Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


25 Oct,2024

နေပြည်တော် အောက်တိုဘာ ၂၅

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ဝါသီးနှံစိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် တပ်ကုန်းမြို့နယ်၊ မြောက်မြိုက်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဝါစိုက်တောင်သူများ၊ မတ်ပဲစိုက်တောင်သူ၊ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံရာ ပြည်ထောင်စု နယ်မြေ နေပြည်တော်သမဝါယမဦးစီးဌာန ဦးစီးမှူးက တပ်ကုန်းမြို့နယ်အတွင်း မိုးဝါသီးနှံ စိုက်ပျိုးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ မတ်ပဲစိုက်တောင်သူများအတွက်  သီးနှံပေါ်ပေး စနစ်ဖြင့် မျိုးကောင်းမျိုးသန့် ထောက်ပံ့ပေးမှု အခြေအနေများ၊ စမ်းဝတီ မွေးမြူရေးနှင့် သဘာဝမြေ ဩဇာထုတ်လုပ်ရေးသမဝါယမအသင်းမှ နေကြာစိုက်တောင်သူများအား စမ်းဝတီသဘာဝမြေဩဇာ လှူဒါန်းမှုအခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက ဝါစိုက်တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန်အတွက် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဝါသီးနှံ အထွက်တိုးရေး လုပ်ငန်း များကို မိုးကြိုစ၍ မိုးဝါ၊ မိုးနှောင်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဝါများစိုက်ပျိုးရာတွင် အမှန်တကယ်တွေ့ကြုံရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်းတင်ပြကြစေလိုကြောင်း၊ သတ်မှတ်ထားသည့် ပန်းတိုင်အထွက်နှုန်းများအတိုင်း ထွက်ရှိမှု ရှိ၊ မရှိ မှန်မှန်ကန်ကန်တင်ပြကြစေလိုကြောင်း၊ သတ်မှတ်ပန်းတိုင်အထွက်နှုန်း မထွက် ရှိပါက မည်သည့်အတွက် မထွက်ရှိသည်ကို အဖြေရှာပြီး နောက်တစ်ကြိမ် ပြန်လည်စိုက်ပျိုးပါက အဆိုပါ အားနည်ချက်များကို ပြင်ဆင်စိုက်ပျိုးကြရန်လိုအပ်ကြောင်း၊ တောင်သူများအနေဖြင့်လည်း ဝါများအထွက်တိုးရေး မျိုးကောင်းမျိုးသန့်များကို ရွေးချယ် စိုက်ပျိုးကြရန် လိုအပ်ကြောင်း၊ အဆိုပါ အထွက်တိုးသည့် ဝါမျိုးစေ့များအား ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊  သတ်မှတ်ထားသည့် စိုက်ပျိုးရေး လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်မှု ရှိ မရှိ ကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ထွက်ရှိလာသော ဝါများအား ဈေးကွက်သေချာစွာရရှိရေး ဝါကြိတ်စက်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဒါ့အပြင် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကျေးရွာနေပြည်သူများ၏ တစ်မိသားစုချင်းဝင်ငွေတိုးပွား စေရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေး၊ လူနေမှုအဆင့် အတန်းမြင့်မားလာစေရေးအတွက် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက် လူမှုစီးပွားဘဝမြင့်မားရေးနှင့် မိသားစု ဝင်ငွေတိုးပွားရေးလုပ်ငန်းများ၊ ကျေးလက်ကုန်ထုတ် လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေး ဆိုင်ရာ လုပ်ငန်းများကို အရှိန်အဟုန် ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးရွာတောင်သူများ အနေဖြင့်လည်း လိုအပ်သည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများ ရရှိရေး စိတ်တူကိုယ်တူ ဆန္ဒတူသူများဖြင့် သမဝါယမ အသင်းအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပါက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ သမဝါယမ အသင်းရန်ပုံငွေ၊ သွင်းအားစု လုပ်ငန်းရှင်များနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက ပေးမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး အသင်းသား တောင်သူများ၏ တင်ပြချက် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက တပ်ကုန်းမြို့နယ်အတွင်းရှိ သူဌေးကုန်းကျေးရွာနှင့် မကျီးကုန်းကျေးရွာတို့မှ သမဝါယမအသင်းသား မတ်ပဲစိုက်တောင်သူ (၁၅)ဦး၏ မတ်ပဲစိုက် ဧက(၂၄)ဧကအတွက် တစ်ဧကလျှင် မတ်ပဲမျိုးစေ့ ၁၀ ပိဿာနှုန်းဖြင့် စုစုပေါင်း ပိဿာ ၂၄၀ အပါအဝင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မတ်ပဲစိုက်ဧကများအတွက် စုစုပေါင်း မတ်ပဲမျိုးစေ့ ၁၃၅၀ ပိဿာအားလည်းကောင်း၊ ချောင်းကမ်းကြီးကျေးရွာနှင့် ရှားတောကျေးရွာတို့မှ စိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းတို့မှ နေကြာစိုက်အသင်းသား တောင်သူများ၏ နေကြာစိုက် ဧက ၁၅၀ အတွက် စမ်းဝတီသဘာဝမြေဩဇာ ၁၅၀ အိတ်အပါအဝင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ နေကြာစိုက်ဧက ၂၀၅၃ ဧကအတွက် စမ်းဝတီ သဘာဝမြေဩဇာ ၁၀၀၅ အိတ်အားလည်းကောင်း ထောက်ပံ့ပေးအပ်ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်း ကျေးရွာ လင်းရောင်ခြည်လယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း အသင်းသား တောင်သူ(၁၉)ဦးတို့၏ ဝါစိုက်ဧက ၃၂ ဧကကျော်တွင် စိုက်ပျိုးထားသော မိုးဝါများ ဆွတ်ခူးနေမှု အခြေအနေများ ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက ဝါဆွတ်ခူးရာတွင် အရည်အသွေး၊ အမျိုးအစား Grade A,B,C အဆင့်ဆင့် ရှိသည့်အနက် သတ်မှတ်အရည်အသွေးနှင့် ပေါက်ဈေးနှုန်း ကို တောင်သူကြီးများ သိရှိအောင် တာဝန်ရှိသူအဆင့်ဆင့်မှ အသိပညာပေးရန်လိုအပ်ကြောင်း၊ စနစ်တကျဆွတ်ခူး ထွက်ရှိလာသော ဝါများ ဈေးကောင်းရရှိရေး ဈေးကွက် သေချာစွာရရှိရေး အစိုးရနှင့် ပုဂ္ဂလိက ချည်စက်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေး မှာကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်  အေးချမ်းသာစံပြ ကျေးရွာသို့ ရောက်ရှိပြီး ပုဂ္ဂလိကလုပ်ငန်းရှင်၊ ကျေးရွာကော်မတီတို့ပူးပေါင်း၍ စက်ရက်ကန်းဖြင့် ပိတ်စများ ထုတ်လုပ်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပိတ်စများထုတ်လုပ်ရာတွင် လိုအပ်သည့် ချည်များအား ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ရေး သက်ဆိုင်ရာ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

 

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm