ပြီး ရှင်သန်ခြင်း လယ်ယာ နှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံကာ ဝါမျိုးကောင်း မျိုးသန့်များနှင့် သွင်းအားစုများ တောင်သူလက်ဝယ်သို့ အချိန်မီရရှိရေး၊ အဆင့်မီဝါများ ခူးဆွတ်နိုင် ရေး တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် အသင်းသားတောင်သူ ဒေါ်တာတာမိုး၏ B-31 ဝါမျိုး (၃) ဧက စိုက်ပျိုးထားမှုအား ကြည့်ရှုကာ ၎င်းစိုက်ခင်းမှ (၆) ကြိမ် ဆွတ်ခူးအပြီး ၄၁၃ ပိဿာ ထွက်ရှိမှု၊  နောင်ဆက်လက်ခူးဆွတ်ရာ၌ ပိဿာ ၇၀၀ မျှော်မှန်းထားရှိမှုတို့အပေါ် လိုအပ်သည်များ ညှိနှိုင်း မှာကြားခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ရန်အောင်ကျေးရွာသို့ သွားရောက်၍ TBL-9 ကုမ္ပဏီနှင့် သမဝါယမအသင်းသားတောင်သူများ ပူးပေါင်းလျက် မတ်ပဲမျိုးစေ့များ ထုတ်လုပ်နေမှုတင်ပြခြင်း အပေါ် ဒုတိယဝန်ကြီးက မတ်ပဲအပြင် ဆီထွက်သီးနှံ နေကြာ၊ မြေပဲ၊ နှမ်း မျိုးကောင်းမျိုးသန့် များလည်း ထုတ်လုပ်ပေးရေး၊ စက်မှုသီးနှံ ဝါမျိုးများ ထုတ်လုပ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားရန် မှာကြားပြီး ကုန်ထုတ်လမ်း ဖောက်လုပ်ပေးရန် တင်ပြချက်နှင့် စပ်လျဉ်း၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဖောက်လုပ်ပေးခဲ့သော ကျီနီစံပြကျေးရွာနှင့် ဟင်းခွက်အိုင် ကျေးရွာချင်းဆက်လမ်း အရှည် (၂) ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျီနီရွာ၏ မိရိုးဖလာလုပ်ငန်းတစ်ခုဖြစ်သော သံရည်ကျို ပုံသွင်းလုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင် ဦးစိန်လွင်၏ အလုပ်ရုံသို့ သွားရောက်ကြည့်ရှု လေ့လာသည်။ အဆိုပါလုပ်ငန်းမှာ သဲဖြင့် မိုပုံစံရယူပြီး စက်ရက်ကန်းသုံးပစ္စည်းများကို ပုံသွင်း ထုတ်လုပ်၍ သဲတော၊ ဝမ်းတွင်းဒေသရှိ ရက်ကန်းရုံများနှင့် ဈေးကွက်ရယူချိတ်ဆက် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့နယ်၊ ဒွေးလှကျေးရွာသို့ သွားရောက်ပြီး နေကြာစိုက်သမဝါယမအသင်းသားတောင်သူများနှင့်တွေ့ဆုံကာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၆) ခုတို့၌ (၁၁၆,၅၀၀) ဧက စိုက်ပျိုးလျက်ရှိရာ ရေဆင်းစပ်မျိုး-၁ နေကြာမျိုးများ လုံလောက်စွာ ရရှိရေး၊ သွင်းအားစုများ အချိန်မီအသုံးပြုနိုင်ရေး၊ ထွက်ရှိလာသော နေကြာများကို သမဝါယမပိုင် ဆီစက် များနှင့် ပုဂ္ဂလိကပိုင်ဆီစက်များတွင် ကြိတ်ခွဲပြီး ဒေသတွင်းစားသုံးဆီဖူလုံရန် ဖြန့်ဖြူးရောင်းချသွား ရေးတို့အတွက် သမဝါယမစနစ်၊ သမဝါယမအသင်းစုပိုင် ငွေများဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ရုရှားရွက်ဖျန်း သဘာဝမြေဩဇာကို မျိုးစေ့စိမ် သည်မှစ၍ အသုံးပြုစိုက်ပျိုးထားသော တစ်ဆက်တစ်စပ်တည်း ရေဆင်းစပ်မျိုး-၁ နေကြာစိုက်ဧက (၁၀) စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် အမရပူရမြို့နယ်သို့ သွားရောက်ပြီး အမရပူရမြို့နယ် သမဝါယမအသင်းစု၊ အောင်သဇင် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းနှင့် အောင်နိုင် သစ္စာကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ တန် (၆၀) ကျ ခေတ်မီအဆင့်မြင့်ဆန်စက် တည်ဆောက်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်