Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မလေးရှားနိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေး မဟာဗျူဟာများနှင့် စီးပွားရေးပုံစံသစ်ကို လေ့လာခြင်း


18 Oct,2023

မလေးရှားနိုင်ငံသည် (၁၂၇,၇၂၀) စတုရန်းမိုင်ကျယ်ဝန်းပြီး မလေး၊ တရုတ်၊ အိန္ဒိယ လူမျိုးများ နေထိုင်ကြကာ ၂၀၂၃ ခုနှစ် လူဦးရေစစ်တမ်းအရ လူဦးရေ (၃၄)သန်းကျော်ရှိ၍ ကမ္ဘာပေါ်တွင် ၄၄ ခုမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်သည်။ စည်းမျဉ်းခံ ရွေးကောက်ခံဘုရင်စနစ်ကျင့်သုံးသော ဖက်ဒရယ်နိုင်ငံ တစ်ခုဖြစ်ပြီး အရှေ့တောင်အာရှ၏တစ်ခုတည်းသောဖက်ဒရယ်နိုင်ငံ ဖြစ်ပါသည်။ မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးပေါ်လစီမှာ ကြားနေဝါဒအပေါ်တွင် အခြေခံထားပြီး မည်သည့်နိုင်ငံရေးစနစ်ကျင့်သုံးသည့်နိုင်ငံ ဖြစ်စေ မလေးရှားကမူ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူဖြင့်သာ ဆက်ဆံသည်ကို တွေ့ရပါသည်။

မလေးရှားနိုင်ငံ၏စီးပွားရေး

မလေးရှားနိုင်ငံသည် အတော်အသင့် တံခါးပွင့်ပြီးနိုင်ငံဖြစ်သည့်အတွက် စက်မှုလုပ်ငန်း ဖွံ့ဖြိုးမှု ဦးတည်ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲဖော်ဆောင်ခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်ရေးတို့မှာ အဓိကစီးပွားရေးကဏ္ဍများဖြစ်ကြပြီး သဘာဝဟယံဇာတနှင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကိုတင်ပို့ရောင်းချလျက်ရှိရာ အဓိကပို့ကုန်မှာ ဓာတ်ဆီဖြစ်သည်။ တစ်ချိန်က မလေးရှားသည် ကမ္ဘာတွင် ခဲမဖြူ၊ ရာဘာနှင့် စားအုန်းဆီ အများဆုံးတင်ပို့သောနိုင်ငံဖြစ်ခဲ့ပြီး ကမ္ဘာပေါ်တွင် စားအုန်းဆီ အများဆုံးထုတ်လုပ်သည့်နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ဆဲပင်ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် တပိုင်းလျှပ်ကူး ပစ္စည်းကိရိယာများ၊ လျှပ်စစ်ပစ္စည်းများ၊ အိုင်တီနှင့် ဆက်သွယ်ရေးပစ္စည်းများ အများဆုံး တင်ပို့ရောင်းချ နေသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါသည်။

 ထို့ပြင် စီးပွားရေးတွင် တင်ပို့ကုန်အပေါ်တွင် မှီခိုနေရမှုအား လျှော့ချနိုင်ရန်နှင့် အခြားစီးပွားရေး ကဏ္ဍသစ်များ ချဲ့ထွင်နိုင်ရန်အတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးစေရေးကို တွန်းအားပေး ဆောင်ရွက်ခဲ့သောကြောင့် ယင်းသည် နိုင်ငံ၏တတိယမြောက်နိုင်ငံခြားငွေအများဆုံးရရှိသောလုပ်ငန်း ဖြစ် လာခဲ့သည်။

မလေးရှားနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်(GDP)နှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)

           ကမ္ဘာ့ဘဏ်၏ စာရင်းအရ ၂၀၂၂ ခုနှစ်တွင် GDP အမေရိကန်ဒေါ်လာ ၄၀၆.၃၁ ဘီလီယံရှိပြီး တစ်ဦးချင်း GDP မှာ အမေရိကန်ဒေါ်လာ ၁၁၃၇၁.၉၇ ခန့်ရှိပါသည်။ မလေးရှားနိုင်ငံ၊ စီးပွားရေးရာ ဝန်ကြီးဌာန၊ စာရင်းအင်းဦးစီးဌာန၏ထုတ်ပြန်ချက်အရ မလေးရှားနိုင်ငံ၏ FDI သည် ၂၀၂၂ ခုနှစ်၊ စတုတ္ထ သုံးလပတ်တွင် မလေးရင်းဂစ် ၈၇၅.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၉၂.၁၂ ဘီလီယံ)ခန့်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ပထမသုံးလပတ်ကာလအတွင်း မလေးရင်းဂစ် ၁၂၀၄၃.၉၄ မီလီယံခန့် (အမေရိကန်ဒေါ်လာ ၂၆၄၄.၁၁ မီလီယံ) ရှိကြောင်း သိရှိရပါသည်။

မလေးရှားနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုဆိုင်ရာသတ်မှတ်ချက်များ

           ဆယ်ကြိမ်မြောက်မလေးရှားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(၂၀၁၁-၂၀၁၅)(10th Malaysia Plan)တွင် အိမ်ထောင်စုများအား အလွန်ဆင်းရဲသည့်အဆင့်နှင့်ဆင်းရဲသည့်အဆင့်ဟူ၍သတ်မှတ်ထားရှိပြီး ကျေးလက်/ မြို့ပြမည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ တစ်လဝင်ငွေ အမေရိကန်ဒေါ်လာ ၇၄၀ အောက်ရရှိသော အိမ်ထောင်စုများကို ဝင်ငွေနိမ့်ပါးသည့်အိမ်ထောင်စုများဟု သတ်မှတ်ထားပါသည်။

ဆင်းရဲနွမ်းပါးမှုပပျောက်ရေးကြိုးပမ်းဆောင်ရွက်ခဲ့မှု

           ၁၉၇၀ ခုနှစ်တွင် စီးပွားရေးရာမူဝါဒသစ်(New Economic Policy-NEP)ကို ချမှတ်ခဲ့ပြီး အလုပ် အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ခဲ့သည့်အတွက် ဝင်ငွေတိုးမြင့်လာမှုကြောင့် အလုံးစုံဆင်းရဲ နွမ်းပါးမှုနှုန်းကို ၁၉၇၀ ခုနှစ်တွင် ၄၉ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၁၉၉၀ ပြည့်နှစ်တွင် ၁၇ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့ပါသည်။ စီးပွားရေးရာမူဝါဒသစ်(New Economic Policy-NEP)အရ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ဆောင်ရွက်ခဲ့ပြီး ထိုသို့ထုတ်လုပ်နိုင်မှုကြောင့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခဲ့သည့် အပြင် Bumiputera(မလေးလူမျိုးများ)ကို ပရော်ဖက်ရှင်နယ်နှင့် လူလတ်တန်းစားအုပ်စုဟူ၍ ဖန်တီးနိုင် စေခဲ့ပါသည်။ Bumiputera စီမံခန့်ခွဲမှုနှင့် ကျွမ်းကျင်ပညာရှင်များ၊ ဆရာဝန်များနှင့် စာရင်းကိုင်များကဲ့သို့ ကျွမ်းကျင်ပညာရှင်အရေအတွက်သည် သိသိသာသာ တိုးတက်လာခဲ့တာ တွေ့ရသည်။ ၁၉၉၁ ခုနှစ်တွင် NEPကို အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ(National Development Policy- NDP) (၁၉၉၁-၂၀၀၀)တွင် ထည့်သွင်းခဲ့ပြီး ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းများအား ဦးစားပေး ဆောင်ရွက်ခဲ့ရာ ၂၀၀၂ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုသည် ၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပါသည်။

           ၂၀၁၅ ခုနှစ်အတွင်း ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ရှိလူဦးရေအချိုးအစားကို ၅၀% လျှော့ချနိုင်ရေး ထောင်စုနှစ်ရည်မှန်းချက် (Millennium Development Goals-MDG) ရည်မှန်းချက်ဖြင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးကို အဓိကထား၍ လုပ်ဆောင်ခဲ့ရာ ၂၀၀၉ ခုနှစ်တွင် ၃.၈%သို့ လျှော့ချနိုင်ခဲ့တာ တွေ့ရသည်။ အိမ်ထောင်စုများ၏ ၄၀% (အိမ်ထောင်စု ၂.၄ သန်း)သည် တစ်လလျှင် စုစုပေါင်း ၀င်ငွေ RM2,300အောက် ရရှိကြောင်းတွေ့ရှိရပါသည်။  

           မလေးရှားနိုင်ငံသည် ၁၉၇၀ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၀၀ မှ ၂၀၁၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၉၇၀၀အထိ တစ်ဦးချင်း၀င်ငွေသည် တစ်သမတ်တည်း တိုးတက်လာခဲ့ပြီး အရှေ့တောင်အာရှ နိုင်ငံများတွင် စင်္ကာပူနိုင်ငံပြီးလျှင် ဒုတိယအများဆုံးဖြစ်၍ ဒေသတွင်းရှိအခြားနိုင်ငံများထက် သိသိ သာသာ မြင့်မားလာခဲ့တာ တွေ့ရှိရသည်။

           အချိန်တိုတိုအတွင်း တိုးတက်မှုရှိခဲ့သော်လည်း ဆင်းရဲနွမ်းပါးမှုနှုန်းသည် မြို့ပြနှင့် ကျေးလက် ကွဲပြားမှုရှိပြီး ကျေးလက်ဒေသများတွင် နယ်မြေဒေသအလိုက် အနည်းဆုံး ၅.၃ %နှင့် အများဆုံး ၁၉.၇% ခန့် ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။

           ဆင်းရဲနွမ်းပါးမှုပပျောက်ရေးတွင် အောင်မြင်မှုအများစုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် အဓိက အခြေခံခြင်းဖြစ်ပြီး သင့်လျော်မှန်ကန်သည့်မူဝါဒများ ချမှတ်ဆောင်ရွက်နိုင်မှုသည် ဆင်းရဲမှုလျော့ ချရေးတွင် လွန်စွာအရေးပါလှပါသည်။

           မလေးရှားနိုင်ငံသည် ၂၀၂၀ ခုနှစ်တွင် လူဦးရေ၏ ၉၃.၈၂% သည် ဘေးကင်းလုံခြုံစိတ်ချရသော သောက်သုံးရေ ရရှိပြီး လူဦးရေ၏ ၁၀၀% လျှပ်စစ်မီး ရရှိနေတာ တွေ့ရသည်။

၀င်ငွေမြှင့်တင်နိုင်ရေး လက်ရှိ Macro ကြိုးပမ်းမှုများ

           ကျေးလက်အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ လူမှုစီးပွားဘဝမြှင့်တင်ခြင်း လုပ်ငန်းများ၊ ဆင်းရဲနွမ်းပါးသူများအတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ထောက်ပံ့ပေးခြင်းများနှင့် မိသားစုဝင်ငွေ တိုးပွားရေးအတွက် အခွင့်အလမ်းများဖန်တီးပေးခြင်းစသည့်စီမံကိန်းများမှတဆင့် ဝင်ငွေ မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပြီး အသေးစားချေးငွေအစီအစဉ်များ ဖန်တီး ပေးခြင်း၊ ကျွမ်းကျင်မှုသင်တန်းပေးခြင်းနှင့် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ပေးခြင်းတို့ပါဝင်ပါသည်။

စီးပွားရေးပုံစံသစ်(New Economic Model-NEM)

           ဝင်ငွေတိုးပွားစေရေးအတွက် Macro မူဘောင်ကိုချမှတ်၍ ဝင်ငွေကွာဟမှုကို ကျဉ်းမြောင်းစေရန် စီးပွားရေးပုံစံသစ်(NEM)ကို ၂၀၁၀ခုနှစ်တွင် ဖော်ဆောင်ခဲ့ပြီး အောက်ခြေ၄၀%သော အိမ်ထောင်စုများ၏ ဝင်ငွေအဆင့်တိုးတက်လာစေရန် ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံအနေဖြင့် ဝင်ငွေအလယ်အလတ်ရရှိသော စနစ်မှ ကိုယ်တိုင်ရုန်းထွက်နိုင်ခဲ့ပါက ယင်းမှတစ်ဆင့် ဝင်ငွေတိုးပွားရရှိရေး ဆောင်ရွက်လာနိုင်မည်ဖြစ်၍ NEM ​​သည် ၂၀၁၀ခုနှစ်တွင် တစ်ဦးချင်းဝင်ငွေ USD ၇,၀၀၀ မှ ၂၀၂၀ခုနှစ်တွင် USD ၁၅,၀၀၀-၁၇,၀၀၀ သို့ (နှစ်ဆ) တိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့တာတွေ့ရသည်။ တီထွင်ဆန်းသစ်မှု၊ တီထွင်ဖန်တီး နိုင်မှု၊ ကုန်ထုတ်စွမ်းအားမြင့်မားမှု၊ နည်းပညာအသစ်နှင့် ဘက်ပေါင်းစုံကျွမ်းကျင်သည့်စွမ်းရည် ပြည့်ဝသော လုပ်သားအင်အားရှိမှုတို့မှတစ်ဆင့် စဉ်ဆက်မပြတ်၀င်ငွေမြင့်မားစေရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

စည်းလုံးညီညွတ်စွာဖြင့်အားလုံးပါဝင်ဆောင်ရွက်ကြလျှင် ချမ်းသာကြွယ်ဝမှုသည် လိုက်ပါလာမည် ဖြစ်သည့်အတွက် အားလုံးပါဝင်ရေးမူဝါဒသည်လည်း မလေးရှားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုတွင် မဏ္ဍိုင်တစ်ခုအဖြစ် ပါဝင်ပါသည်။ အားလုံးပါဝင်ရေးမူဝါဒသည် တစ်ဦးချင်းအခွင့်အရေးများကို ကာကွယ် ပေးပြီး ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးသောကြောင့် စီးပွားရေးတိုးတက်လာရခြင်းသည် သဘာဝကျသော အကျိုးဆက်တစ်ခုပင် ဖြစ်ပါသည်။ အားလုံးပါဝင်ရေးမူဝါဒကို မှန်ကန်ကြောင်းပြသသည့်အနေဖြင့် NEM သည် ဆင်းရဲနွမ်းပါးမှုပပျောက်စေရေးတွင် တိုင်းရင်းသားမျိုးနွယ်စုများနှင့် ဒေသများအကြားရှိ မတူ ကွဲပြားမှုများ၊ ကွာဟချက်များကိုပါ ပိုမိုဟန်ချက် ညီအောင် ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရသည်။

           NEMသည် မက်ခရိုချဉ်းကပ်မှုကိုပံ့ပိုးပေးပြီး ဤချဉ်းကပ်မှု၏အဓိကအချက်ဖြစ်သော မဟာ ဗျူဟာမြောက်ပြုပြင်ပြောင်းလဲရေးအစပျိုးမှု (Strategic Reform Initiatives-SRI)(၈)ချက်သည် နိုင်ငံ၏ စီးပွားရေးကို ကုန်ထုတ်လုပ်မှုမှသည် တန်ဖိုးမြင့်ဝန်ဆောင်မှုများဆီသို့ ပြန်လည်ဦးတည်ရန် ကြိုးပမ်းခဲ့ ခြင်းဖြစ်သည်။ ယင်း SRI  (၈) ချက်မှာ

(၁)    ပုဂ္ဂလိကကဏ္ဍကို ပြန်လည်သက်ဝင်အားကောင်းလာစေခြင်း၊

(၂)    အရည်အသွးပြည့်ဝသည့်လုပ်သားအင်အားစုများ ဖွံ့ဖြိုးလာစေခြင်းနှင့် နိုင်ငံခြားသား အလုပ်သမားများအပေါ် မှီခိုအားထားရမှုကို လျော့ချခြင်း၊

(၃)    ပြည်တွင်းစီးပွားရေးကို ယှဉ်ပြိုင်နိုင်စွမ်းအားရှိစေခြင်း၊

(၄)    ပြည်သူပိုင်စီးပွားရေးကဏ္ဍကို ပိုမိုအားကောင်းလာစေခြင်း၊

(၅)    ပွင့်လင်းမြင်သာမှုရှိပြီး ဈေးကွက်နှင့်လိုက်လျောညီထွေရှိမည့် မတူကွဲပြားမှုများကို ပေါင်း စည်းညီညွတ်စေမည့်လုပ်ဆောင်ချက်များ ဆောင်ရွက်စေခြင်း၊

(၆)    အသိပညာအခြေပြုအခြေခံအဆောက်အအုံ ဖွံ့ဖြိုးလာစေခြင်း၊

(၇)    ကြီးပွားတိုးတက်မှုအရင်းအမြစ်များ တိုးပွားလာစေခြင်းနှင့်

(၈)    ကြီးပွားတိုးတက်မှုများ စဉ်ဆက်မပြတ်ဖြစ်ပေါ်တိုးတက်စေခြင်းတို့ဖြစ်ပါသည်။

           SRI (၈) ချက်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကဦးတည်ခြင်းဖြစ်ပြီး အလုပ်အကိုင် နှင့် စွန့်ဦးတီထွင်မှုဆိုင်ရာအခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် နိုင်ငံ့စီးပွားရေးမြင့်မားလာစေရေး ဆောင်ရွက်ပေးခြင်းဖြစ်သည်။ ဥပမာ- ပုဂ္ဂလိကကဏ္ဍကို ပြန်လည်သက်ဝင်အားကောင်းလာစေရေး မဟာဗျူဟာအရ အစိုးရက အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ပိုမို ဖွံ့ဖြိုးလာစေရန်၊ ဆန်းသစ်တီထွင်မှု အားကောင်းလာစေရန် ဦးစားပေးချေးငွေများ ဖန်တီးပေးသကဲ့သို့ အရည်အသွးပြည့်ဝ သည့်လုပ်သားအင်အားစုများ ဖွံ့ဖြိုးလာစေရေး မဟာဗျူဟာအရ အရည်အသွေးရှိလုပ်သားအင်အားစုများ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးပြီး နိုင်ငံခြားသား အလုပ်သမားများအပေါ် မှီခိုအားထားရမှုကို လျှော့ချ လာနိုင်စေရန် ဆောင်ရွက်သည်ကို တွေ့ရသည်။  ရှိပြီးသားအလုပ်သမားအင်အားစုများကို အရည်အသွေး မြှင့်တင်ပေးပြီး လစဉ်တစ်လလျှင် အနည်းဆုံးအခကြေးငွေ အမေရိကန်ဒေါ်လာ ၃၀၀ အထိ ရရှိလာနိုင် အောင် ဆောင်ရွက်ခြင်းဖြင့် အောက်ခြေအိမ်ထောင်စု ၄၀%၏ ဝင်ငွေအဆင့်ကို မြှင့်တင်နိုင်ရန် မျှော် မှန်းချက်ထား ဆောင်ရွက်ခဲ့တာ တွေ့ရသည်။

အစိုးရ အသွင်ကူးပြောင်းရေး အစီအစဉ် (Government Transformation Programme-GTP)

           အစိုးရအသွင်ကူးပြောင်းရေးအစီအစဉ်တွင် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးသည် အမျိုးသားအဆင့် ရလဒ်နယ်ပယ် (၇)ခုအနက် (၁)ခုအပါအဝင်ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှုပပျောက်ရေးဆောင်ရွက်ပေးမည့် အေဂျင်စီများကို စုစည်းပေးသည်။ ယင်းအေဂျင်စီများ၏ဆင်းရဲနွမ်းပါးမှုပပျောက်ရေး ကြိုးပမ်းမှုများကို လေ့လာကြည့်ရာ

(၁)   ကျေးလက်ဖွံ့ဖြိုးရေး မဟာစီမံကိန်း (၂၀၁၂-၂၀၂၀)ကို အကောင်အထည်ဖော်ခြင်း၊

(၂)   ၂၀၂၀ ပြည့်နှစ်၌ စွန့်ဦးတီထွင်လုပ်ငန်းများတွင် ကျေးလက်နေပြည်သူများ ၃၀% ပါဝင်ရန်၊ အထူးသဖြင့် အမျိုးသမီးများ ပါဝင်လာစေရန် ဦးတည်ဆောင်ရွက်ခြင်း၊

(၃)   ၂၀၂၀ ပြည့်နှစ်တွင် အခြေခံအဆောက်အဦများ၊ အခြေခံဝန်ဆောင်မှုများ ၁၀၀ ရာခိုင်နှုန်း လွှမ်းခြုံရရှိစေခြင်း၊

(၄)   ၂၀၁၂ ခုနှစ်တွင် Sabahနှင့် Sarawakတို့ရှိ ကျေးလက်ဒေသများအတွက် လျှပ်စစ်မီး ရရှိမှု ၈၁%နှင့် ၉၀% အသီးသီး၊ ရေရရှိမှုကို ၇၀% အထိ တိုးမြှင့်ပေးနိုင်ခဲ့ခြင်း၊ ၂၀၂၀ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီး ၁၀၀ %နှင့် ရေပေးဝေမှု ၉၃.၈၁ % ဖြန့်ဝေပေးနိုင်ခဲ့ခြင်း၊

(၅)   ကျေးလက်ဒေသများတွင် အင်တာနက်ဘရော့ဒ်ဘန်းတိုးမြှင့်ခြင်းဝန်ဆောင်မှုများ ဆောင်ရွက် ပေးခြင်းဖြင့် ဒစ်ဂျစ်တယ်ကွာဟမှုကို ၂၀၂၃ ခုနှစ်တွင် ၉၆.၈ % လျှော့ချခြင်း၊

(၆)   စိုက်ပျိုးရေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ အလုပ်နှင့်ကိုက်ညီသောနေရာချထားမှု နှင့် ဝန်ဆောင်မှုကဏ္ဍတွင်ပါဝင်မှုစသည်တို့ကို ကနဦးဖော်ဆောင်ပေးခြင်း၊ တိုးမြှင့်ပေးခြင်း၊

