Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နေပြည်တော်ကောင်စီနယ်မြေအတွင်း သမဝါယမစနစ် ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး


15 Jul,2024

နေပြည်တော် ဇူလိုင် ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယ ဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ တက်ရှိန်းကျေးရွာအုပ်စု၊ တက်ရှိန်းကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအုပ်စု (၈) ခုအတွင်းရှိ ကျေးရွာ (၁၄) ရွာမှ စိုက်ဧက ပေါင်း (၁၅၈၃) ဧကတွင် မြေပဲ (၂၂၉)ဧက၊ နှမ်း (၃၆၈)ဧကနှင့် နေကြာ (၄၈) ဧက စိုက်ပျိုးနေသည့် သမဝါယမအသင်း(၁၆)သင်းမှ အသင်းသားတောင်သူများ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် တွေ့ဆုံရာတွင် သမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူးက သမဝါယမစနစ်ဖြင့် ဆောင်ရွက်နေ သော ဆီထွက်သီးနှံစိုက်ပျိုးရေး လုပ်ငန်းအခြေအနေများ ရှင်းလင်းတင်ပြသည်။

ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပမှတင်သွင်းမှု လျှော့ချနိုင်ရေး၊ ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးတို့ အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေး လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေး နှင့် တောင်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရေးတို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစား တူညီသူများ စိတ်တူကိုယ်တူဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်း များ ဖွဲ့စည်းပေးပြီး အသင်းသားတောင်သူများ၏ အဓိကလိုအပ်သော မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ စိုက်ပျိုးမြေ စနစ်တကျပြုပြင်နိုင်ရေး၊ သွင်းအားစုများ ပံ့ပိုးပေးနိုင်ရေး၊ စိုက်ပျိုးရေရရှိရေး၊ ထွက်ရှိလာသော သီးနှံများနှင့် မွေးမြူရေးထုတ်ကုန်များ ဈေးကွက်ခိုင်မာမှုရရှိရေးတို့ကို လုပ်ဆောင် ပေးလျက် ရှိပါကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့်လည်း ဈေးနှုန်းသက်သာပြီး အရည်အသွေးမှန်ကန်သော မျိုးနှင့် သွင်းအားစု ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများအား တောင်သူများလက်ဝယ် စိုက်ပျိုးချိန်အမှီ ရရှိရေး ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တောင်သူများအနေဖြင့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ခဲ့သည့် သွင်းအားစုနှင့် ညီမျှသောငွေများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများနှင့်  သမဝါယမ  Exim Bank ချေးငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကြေပေးသွင်းကြရန် လိုအပ် ကြောင်း၊ ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများအပြင် စက်မှုကုန်ကြမ်းသီးနှံ ဝါစိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ရေးအတွက်လည်း ပံ့ပိုးဆောင်ရွက်လျက် ရှိပါကြောင်း၊ သီးနှံများရဲ့ ပန်းတိုင် အထွက်နှုန်း ရရှိရေး၊ အရည်အသွေးပြည့်ဝသော သီးနှံများရရှိရေးအတွက် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရန်၊ သွင်းအားစုများ စနစ်တကျထည့်သွင်းရန်၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာ အသုံးပြုလျက် သတ်မှတ်ကောက်ကွက်ပြည့်မီအောင် စိုက်ပျိုးကြရန်၊ ကြဲပက်အစား တိုက်ရိုက် အစေ့ချစက်များ အသုံးပြုစိုက်ပျိုးရန်နှင့် တစ်နှစ် ၂သီးစိုက်ပျိုးနိုင်ရန် ဆောင်ရွက်ကြစေလိုကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ ဒေသနဲ့ကိုက်ညီသော ဈေးကွက်ရှိသော မွေးမြူရေးလုပ်ငန်းများကို အစု အဖွဲ့စနစ်ဖြင့် ဆောင်ရွက်ပါက လိုအပ်သည့် မျိုး၊ အရင်းအနှီးများ ရရှိရေး ပံ့ပိုးဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ တောင်သူများ၏ မိသားစုဝင်ငွေတိုးပွားရေးအတွက် တောင်သူများကိုယ်တိုင် ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆီထွက် သီးနှံကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိရေး၊ ဈေးကွက်ရရှိရေးတို့အတွက် နေပြည်တော်ကောင်စီ အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေးလုပ်ငန်းရှင်များအသင်းနှင့် အိမ်ရှင်မ ဆီစက်လုပ်ငန်းတို့ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်ရန် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး သမဝါယမအသင်းသားတောင်သူများ၊ ဒေသခံပြည်သူများ၏ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေစွမ်းအား စိုက်ပျိုးရေးနှင့်အထွေထွေ စီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးဇော်မင်းလွင်၏ တွန်းနနီ မြေပဲ (၄) ဧက စိုက်ပျိုးထားမှုအားလည်းကောင်း၊ အသင်းသားတောင်သူများနှင့် ဒေသခံတောင်သူများ စိုက်ပျိုး ထားသော ဆီထွက်သီးနှံစိုက်ခင်းများအားလည်းကောင်း၊ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm