Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လောကနန္ဒာ၊ မြင်းကပါနှင့် ဖွားစောရွာများဆီသို့


25 Jul,2024

မြင့်စိုး(နတလ)

မဉ္ဇူသကနတ်ပန်းရနံ့ မွေးပျံ့စေချင်

          ဇူလိုင်လ ၁၁ ရက်နေ့၊ ပုဂံ/ ညောင်ဦးဒေသသို့ နေ့ချင်းပြန်ခရီး သွားခဲ့သည်။ ရည်ရွယ် ချက်မှာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ အရှေ့ဖွားစော၊ အနောက်ဖွားစော၊ မြင်းကပါ၊ ကုန်းတန်းကြီးနှင့် နတ်ကြိုအိုင်ကျေးရွာ အဝင်လမ်းများ၊ ရွာတွင်းလမ်းများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ပြုပြင်ဖောက်လုပ်ပေးလျက်ရှိရာ လုပ်ငန်း စတင်နိုင်မှု၊ ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရန်၊ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ ထိုနေ့က ကုန်းတန်းကြီးကျေးရွာသို့ အရင်သွားသည်။ ပြီးလျှင် ဖွားစောအရှေ့ရွာနှင့် အနောက်ရွာများသို့ ရောက်ခဲ့သည်။ ထိုမှ‌ လောကနန္ဒာ စွယ်တော်မြတ်စေတီကို သွားရောက်ဖူးမြော်ခဲ့သည်။ ဘုရားဖူးပြီးပါက မဉ္ဇူသကနတ်ပန်း ထုတ်လေးများ ရောင်းချနေကြသော ဈေးသည်လေးများနှင့် ခေတ္တခဏတွေ့ခွင့်ရအောင် စီစဉ်ပေးပါရန် ဂေါပကအဖွဲ့သို့ မေတ္တာရပ်ခံထားပေရာ ဓမ္မာရုံတစ်ခုအတွင်း၌ စုပေး ထားပါသည်။ ၁၅ ယောက်ခန့်ရှိမည်ထင်ရ၏။ ကျွန်တော်ဝင်သွားချိန်မှာ အားလုံးက မျက်လုံး လေးတွေ ပေကလပ်ပေကလပ်နှင့် ကြည့်နေကြ၏။ သည်ဆရာ ငါတို့ကို ဘာများပြောမှာ ပါလိမ့်………။

                   “ကိုင်း…..ငါ့သမီးတို့၊ ညည်းတို့နဲ့တွေ့ရတာ ဝမ်းသာပါတယ်

                    ပြောစရာလေး နည်းနည်းရှိလို့ စုခိုင်းလိုက်တာပါ

                    ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့တုန်းက အဘ သည်ဘုရားကို

                    လာဖူးတယ်၊ ဘုရားအဆင်းမှာ သမီးတို့ ဈေးရောင်းတဲ့

                    ရှေ့က ဖြတ်သွားတော့ တစ်ယောက် မဉ္ဇူသကနတ်ပန်း

                    ထုတ်လေးတွေ လက်ဆောင်ယူသွားပါဦးဆိုပြီး

                    လိုက်ပေးတာ မှတ်မိလား………..”

          ဟု ကျွန်တော် မေးလိုက်သောအခါ ဒုတိယတန်းညာအစွန်မှာ ထိုင်နေသော သမီး တစ်ယောက်က ကျွန်မလိုက်ပေးတာပါဟု မဝံ့မရဲပုံစံလေးနှင့်ဖြေသည်။ သူ့ကြည့်ရတာ တစ်စုံ တစ်ရာအတွက် ပူပန်နေသလိုလို သနပ်ခါးလူးထားသော နဖူးပြင်မှာ ဇောချွေးလေးများပင် ပျံချင်ချင် ဖြစ်နေပုံရ၏။

                   “ကျေးဇူးတင်တယ်သမီးရေ၊ အဘ အိမ်ပြန်ရောက်တော့

                    အထုပ်မှာပါတဲ့ အညွှန်းအတိုင်း နှလုံးအားကောင်းအောင်

                    မျက်စိကြည်အောင်၊ အမောပြေခြင်း၊ ခန္ဓာကိုယ် နုပျိုခြင်း

                    တို့နဲ့ ပြည့်စုံအောင် ပျားရည်နဲ့ရောပြီး စားလိုက်တာပေါ့ကွယ်

                    စားလို့ကောင်းပါတယ်၊ အဘတို့ ငယ်ငယ်တုန်းကလည်း

                    မဉ္ဇူသကနတ်ပန်းပွင့်လေးတွေ ကောက်ပြီး စားဖူးနေလို့

                    ချိုအီအီအရသာလေးကို မှတ်မိနေတယ်၊ ဒါပေမဲ့………

          ကျွန်တော်၏ ဒါပေမဲ့နောက်မှာ ဆက်မည့်စကားကို သူတို့ပိုပြီး သိလိုကြားလိုစိတ်ဖြင့် ပြင်းပြနေမည်မှာ သေချာသည်။ ပေးလိုက်တဲ့အထဲမှာ ဘာများပါသွားပါလိမ့်၊ ဘာများတွေ့ သွားလို့ပါလိမ့် ဆိုသည့် အတွေးများစွာနှင့် ဖြစ်နေကြပါလိမ့်မည်။

                   “ပထမဆုံး သမီးတို့ သတိထားရမှာက နတ်ပန်းပွင့်လေးတွေ

                    မထုပ်ပိုးခင်မှာ သဲမှုန့်လေးတွေစင်အောင် သန့်အောင်

                    လုပ်ဖို့ လိုလိမ့်မယ်၊ အဘ စားကြည့်တော့ သဲနည်းနည်း

                    ပါနေတာ တွေ့ရတယ်၊ ဒါက တစ်ချက်၊ နောက်တစ်ခုက

                    အထုပ်ထုပ်တဲ့နေရာမှာ ဘာနဲ့သွားတူနေသလဲဆိုတော့

                    အဘတို့ ငယ်ငယ်တုန်းကစားခဲ့တဲ့ ပဲကြီးလှော်ထုပ်နဲ့

                    တူနေတယ်၊ ပလပ်စတစ်အိတ်လေးထဲကိုထည့်

                    သံချောင်းလေးခံ မီးပြပြီး ပိတ်ထားတာလေ၊ အဲဒါကိုလည်း

                    ပြင်ရမယ်၊ ဒီမှာကြည့်လိုက် ဒါကသမီးတို့ပေးလိုက်တဲ့ အထုပ်လေး

                    ဒီနှစ်ထုပ်ကတော့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကို

                    တာဝန်ပေးပြီး ထုပ်ပိုးမှုပုံစံ ပြင်ထားတာ၊ တစ်ခုက ရယ်ဒီမိတ်

                    ထည့်လို့ရတဲ့ စက္ကူအိတ်လေးသုံးထားတယ်၊ ဒီတစ်ထုပ်က

                    အိတ်ပိတ်စက်သုံးပြီး ပိတ်ပြထားတယ်။ သန့်ရှင်းသပ်ရပ်မှုရော

                    ထုပ်ပိုးမှုပုံစံရော ကွာမသွားဘူးလား၊ ကုန်ကျစရိတ်ကလည်း

                    စက္ကူအိတ်ဖိုးအပါမှ ၂၀၀ ကျပ်စွန်းစွန်းပဲ၊ အိတ်ပိတ်စက်နဲ့

                    ပိတ်ထားတဲ့ ပလပ်စတစ်အကြည်အိတ်က ဈေးပိုသက်သာတယ်”

          ကျွန်တော် နမူနာယူလာသော မဉ္ဇူသကနတ်ပန်းထုပ်လေးများကို ပြသရင်း ရှင်းပြ တော့ သူတို့မျက်နှာလေးတွေ တိမ်စင်လနှယ် ဝင်းပလာသည်။ သူတို့အား ခေါ်ရခြင်း အကြောင်းရင်းကို ရှင်းလင်းစွာ သိလာကြသည်။ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကလည်း ထုပ်ပိုးမှုပုံစံ ပြောင်းထားရုံမျှမက မဉ္ဇူသကနတ်ပန်းပွင့်တွေထဲမှာ ပါဝင်ပစ္စည်း အာဟာရတန်ဖိုးများကို ဓာတ်ခွဲစမ်းသပ်ရယူပေးထားသေးသည်။ သည်အပိုင်းကိုတော့ ကျွန်တော်နှင့်အတူလိုက်ပါလာသော အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်က ဆက်ရှင်းပြသည်။

မဉ္ဇူသကနတ်ပန်း (သို့မဟုတ်) မယ်ဇယ်ပင်

          မဉ္ဇူသကနတ်ပန်းပင် (သို့မဟုတ်) မယ်ဇယ်ပင်၏ ရုက္ခဗေဒအမည်မှာ Madhuca Longifolia ဟု ခေါ်တွင်ပြီး အမြဲစိမ်းအပင်ကြီးမျိုး ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ပူပြင်းပြီး စိုထိုင်းမှုရှိသော ဒေသများတွင် အဓိကစိုက်ပျိုးကြကြောင်း၊ အစေ့များမှ အဆီထုတ်၍ ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ ထောပတ်တု၊ လောင်စာဆီများ ထုတ်လုပ်ကြကြောင်း၊ အပွင့်များမှ အချိုဓာတ်ရသဖြင့် တမီလ်လူမျိုး(Tamils) များက သကြားအစားထိုး ပစ္စည်းအဖြစ် အသုံး ပြုကြကြောင်း၊ အစေ့ကြိတ်ဖတ်များကလည်း စိုက်ခင်းများအတွက် အလွန်ကောင်းမွန်သည့် သဘာဝမြေဩဇာများဖြစ်ကြောင်း သိရသည်။ မဉ္ဇူသကနတ်ပန်းပွင့် (သို့မဟုတ်) မယ်ဇယ် ပွင့်များမှ ဝိုင်အမျိုးမျိုးထုတ်လုပ်ခြင်း၊ ယိုလုပ်ငန်းများတွင် ရနံ့သင်းပျံ့စေဖို့ အသုံးပြုခြင်း၊ မဉ္ဇူသကနတ်ပန်းအဆီတွင် Antioxidant နှင့် Vitamin ဓာတ်များစွာပါဝင်သဖြင့် ခန္ဓာကိုယ် အရေပြားအတွက် အထူးကောင်းမွန်ပြီး Skin Care Product များ ထုတ်လုပ်ခြင်းတို့တွင် လည်း အသုံးပြုပြကြောင်း သိရသည်။ မဉ္ဇူသကနတ်ပန်း ရနံ့သည် မပြင်းလှဘဲ ထူးခြားသော ရနံ့မျိုးဖြစ်၍ အတိတ်ကာလကို ပြန်လည်သတိရတမ်းတစေနိုင်သော လက္ခဏာမျိုးရှိသည် ဟူ၍ပင် ညွှန်းဆိုထားကြောင်း တွေ့ရသည်။ ဆေးဘက်ဝင် ဂုဏ်သတ္တိအနေဖြင့်မူ ကိုယ်ခံ အားကောင်းမွန်စေခြင်း၊ ဖျားနာမှုကို ကာကွယ်ပေးခြင်း၊ ရောင်ရမ်းမှုကို သက်သာစေခြင်း၊ ဆီးချို၊ နှလုံးရောဂါများ ကာကွယ်ခြင်းတို့ကို ပေးစွမ်းနိုင်ကြောင်း သိရသည်။

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ဓာတ်ခွဲစမ်းသပ်မှုတွင် Carbohydrate ၄၃.၅၆ %၊ Fat ၄၀.၉%၊ Moisture ၇.၁၈%၊ Protein ၃.၀၅%၊ Fiber ၂.၆၇%၊ Ash ၂.၆၄% ပါဝင်ကြောင်းသိရသည်။ မဉ္ဇူသကနတ်ပန်းပင်(သို့မဟုတ်) မယ်ဇယ်ပင်များကို မြန်မာနိုင်ငံ အထက်ပိုင်းဒေသများဖြစ်သော မန္တလေး၊ မုံရွာ၊ ကျောက်ဆည်တို့တွင်လည်ကောင်း၊ ပုပ္ပါး ဘက်တွင်လည်ကောင်း အများဆုံးတွေ့ရပေမည်။ ယခု ပုဂံ၊ ညောင်ဦးဒေသမှ ဈေးသည်လေး များအနေဖြင့် ပန်းပွင့်ကုန်ကြမ်းများကို ထိုဒေသများမှ ရယူခဲ့ကြောင်း သိရသည်။

သင်တန်းပို့ချပေးမည်

          ပုဂံမှပြန်လာချိန် ပြည်ထောင်စုဝန်ကြီးထံ သတင်းပို့ပြီး သင်တန်းဖွင့်လှစ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့သည်။ ဝန်ကြီးက အိတ်ပိတ်စက်ပါ ထောက်ပံ့ပေးဖို့ မှာကြားပါသည်။ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ရည်ရွယ်ချက်များအတိုင်း မဉ္ဇူသကနတ်ပန်း အခြေခံတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်စေဖို့၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးကင်း သော ထုတ်ကုန်ပစ္စည်းဖြစ်စေဖို့၊ အလုပ်အကိုင်အခွင့်အလမ်း ပေါများစေရေးနှင့် မိသားစု ဝင်ငွေတိုးရေး အစရှိသော ရည်ရွယ်ချက်များဖြင့် လောကနန္ဒာစွယ်တော်မြတ်စေတီ၏ အရိပ် အာဝါသအောက်တွင် နေရာတစ်ခုစီစဉ်၍ မဉ္ဇူသကနတ်ပန်း အခြေခံတန်ဖိုးမြှင့်ထုတ်ကုန် ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာသင်တန်းတစ်ခု ဖွင့်လှစ်ပေးပါမည်။ မျက်နှာသစ်ဆပ်ပြာခဲ၊ ဆံသားအားဖြည့်ဆီ၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ ယိုအမျိုးမျိုး၊ ဝိုင်၊ လက်ဖက်ခြောက်၊ ကြမ်းတိုက်ဆေးရည်များ ထုတ်လုပ်ခြင်း၊ Packing နှင့် Labeling ဆိုင်ရာများ သင်ကြားပို့ချ ပေးခြင်းတို့ ဆောင်ရွက်ပေးပါမည်။ ဒေသထွက်ကုန်ကြမ်းများကို အသုံးပြု၍ One Village One Product တစ်ခုအဖြစ် အောင်မြင်စွာ ဆောင်ရွက်နိုင်ကြစေရန်ကိုလည်း ရည်ရွယ်ပါသည်။ သည်လောက်ဆိုလျှင် လောကနန္ဒာဘုရားဝင်းအတွင်းက မဉ္ဇူသကနတ်ပန်းသည်လေးများ အနေဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ စေတနာကို သဘောပေါက် ပါပြီ။

ဗျတ္တပန်းဆက်လမ်းနှင့် အတွေးတစ်စ

          ပုဂံရာဇဝင်ထဲက လူစွမ်းကောင်း ဗျတ္တ၊ တောင်တော်ရွှေပုပ္ပါး၏ အခေါင်အဖျားဆီက မွှေးကြူသောပန်းများ ဆွတ်ခူး၍ ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးထံ ဆက်သခဲ့ရသည် ဆို၏။ ယင်းသို့ ဆက်သရာတွင် ဘုရားတင်ရန်ပန်းများ ပါဝင်သကဲ့သို့ ဆေးဖက်ဝင် မဉ္ဇူသက နတ်ပန်းများလည်း ပါဝင်ပေလိမ့်မည်။ သင်္ဘောပျက်ရာမှ ပျဉ်ပြားတစ်ချပ်ကို ဖက်တွယ်ရင်း အသက်ဘေးမှ လွတ်မြောက်ကာ သထုံမနူဟာမင်း၏ ဆရာတော် (ဗားမဲ့ဆရာတော်) ထံ ခိုလှုံလာသော ဗျတ်ဝိဗျတ္တ ညီနောင်နှစ်ဦး၊ ဆရာတော်မရှိခိုက် ဇော်ဂျီဖိုဝင်သားကို ခိုးစားပြီး ဓားပြီး၊ တုတ်ပြီး၊ လှံပြီး ကာယသိဒ္ဓိတန်ခိုးတွေ ကြီးထွားလာသောအခါ မနူဟာမင်းက စိုးရိမ်၍ ဖမ်းဆီး၊ အစ်ကိုကြီးဖြစ်သော ဗျတ်ဝိနှင့် ချစ်သူမအိုဇာတို့၏ ကွမ်းတစ်ယာ ရေတစ်မှုတ်ဇာတ်လမ်းကြောင့် ဗျတ်ဝိလည်းသေ၊ ဗျတ္တလည်း ပုဂံသို့ပြေးပြီး ကျန်စစ်သား၏ လက်အောက်၌ အမှုတော်ထမ်းရင်း နော်ရထာမင်းထံ ပန်းတွေဆက်၊ ပုပ္ပါးသူ မယ်ဝဏ္ဏနှင့် အိမ်ထောင်ကျပြီး သားနှစ်ယောက်ရ၊ နော်ရထာမင်းကြီးက ကလေးများ ရေသုံးရန် ရွှေဖျဉ်း အိုးများ ချီးမြှင့်ခဲ့၍ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးဟု အမည်တွင်ခဲ့၊ စောလူးမင်းနှင့် ကစားဖက် များဖြစ်လာ၊ အဖေဖြစ်သူ ဗျတ္တ အမှုတော်ထမ်းရင်း ကွယ်လွန်ချိန်မှာ ရွှေဖျဉ်းညီနောင်တို့ကို သူရဲကောင်းများအဖြစ် မြှောက်စားခံရ၊ ရွှေဖျဉ်းညီနောင်တို့၏ အစွမ်းပြမှုကြောင့် နော်ရထာ မင်းအား လေးစားခန့်ညားသွားရသော တရုတ်ဘုရင် ဦးတည်ဘွားထံမှ ဗုဒ္ဓစွယ်တော်ပွားများ ရရှိပင့်ဆောင်လာချိန် ဖောင်တော်ဦးဆိုက်ရပ်သွားခဲ့သော တောင်ပြုန်းဒေသမှာ ဘုရားတည် ဖို့ဖြစ်လာ၊ မင်းမှုထမ်းအားလုံး အုတ်တစ်ချပ်သဲတစ်ဆုပ်လှူရန် ဘုရင့်အမိန့်ချထားသော် လည်း၊ နော်ရထာမင်း၏ ချီမြှင့်မြှောက်စားခြင်းခံရ၍ သောက်စားမူးရစ်နေသော ရွှေဖျဉ်း ညီနောင်တို့ လှူရန်ပျက်ကွက်ပြီး ဘုရားမှာ အုတ်နှစ်ချပ်လပ်နေ၊ ပျက်ကွက်သူကို အပြစ်ပေး ရန် အမိန့်ချလိုက်သောအခါ မနာလိုဖြစ်နေသော မူးမတ်အချို့က ရွှေဖျဉ်းညီနောင်တို့၏ လည်မျိုကို တုတ်ဖြင့် ရိုက်သတ်ခဲ့ကြ၊ တစ်နေ့ ဘုရင်နော်ရထာ တိုင်းခန်းလှည့်လည်စဉ် တောင်ပြုန်းအရပ်မှာ ဖောင်တော်ရပ်တန့်နေရာ ဟူးရားဖြူ ဟူးရားညိုတို့က ရွှေဖျဉ်းညီနောင် မင်းကြီးမင်းလေးနှစ်းပါး နတ်စိမ်းဖြစ်၍ဆွဲထားကြောင်း လျှောက်တင်၊ အနော်ရထာမင်းကြီး က အုတ်နှစ်ချပ်လပ်နေသော ဆုတောင်းပြည့်စေတီတော်ရှိရာ ယခု တောင်ပြုန်းနယ်ကို ရွှေဖျဉ်းညီနောင် (မင်းကြီး၊ မင်းလေး) တို့အား အပိုင်စားပေးခဲ့သည်ဆို၏။ ဤသည်တို့ကား ပုဂံ၊ ပုပ္ပါး၊ ဗျတ္တပန်းဆက်လမ်းနှင့် မဉ္ဇူသကနတ်ပန်းအကြောင်း စဉ်းစားရင်း စီကာရီကာ ပေါ်လာသော၊ ဖတ်ဖူးမှတ်ဖူးခဲ့သော ပုဂံရာဇဝင်ထဲက ဖြစ်ရပ်များ၊ ရာဇဝင်လား၊ ဒဏ္ဍာရီ ပေပဲလား၊ သို့တည်းမဟုတ် တုတ်ထမ်းပြီး ပြောရတော့မည်လား မသိတော့ပါ။

မြင်းကပါခေတ်မီစံပြကျေးရွာ (Smart Village)

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး၌ ခေတ်မီစံပြ ကျေးရွာ (Smart Village) များ ထူထောင်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြင်းကပါကျေးရွာသည် စံပြကျေးရွာအဖြစ် ရွေးချယ်ခြင်းခံရပြီး လုပ်ငန်းများအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ရွာတွင်း လမ်းများ ပြုပြင်ခြင်း၊ အုတ်စီရေမြောင်းများ ဆောင်ရွက်ပေးခြင်း၊ Slab Culvert များ ပြုလုပ် ခြင်းတို့ကို လတ်တလော အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ရွာတွင်းလမ်း ပြုပြင်မှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ အကောင်အထည်ဖော် ထူထောင် ထားသည့် စံပြကျေးရွာများအနက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အလားအလာရှိသည့် ကျေးရွာ များကို ဦးစားပေးအလိုက်ဖော်ထုတ်၍ လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) ကို အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ မြင်းကပါကျေးရွာသည် အာဆီယံနိုင်ငံများ အတွင်း လူမှုစီးပွားဘဝမြင့်မားရေး၊ ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ကျေးရွာကွန်ရက် ချိတ်ဆက်မှုအတွက် ကျေးရွာများ သတ်မှတ်ရွေးချယ်ရာ၌ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) အင်းလေးဒေသမှ အင်းပေါခုံရွာနှင့်အတူ ပါဝင်လျက်ရှိသည်။ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရင်း ယွန်းထည် လုပ်ငန်း မြင့်မားတိုးတက်လာစေရေးကိုလည်း အားပေးကူညီဆောင်ရွက်ပေးရမည်။ ဇူလိုင် လ ၁၁ ရက်နေ့နံနက်ပိုင်း၌ မနူဟာဘုရားအနီး ဓမ္မာရုံတစ်ခုတွင် ဖွင့်လှစ်သင်ကြားပေးနေ သော ဧည့်လမ်းညွှန်၊ ဧည့်လမ်းပြသင်တန်းသို့ ဝင်ရောက်ကြည့်ရှုအားပေးရင်း ဆရာဦးသန်းဇော် (ရှေးဟောင်းသုတေသီ)နှင့် သင်တန်းသား၊ သင်တန်းသူများကို နှုတ်ဆက်ခဲ့ပါသည်။

ကုန်းတန်းကြီး၊ ဖျောက်ဆိပ်ပင်နှင့် သန့်စင်ကြယ်

          ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ကျေးရွာများ၏ အဝင်လမ်းများ၊ ရွာတွင်း လမ်းများ ပြုပြင်ဖောက်လုပ်ပေးရမည့် ကျေးရွာများထဲတွင် ကုန်းတန်းကြီးကျေးရွာနှင့် ဖျောက်ဆိပ်ပင်ကျေးရွာများလည်း အပါအဝင်ဖြစ်၏။ ကုန်းတန်းကြီးကျေးရွာအဝင်လမ်းကမူ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်း ၄ ဖာလုံ ခင်းရန် ရန်ပုံငွေခွင့်ပြုထားပြီးဖြစ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုဇူလိုင်လကုန်တွင် ပြီးစီးမည်ဖြစ်သည်။ ကုန်းတန်း ကြီးကျေးရွာအထိ ကျန်လမ်း ၁/၀မိုင်ကိုလည်းကောင်း၊ ကုန်းတန်းကြီးလမ်းသို့ လာရောက် ဆက်သွယ်မည့် ဖျောက်ဆိပ်ပင်ကျေးရွာအဝင်လမ်း ၃ ဖာလုံကိုလည်းကောင်း ကွန်ကရစ် လမ်းအဖြစ် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ကုန်းတန်းကြီး၊ ဖျောက်ဆိပ်ပင် နှင့် သန့်စင်ကြယ်ရွာများသည် ကုန်းတန်းကြီးကျေးရွာအုပ်စုတွင် ပါဝင်ပြီး စုစုပေါင်းအိမ်ခြေ ၈၃၂ အိမ်၊ မြေပဲ/ နှမ်း ဆီထွက်သီးနှံစိုက်ဧက ၄၂၀၀ ကျော် ရှိနေပေသည်။ ကုန်းတန်းကြီး ကျေးရွာမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လမ်းလုပ်ငန်းအကြောင်းရှင်းပြပြီး ဆီထွက်သီးနှံ စိုက်ပျိုးရေးကိုလည်း အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေးသမဝါယမအသင်း များဖွဲ့စည်း၍ လိုအပ်သည့် ကူညီထောက်ပံ့မှုများပေးနိုင်ရန် ညှိနှိုင်းမှာကြားခဲ့ပါသည်။

အရှေ့ဖွားစော၊ အနောက်ဖွားစောနှင့် နတ်ကြိုအိုင်

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်မည့် ကျေးရွာ ၉ ရွာမှလမ်းများအနက် ပထမဦးစားပေး ၆ လမ်းထဲတွင် ပါဝင်နေသော အရှေ့ဖွားစော ကျေးရွာအဝင်မှ ဇေယျဝေရီကန်သို့ သွားသောလမ်းအား ဂျင်းကျောက်ခင်းခြင်းကို ပြီးခဲ့သည့် ဇွန်လထဲမှာပင် စတင်ဆောင်ရွက်နေပြီဖြစ်သည်။ ယခုတစ်ခေါက်တွင်မူ လမ်းအရှည် ၁/၃ မိုင် အနက် အနိမ့်ပိုင်း ၅၂၄၀ ပေအား မြေသား ၂ ပေထု တင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက် နေမှုနှင့် ပေ ၈၀ ရေကျော်၊ ပေ ၅၀ ရေကျော်၊ ပေ ၁၅၀ ရေကျော် တည်ဆောက်ပေးမည့် နေရာတို့ကို လိုက်လံကြည့်ရှု၍ အချိန်မီပြီးစီးရေး၊ ယာဉ်/ ယန္တရားလိုအပ်ချက်၊ ရာသီဥတုနှင့် လုပ်ငန်းပမာဏကို တွက်ချက်၍ ဆောင်ရွက်မည့် ဦးစားပေးအစီအစဉ်တို့နှင့် စပ်လျဉ်း၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။

          အနောက်ဖွားစောရွာ၏ ရွာတွင်းလမ်း ၂.၆၅ ဖာလုံကိုမူ ဂျင်းကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပေးထားပြီး ဖြစ်သည်။ ရွာတွင်းလမ်းကို ကြည့်ရှုရင်း ကျေးရွာလူကြီး များနှင့် မိဖုရားဖွားစောအကြောင်း ပြောဖြစ်ခဲ့ကြသည်။ အနောက်ဖွားစောရွာတွင် အခြေခံ ပညာအလယ်တန်းကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းရှေ့၌ စံကိုက်ဘောလုံးကွင်းတစ်ကွင်း တွေ့ရ၍ ဆောင်ရွက်ပေးခဲ့သူများကို ကျေးဇူးတင်လေးစားမိသည်။ ကျောင်းတိုင်းမှာ အားကစားကွင်းတစ်ခု ရှိဖို့ရာ လွယ်ကူသည်မဟုတ်ပါ။ ထိုရွာမှတစ်ဆင့် နတ်ကြိုအိုင်ကျေးရွာ သို့ သွားခဲ့သည်။ ကနဦးတစ်ခေါက်က ရွာထိပ်ထိမရောက်ခဲ့၊ ထိုလမ်းပေါ်က ၂၀၂၄-၂၀၂၅ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ပေ ၆၀ x ပေ ၂၀ ရေကျော်အမှတ်(၁) တည်ဆောက် နေမှုကို ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ခေါက်တွင်မူ ပြုပြင်ပေးရမည့် လမ်းအခြေအနေ နှင့် ရေကျော်အမှတ်(၂) တည်ဆောက်မည့်နေရာတို့ကို လိုက်လံကြည့်ရှုခဲ့ပါသည်။ ရွာထိပ်သို့ ရောက်သောအခါ ဆိုင်းဘုတ်မှာ ရေးသားထားသောအမည်က နတ်ကြိုအိုင်ဟူ၏။ အောက်က မြင့် မပါသဖြင့် နတ်ကြို့အိုင်ဟု ကျွန်တော်တို့ အခေါ်အဝေါ်လွဲနေတာ သတိပြုမိသည်။ အချို့ ကလည်း နွားကြိုးအိုင်ဟု ခေါ်နေကြသည်။ စုက္ကတေးမင်းနှင့် စီးချင်းမထိုးမီ နတ်ကောင်း နတ်မြတ်များက အနော်ရထာမင်းအား ကြိုဆိုခဲ့ကြသည်ကို အစွဲပြုခေါ်ဝေါ်ခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆို၏။