(၇)   ကျေးလက်ဆေးပေးခန်း၊ မိသားစုကျန်းမာရေး၊ ကျေးလက်သွားနှင့်ခံတွင်းဆိုင်ရာဝန်ဆောင်မှု၊ အစားအသောက်နှင့်အာဟာရဆိုင်ရာအကြံပေးခြင်းစသည့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှု အစီအစဉ်များအကောင်အထည်ဖော်ခြင်း၊ အသက်မွေးဝမ်းကြောင်းနှင့်ကျွမ်းကျင်မှုသင်တန်း များ ပို့ချခြင်း။

ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက် လက်ရှိကျင့်သုံးနေသောအသေးစားမဟာဗျူဟာများ

           ဆင်းရဲနွမ်းပါးမှုပပျောက်ရေးဆိုင်ရာအသေးစားမဟာဗျူဟာတွင် ဆင်းရဲနွမ်းပါးသူ အစုအဖွဲ့များ၊ အိမ်ထောင်စုနှင့် နေရာဒေသများကိုဖော်ထုတ်၍ ၎င်းတို့၏လိုအပ်ချက်များနှင့်ကိုက်ညီမည့် ပံ့ပိုးမှုများ၊ Bumiputra အထူးသဖြင့် လူမျိုးစုလူနည်းစုများ၊ Sabahနှင့် Sarawak ကဲ့သို့သော ဦးတည်အုပ်စုများ အတွက် အံဝင်ခွင်ကျဖြစ်စေသောအစီအစဉ်များ၊ အခြေခံဆင်းရဲနွမ်းပါးသူများ၊ အမျိုးသမီးဦးဆောင်သည့် မိသားစုများ (သို့မဟုတ်) မိခင် (သို့မဟုတ်) ဖခင်တစ်ဦးတည်း ဦးဆောင်ရပ်တည်ရသောမိသားစုများ၊ သက်ကြီးရွယ်အိုများနှင့် ခက်ခဲကြပ်တည်းသောအသိုက်အဝန်းများကဲ့သို့သောသီးခြားအုပ်စုများအတွက် မတူကွဲပြားသောအစီအစဉ်များ ပါဝင်ပါသည်။

           အစိုးရအနေဖြင့် ၄၀ ရာခိုင်နှုန်းသော အခြေခံလူတန်းစား အိမ်ထောင်စုများ၏ကလေးများအား ပညာရေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ပေးရန်အတွက် ထောက်ပံ့ကြေးများ၊ ပညာသင်ဆုများ၊ ပညာသင် ထောက်ပံ့ကြေး (ဘော်ဒါကျောင်းများ၊ ငွေကြေး၊ ကျောင်းဝတ်စုံနှင့် ကျူရှင်ခများအပါအဝင်)ပေးခြင်း စသည်တို့ကို လုပ်ဆောင်ပေးလျက်ရှိတာတွေ့ရသည်။

           ကျေးလက်နှင့် မြို့ပြရှိ သတ်မှတ်ချက်နှင့်ကိုက်ညီသည့်ဆင်းရဲနွမ်းပါးအိမ်ထောင်စုများအတွက် အိမ်ရာများ ပံ့ပိုးပေးသကဲ့သို့ လူနေမှုအဆင့်အတန်း မြင့်မားစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ရေကောင်းရေသန့်၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးစသည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး လာစေရန်ပါ ဆောင်ရွက်ပေးသည်။ အထောက်အပံ့နှင့် သက်သာသောချေးငွေအပါအဝင် အသေးစား လုပ်ငန်းများအတွက် ပံ့ပိုးကူညီမှုအစီအစဉ်များပါဝင်ပါသည်။ ကန်ထရိုက် လယ်ယာစနစ်စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍတွင်ဝင်ငွေတိုးပွားစေပြီး စီးပွားရေးအခွင့်အလမ်းများဖန်တီးပေးနိုင်သကဲ့သို့ ပေါင်းစည်း မြေယာစနစ် ဆောင်ရွက်ခြင်းဖြင့် မြေယာအသုံးချမှုနှင့် စိုက်ပျိုးနိုင်စွမ်းကို တိုးမြှင့်ပေးနိုင်သည့်အတွက် အထွက်နှုန်းတိုးစေပြီး အခြားစိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင် ရွက်လာနိုင်သည်ကို တွေ့ရသည်။

မူဝါဒချိတ်ဆက်မှုများနှင့် သုံးသပ်ချက်

           ဆင်းရဲနွမ်းပါးမှုပပျောက်ရေးမှာပါ၀င်တဲ့ အဖွဲ့အစည်းပေါင်းများစွာကို အစိုးရအနေဖြင့် ပေါင်းစပ် ညှိနှိုင်းပေးရာတွင် ထိရောက်အောင်မြင်မှုနှင့် သေချာမှုရှိစေရန် အလွန်အရေးကြီးသည်။ မူဝါဒများအနက် အားလုံးပါဝင်မှု၊ ခွဲခြားဆက်ဆံမှုမရှိခြင်းမှာ အရေးပါသောမူဝါဒဖြစ်သည်ကို သတိပြုမိရသည်။ မြန်မာ နိုင်ငံတွင်လည်း ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများကို ပို၍ဆင်းရဲသော ဝေးလံခေါင်းပါးဒေသများ၊ ပိုမိုလိုအပ်သည့်ဒေသများကို ဦးစားပေးဆောင်ရွက်ခဲ့ပြီး ခွဲခြားမှုမရှိဘဲ အားလုံးတပြေးညီ ပူးပေါင်း ဆောင်ရွက်နိုင်မည့် Designများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

           မလေးရှားနိုင်ငံ၏လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဆင်းရဲနွမ်းပါးသူအများစုအား ခေတ်မီလယ်ယာ စနစ်လုပ်ဆောင်စေပြီး လယ်ယာထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် အဆင့်မြှင့်တင်ပေး နိုင်ရန် စီမံဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရသည်။

           မလေးရှားနိုင်ငံ၏ဆင်းရဲနွမ်းပါးမှုပပျောက်ရေးမူဝါဒ၏နောက်ထပ်ထူးခြားချက်မှာ တိုင်းရင်းသား အုပ်စုများကြား ဝင်ငွေကွာဟမှုကိုလျှော့ချရန် ဆောင်ရွက်ပေးခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျေးလက် ဒေသ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျေးလက်ဖွံ့ဖြိုး ရေးမဟာဗျူဟာမူဘောင်ကို‌ ရေးဆွဲချမှတ်ခဲ့ပြီး ကုလသမဂ္ဂကချမှတ်ထားသည့် Sustainable Development Goals (SDGs)၊ နိုင်ငံတော်အစိုးရကချမှတ်ထားသည့် Myanmar Sustainable Development Plan (MSDP) တို့နှင့်အညီ ပြည်သူဗဟိုပြုကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့ ပါသည်။ ၂၀၂၁ ခုနှစ်မှ စတင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဦးတည်ချက် (၉)ရပ်ချမှတ်ပြီး လုပ်ငန်းစဉ်များကိုအချိတ်အဆက်မိမိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

          ထို့အပြင် လယ်ယာစီးပွားကဏ္ဍမြှင့်တင်ရေးနှင့် တိုင်းဒေသကြီး/ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများ၏စီးပွားတိုးတက်မြင့်မားရေးကို ဆောင်ရွက်နိုင်ရန်ရည်မှန်းပြီး “နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ”တစ်ရပ် ထူထောင်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံပြီး ကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်ရေး လုပ်ငန်းများကို စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။

           မလေးရှားနိုင်ငံ၏စီးပွားရေးတွင် အစိုးရက ကနဦးလှုံ့ဆော်ဆောင်ရွက်ပေးရာမှ  နောက်ပိုင်းတွင် ပုဂ္ဂလိကကဏ္ဍကို တွန်းအားပေးခြင်းဖြင့် စီးပွားရေးတိုးတက်မှု၏အင်ဂျင်အဖြစ် မောင်းနှင်လာနိုင်ခဲ့တာ ဖြစ်ပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး နိုင်ငံအတွင်းနေထိုင်သည့် ပြည်သူလူထု၏လူနေမှုအဆင့်အတန်းကိုပါ မြှင့်တင်ပေးနိုင်ခဲ့တာဖြစ်သည်။ စီးပွားရေးတိုးတက်မှုမှတစ်ဆင့်  အခွန်အခများ တိုးမြင့်ရရှိလာနိုင်ပြီး ဆင်းရဲမှုပပျောက်ရေးအတွက် အရင်း အမြစ်များ ရှာဖွေဖော်ထုတ်ပေးလာနိုင်မှာဖြစ်သည်။

           နောက်ထပ်ဗျူဟာတစ်ခုမှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၏ အလေးပေးမှုဖြစ်သည်။ မက်ခရိုချဉ်းကပ်မှုနည်းလမ်းတွင် မိုက်ခရိုရှုထောင့်ဖြင့် ပေါင်းစပ်ထားတာ တွေ့ ရသည်။ အစိုးရက ဆင်းရဲနွမ်းပါးနှင့် ထိခိုက်လွယ်သောအုပ်စုများကို စနစ်တကျ စာရင်းပြု၍ ငွေကြေး၊ အိမ်ရာ၊ စီးပွားရေးနှင့် အလုပ်အကိုင်အကူအညီများ ထိထိရောက်ရောက် ပံ့ပိုးပေးသည်။ မြန်မာနိုင်ငံတွင် ထိုသို့ ဆောင်ရွက်ပေးနိုင်ရန် ဦတည်အုပ်စုများကို စစ်တမ်းကောက်ယူထားနိုင်မှုမရှိသေးပေ။

           မလေးရှားနိုင်ငံ၏စာရင်းအင်းဦးစီးဌာန၏စာရင်းအရ ကိုဗစ်၁၉ဖြစ်ပွားမှု၏နောက်ဆက်တွဲအဖြစ် ၂၀၂၀ပြည့်နှစ်တွင် ဆင်းရဲမှုနှုန်း (၈.၄%)အထိ ပြန်လည်မြင့်တက်လာခဲ့ရာ အစိုးရ၏ ဆင်းရဲမှုလျှော့ချရေး အလေးထားဆောင်ရွက်မှု၊ ကတိကဝတ်ပြုမူဝါဒများချမှတ် အကောင်အထည်ဖော်မှုနှင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးမှုများကြောင့် ၂၀၂၁ ခုနှစ်တွင် ဆင်းရဲမှုနှုန်း (၈.၂%)သို့ လျော့ချနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဆင်းရဲမှုနှုန်း (၆.၂ %) အထိ လျော့ကျအောင် ဆောင်ရွက်နိုင်ခဲ့တာ တွေ့ရှိရပါသည်။

လေ့လာတွေ့ရှိချက်

           လေ့လာတွေ့ရှိချက်များအရ မလေးရှားနိုင်ငံသည် လူဦးရေထူထပ်သောနိုင်ငံ ဖြစ်သော်လည်း အစိုးရသည် ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးပေး ကြိုးစား ဆောင်ရွက်ခဲ့သည် တွေ့ရှိရပါသည်။  ဆင်းရဲနွမ်းပါးမှုပပျောက်ရေးကို ဆောင်ရွက်ရာတွင် နိုင်ငံတွင်း သာလွန်ကောင်းမွန်သော စီးပွားရေးစွမ်းဆောင်နိုင်မှုရှိမှသာ အောင်မြင်နိုင်မည်ဖြစ်သည်ကိုလည်း သတိပြု မိရပါသည်။ ဆင်းရဲမှုလျော့ချရေးဆောင်ရွက်မှုများထဲတွင် စီပွားရေးပုံစံသစ်ကို ရေးဆွဲဖော်ဆောင်ခြင်း၊ နိုင်ငံနှင့်ကိုက်ညီသည့် မူဝါဒများချမှတ်ကျင့်သုံးခြင်း၊ ဆင်းရဲနွမ်းပါးသည့်ထိခိုက်လွယ်အုပ်စုများကို ဖော် ထုတ်၍ ဦးတည်ချက်ထား ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကကဏ္ဍကို တွန်းအားပေးခြင်း၊ အရည်အသွေး ပြည့် မီသောလုပ်သားအင်အားကို ပြုစုပျိုးထောင်ပေးခြင်းနှင့် နိုင်ငံခြားသားအလုပ်သမားအပေါ် မှီခိုအားထားမှု လျှော့ချခြင်းတို့အပြင် စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဦးတည်ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲ ဖော်ဆောင် နိုင်ခြင်းကြောင့် အချိန်တိုအတွင်း ဆင်းရဲနွမ်းပါးမှုနှုန်းကို သိသိသာသာလျှော့ချပေးနိုင်ခဲ့တာ တွေ့ရှိရ ပါသည်။ မြန်မာနိုင်ငံတွင်လည်း နိုင်ငံနှင့်ကိုက်ညီသည့် မူဝါဒများကို ချမှတ်ကျင့်သုံးပြီး ဆင်းရဲမှု လျော့ချ ရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုအားလုံးက စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြမည်ဆိုလျှင် ဆင်းရဲမှုမှ လွတ်ကင်းပြီး သာယာဝပြော သည့်လူမှုဘဝများ ပိုင်ဆိုင်နိုင်ကြမည်မှာ မလွဲဧကန်ဖြစ်ပါကြောင်း တိုက်တွန်းရေးသား တင်ပြလိုက်ရ ပါသည်။

 

ခန့်ဇော် (ကျေးလက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm