နေပြည်တော် ဇူလိုင် ၁၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ၏ “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း”များအတွက် စီမံကိန်းလုပ်ငန်းတာဝန် ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများနှင့် သင်တန်းနည်းပြများ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ စီမံကိန်းဆောင်ရွက်မည့် ဝန်ထမ်းများ၊ ကျေးရွာအဖွဲ့ခေါင်းဆောင်များ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီး ဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများသည် စီးပွားရေးဦးတည်ချက်တွင်ပါဝင်သော “တိုးတက် ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဆိုသည့်အချက်ကို များစွာအထောက်အကူပြု ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နည်းပညာအသုံးပြုမှုနှင့် ဆန်းသစ်တီထွင်ဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ MSME အများစုသည် နိုင်ငံတကာကုန်သွယ်ရေးဆိုင်ရာ အတွေ့အကြုံ ဗဟုသုတ နည်းပါးခြင်း၊ လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ အကျိုးကျေးဇူးများရယူရန် ဗဟုသုတ နည်းပါးခြင်း၊ ခေတ်မီထုတ်လုပ်မှုစနစ်များကို အသုံးပြုနိုင်ရန်အတွက် MSME များ၏ အရည်အသွေး မြှင့်တင်ရန် လိုအပ်ခြင်း၊ လိုအပ်သောနည်းပညာနှင့် စက်ပစ္စည်းများ ဝယ်ယူအဆင့်မြှင့်တင်ရန် အတွက် ရင်းနှီးငွေလုံလောက်မှု မရှိခြင်းများကြောင့် မြန်မာ့ MSME များ၏ ထုတ်ကုန်များသည် အခြားသော ကမ္ဘာ့နိုင်ငံများ၊ အာဆီယံနိုင်ငံများက ထုတ်ကုန်များနှင့် ယှဉ်ပြိုင်နိုင်စွမ်း နည်းပါးပြီး ဈေးကွက်ထိုးဖောက်နိုင်မှု မရှိကြောင်းကို တွေ့ရပါကြောင်း၊ MSME လုပ်ငန်းများသည် နိုင်ငံ့ စီးပွားရေးလုပ်ငန်း အားလုံး၏ ၉၉% ရှိသောကြောင့် မြန်မာနိုင်ငံ၏ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် ဒေသတွင်း ပေါများစွာထွက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း၊ ဒေသ တွင်းမှ ထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်မည်ဆိုပါက သယ်ယူပို့ဆောင်စရိတ် သက်သာခြင်း၊ ပြည်သူများ သက်သာသောနှုန်းထားဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး နိုင်ငံခြားမှ တင်သွင်းမှု လျှော့ချနိုင်မှာဖြစ်သောကြောင့် ပြည်တွင်းကုန်ဈေးနှုန်းလည်း ကျဆင်းသွားမည် ဖြစ်ပါကြောင်း၊ ယခုစီမံကိန်းကို ယခင်နှစ်ကလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်၍ တွေ့ကြုံခဲ့ရသည့် အခက်အခဲ၊ အားနည်းချက်၊ အားသာချက်များအပေါ် အခြေခံပြီး လိုအပ်ချက်များမရှိအောင် ပြင်ဆင် ဆောင်ရွက်သွားကြရန်နှင့် စီမံကိန်းလုပ်ငန်းကို အဓိက တာဝန်ယူဆောင်ရွက်ကြမယ့် တိုင်းဒေ သကြီး/ ပြည်နယ်အသီးသီးမှ စီမံကိန်း လုပ်ငန်းတာဝန်ခံများအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက် ကြမည့် စီမံကိန်းလုပ်ငန်းများကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ မိမိတို့ လုပ်ငန်းထူထောင်ပေးလိုက်သော လုပ်ငန်းရှင်များ၏ လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ပြီး တိုးတက်အောင်မြင်မှုရှိအောင် စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့် ကူညီပေးရန်နှင့် လုပ်ငန်း ထူထောင်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သော ဈေးကွက်ရရှိရေး၊ လုပ်ငန်းများ ထပ်မံတိုးချဲ့ နိုင်ရေးတို့အတွက် MSME ချေးငွေနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေတို့မှ ချေးငွေရရှိရေးကိုလည်း ပေါင်းစပ်ဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြည်ထောင်စုနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသ ကြီး၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးများကိုလည်းကောင်း၊ အမြဲတမ်အတွင်းဝန် ဦးခန့်ဇော်က ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ဦးစီးမှူးများကိုလည်းကောင်း စီမံကိန်းလုပ်ငန်း တာဝန်များ အသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ စီမံကိန်းဆောင်ရွက်မည့် ဝန်ထမ်းများ၊ ကျေးရွာအဖွဲ့ခေါင်းဆောင်များနှင့် သင်တန်းနည်းပြများသည် ယနေ့နေ့လည်ပိုင်းတွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဗုဒ္ဓဂယာနှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်