ပုဂံအလှရှာပုံတော်

          ရေတွက်လျှင်x x x ရွှေလက်ပင်ညောင်း x x x လှည်းဝင်းရိုးသံတညံညံ ပုဂံဘုရားပေါင်း x x x စာဆိုရှိသည် အဓိပ္ပါယ်လှယ်ယူမည် x x x လေးသန်းလေးသိန်းလေးသောင်း ခြောက်ထောင့်ခုနစ်ရာ သုံးဆယ့်သုံးဆူတည်ထား x x x ရှိငြားခဲ့ပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာကပင် ရေဒီယိုမှာ နားထောင်ခဲ့ရသည့် ပုဂံအလှရှာပုံတော်သီချင်း။ စန္ဒရားဦးလှထွတ် ရေးဖွဲ့သီကုံးပြီး တေးသံရှင်ကြီး ဒေါ်ချိုဝေလွင်က သီဆိုခဲ့သည်။ မြန်မာ့ ယဉ်ကျေးမှုစုဝေးရာအမှန် x x x ပုဂံမြို့အလှ x x x အဝေးကပင်မြင်နိုင်ပါသည် ဆိုသည့် တေး စာသားများ။ စုလစ်မွန်းချွန် x x x လက်ရာမွန်သည် x x x မြန်မာနိုင်ငံမှသည် ကမ္ဘာပြိုင်စံရှား သည် x x x တွေ့မြင်သူတိုင်း လက်ဖျားခါလောက်သည် x x x အနုအလှ ပန်းပုပန်းချီ တုမမီ နိုင်ပြီ x x x ပန်းရံမှာဆိုလည်း အမှန်သာလို့ပဲ ယနေ့တိုင် အထင်အရှား x x x ဝင့်ကြွားစွာ ရှိသည် x x x ပုဂံမြို့လို့ နိုင်ငံတကာထင်ပေါ်သည် စသည့် တေးစာသားများကို သီဆိုထား သည့် အစ်မကြီး ဒေါ်ချိုဝေလွင်၏ အသံနှင့်အတူ ငယ်စဉ်ကပင် ပုဂံအလှကို မှန်းမျှော်၍ ရှာခဲ့ ဖူးသည်၊ စိတ်ကူးဖြင့် ရောက်ခဲ့ဖူးသည်။ ယခုအခါတွင်မတော့ ပုဂံအလှကို ခံစားရုံသက်သက် မျှမဟုတ်ဘဲ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များဖြင့် ပူးပေါင်းပါဝင် အလှဆင်ခွင့်ရခဲ့ပါပြီ။ ရွာတွင်းလမ်းတွေ သာသာယာယာဖြစ်အောင် ဖန်တီး ပုံဖော်ပေးမည်၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် လက်တွဲဆောင်ရွက်မည်။ ဒေသခံများ၏ လူမှုစီးပွားဘဝ မြင့်မားရေးကိုလည်း တတ်စွမ်း သမျှ ထောက်ကူပေးမည်။ ကျွန်တော်ချစ်သော ပုဂံဒေသ အမြဲထာဝရ လှနေစေချင်ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm