Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး ကျောက်ဆည်မြို့နယ် ဝါ၊ နေကြာစိုက် တောင်သူများနှင့်တွေ့ဆုံ


29 Oct,2024

နေပြည်တော် အောက်တိုဘာ ၂၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်း က တာဝန်ရှိသူများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဖျောက်ဆိပ်ပင် ကျေးရွာသို့ သွားရောက်ပြီး ဖျောက်ဆိပ်ပင် လယ်ယာနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်း၊ မှိုင်းပန် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၊ ကလေး လယ်ယာနှင့်အထွေထွေ စီးပွားရေး သမဝါယမအသင်းတို့မှ အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ကျောက်ဆည်မြို့နယ်အတွင်း သမဝါယမအသင်းများ၏ မိုးဝါ (၁၁၅၆) ဧကတွင် B-31 မျိုးနှင့် Raka-666 မျိုး စိုက်ပျိုးနေမှုများကိုလည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး သမဝါယမအသင်းစုချုပ်က ဝါမျိုးများ၊ သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာများကို သီးနှံပေါ် ပေးစနစ်ဖြင့် ကူညီထောက်ပံ့ပေးမှုကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ပန်းတိုင် အထွက်နှုန်းရရှိရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးကြရေး တိုက်တွန်းမှာကြားသည်။

ယင်းနောက် ယခုစိုက်ပျိုးရာသီတွင် ဒုတိယကြိမ်အဖြစ် ခူးဆွတ်နေကြသော တောင်သူ ဦးမြင့်ဇော်သိန်း၏ (၅) ဧက စိုက်ခင်းကိုလည်းကောင်း၊ တောင်သူ ဦးမောင်ချစ်၏ (၅) ဧကကို လည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့သည်။

၎င်းနောက် Good Brother၊ စမ်းဝတီ၊ ဆင်နှစ်ကောင်ကုမ္ပဏီများက ပံ့ပိုးပေးနေသော ကွန်ပေါင်း ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများကို လိုက်လံ ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ရေကြည်ကျေးရွာသို့ သွားရောက်၍ ရေကြည်စိုက်ပျိုးရေး နှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးကျော်လင်း၏ မြေ (၇) ဧကတွင် ရေဆင်း (၁) စပ်မျိုးနေကြာ ရက် (၂၀) သား စိုက်ခင်းကို အားပေးကြည့်ရှုသည်။ ထို့နောက်  သမဝါယမ အသင်းသားနေကြာစိုက်တောင်သူများနှင့် တွေ့ဆုံရာတွင် ရေဆင်း(၁)စပ်မျိုးနှင့် ဓာတ်မြေဩဇာ၊ ရွက်ဖျန်းမြေဩဇာ၊ သဘာဝမြေဩဇာများ ကူညီပံ့ပိုးပေးနိုင်ရေးအတွက် စိုက်ပျိုးရေးသမဝါယမအသင်း များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ပန်းတိုင်အထွက်နှုန်းရရှိရေး လက်တွဲဆောင်ရွက်ကြစေလိုကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်းပညာနှင့်ပတ်သက်၍ အခက်အခဲများရှိပါကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း မှာကြားသည်။ ယင်းနောက် စိုက်ပျိုးရန်မြေပြုပြင်နေဆဲ တောင်သူများအတွက် ရေဆင်း (၁) စပ်မျိုးနေကြာများကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဖျောက်ဆိပ်ပင်ကျေးရွာရှိ ဦးဝင်းခိုင်နှင့် ဒေါ်ခင်တို့၏ ဝါကြိတ် ဝါဖိစက်ရုံသို့ သွားရောက်ကာ မိုးဝါ ဝယ်ယူရရှိကြိတ်ခွဲမှုအခြေအနေ၊ ဝါဈေးနှုန်းတို့ကို မေးမြန်းလေ့လာ ကြည့်ရှုခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မြင်စိုင်းကျေးရွာသို့ သွားရောက်ပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေ တိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် မုန့်ဖုတ်နည်းသင်တန်း တက်ရောက်ပြီး ကိုယ်ပိုင်လုပ်ငန်း ထူထောင်နေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဝင်ငွေရရှိမှုူအခြေအနေ၊ လုပ်ငန်းပိုမိုအောင်မြင်ရေး အတွက် ကူညီပံ့ပိုးဆောင်ရွက်ပေးရမည့်အခြေအနေများကို မေးမြန်းကာ ကျေးရွာသူကျေးရွာသား များ၏ ဖွံ့ဖြိုးရေးလိုအပ်ချက်များ တင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဟံမြင့်မိုရ်ကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်စီးပွားမြင့်မားရေး RBF ရန်ပုံငွေဖြင့် ဒေသနွား မွေးမြူရေး လုပ်ငန်းကို အစုအဖွဲ့ (၄) ဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဟံမြင့်မိုရ် ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ စက်မှုသီးနှံ ဝါ တိုးချဲ့ စိုက်ပျိုးရေး၊ ဆီထွက်သီးနှံနေကြာကို ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးရေး တိုက်တွန်း မှာကြားပြီး ကျေးရွာ၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ငါးလုံကုန်းကျေးရွာသို့ သွားရောက်ပြီး ၂၀၂၄-၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာအဝင်လမ်း အရှည် (၄) ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm