Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ တစ်နှစ်တာကာလပတ်လုံး သယ်ယူပို့ဆောင် ရောင်းချနိုင်ရေး ရာသီမရွေးဆက်သွယ်သွားလာနိုင်သည့် ကျေးလက်လမ်းများအဓိကလိုအပ်လျက်ရှိ


22 Jul,2024

နေပြည်တော် ဇူလိုင် ၂၂

နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသား အကျိုးစီးပွားကို ရှေးရှုပြီး အမျိုးသားရေး ရည်မှန်းချက် ဖြစ်သည့် တိုင်းပြည်သာယာဝ ပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးနှင့် အကျုံးဝင်သော ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက် လျက်ရှိသကဲ့သို့  မိမိတို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့်လည်း ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသများစဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများအား အဓိကရည်မှန်းချက်ထားဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအောက်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် လည်း လမ်းကွန်ရက်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ပြီး ၂၀၃၀ ခုနှစ် မတိုင်မီ မြန်မာနိုင်ငံ အတွင်းရှိ ကျေးရွာများတွင် ရာသီမရွေးသွားလာနိုင်သောလမ်းများ ပေါ်ပေါက်လာရေး ရည်မှန်းချက် ထားရှိကာ ကျေးလက် လမ်း၊တံတားများ ဖွံ့ဖြိုးတိုးတက်ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေး ခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၁၆) သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ညှိနှိုင်း အစည်းဝေးနှင့် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြား ခဲ့ခြင်းဖြစ်ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသများ ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းများမှာ ကျေးလက်ဒေသများအတွင်း သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့မှုအပေါ်များစွာ အခြေခံနေတာကြောင့် ကျေးလက်ဒေသ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်မှုဟာ အဓိကအရေးကြီးသော အခန်းကဏ္ဍမှာပါဝင်ကြောင်း၊ ဒေသခံပြည်သူများ၏ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ တစ်နှစ်တာကာလပတ်လုံး သယ်ယူပို့ဆောင်ရောင်းချနိုင်ရေးအတွက် ရာသီမရွေး ဆက်သွယ်သွားလာနိုင်သည့် ကျေးလက်လမ်း များအဓိကလိုအပ်လျက်ရှိတာကြောင့် နိုင်ငံအတွင်းကျေးလက်လမ်း၊တံတားများအား အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းအားဖြင့် ကျေးလက်နေပြည်သူများ၏ ပညာရေး၊ကျန်းမာရေး အစရှိသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးသာမက ပြည်သူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မှုမြင့်မားလာပြီး နိုင်ငံ၏ GDP တိုးတက်ရေးအထိပါ အထောက်အကူပြုနိုင်မှာဖြစ်သည့်အတွက် ကျေးလက်လမ်း၊ တံတားများ အဆင့်မြှင့်တင်ခြင်း၊ အသစ်တည်ဆောက်ခြင်းတို့ကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနအနေဖြင့် အားသွန်ခွန်စိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ပါ ကြောင်း၊ ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျေးလက်ဒေသ အခြေခံအဆောက်အဦ များ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သကဲ့သို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာနှင့် စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်ရေးလည်း လိုအပ်ပါကြောင်း၊ ယခုလို ဘက်စုံ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဌာနတစ်ခုတည်းအနေဖြင့် ဆောင်ရွက်လို့မရဘဲ ဌာနတစ်ခု နှင့်တစ်ခု ကဏ္ဍတစ်ခုနှင့်တစ်ခု ဟန်ချက်ညီညီချိတ်ဆက်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ၏ လယ်ယာသားငါးထွက်ကုန်များ သယ်ယူပို့ဆောင်ရာမှာ လွယ်ကူလျင်မြန်ပြီး ဈေးကွက်သို့ အချိန်မီ တင်ပို့နိုင်ရေးအတွက် ကျေးလက် လမ်း၊ တံတား လုပ်ငန်းများကို အဆင့်မြှင့်တင်ခြင်း၊ အသစ် တည်ဆောက်ခြင်းများ ဆောင်ရွက်ပေးနိုင်သလို ဦးစီးဌာနပိုင်ယာဉ်၊ စက်ယန္တရားများ ထောက်ပံ့ ပေးမှုများဖြင့် သက်ဆိုင်ရာဌာနများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ စိုက်ပျိုးရေရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေး လမ်းများကို တိုးမြှင့်ဆောင်ရွက်သွားဖို့ မှာကြားလိုပါကြောင်း၊ ဦးစီးဌာန ဝန်ထမ်း များ အနေဖြင့် ကျေးလက်နေပြည်သူများအပေါ် စေတနာထား ကူညီပံ့ပိုးပေးကြရန် မိမိတို့ ကူညီ ပေးနိုင်သမျှ လုပ်ပေးနိုင်သမျှကိုလည်း မြန်မြန်ဆန်ဆန်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုတိုင်းမှာ အခက်အခဲများရှိနိုင်သော်လည်း ပြဿနာတိုင်းမှာ အဖြေရှိသည့် အတွက် ဖြစ်လာနိုင်သည့် အခက်အခဲများကို အတူတကွဝိုင်းဝန်းကြိုးပမ်း ဖြေရှင်းနိုင်မည့် နည်းလမ်း များကို ကြိုတင်စီမံဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း။

ယခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများနှင့် စီမံကိန်း များကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နိုင်ငံတော်မှ ချမှတ်ထားသည့် တင်ဒါစည်းမျဉ်း/ စည်းကမ်းများနှင့်အညီ တင်ဒါခေါ်ယူရေး လုပ်ငန်းများကို တတ်နိုင်သမျှ ဆောလျင်စွာ ပြီးစီးရေးနှင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များထံမှ အတည်ပြုခွင့်ပြုချက်များ မြန်ဆန်စွာ ရရှိရေးတို့ကိုလည်း ညှိနှိုင်းတင်ပြဆောင်ရွက်ကြစေလိုပါကြောင်း၊ လျာထားလုပ်ငန်းများကို မြေပြင် မှာ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာလည်း ဆောလျင်စွာအချန်မီပြီးစီးရေး၊ သတ်မှတ် စံချိန် စံညွှန်း၊ အရည်အသွေးပြည့်မီစေရေးတို့ကို အလေးထားကြပ်မတ်ဆောင်ရွက်ဖို့မှာကြားလိုပါကြောင်း၊ ဒါမှသာ ပြည်သူများအနေဖြင့် ဖွံ့ဖြိုးရေး အသီးအပွင့်များ၊ အကျိုးရလဒ်များကို မြန်မြန် ခံစားရရှိမှာ ဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေသုံးစွဲရာမှာလည်း နိုင်ငံတော်က ချမှတ်ထားသည့် ဥပဒေ၊ ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျ ထုတ်ယူသုံးစွဲရန်နှင့် အကျိုးရှိသော နေရာ များတွင်သာသုံးစွဲကြရန် ထပ်လောင်းမှာကြားလိုပါကြောင်း၊ ကျေးလက်နေပြည်သူ(၇၀)ရာခိုင်နှုန်း၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးကို အထောက်အကူဖြစ်စေမည့် ကျေးလက်လမ်း/တံတားများ အရည်အသွေးမီကောင်းမွန်ပြီးစီးရေး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနဝန်ထမ်းများမှ စွမ်းဆောင် ရည်ပြည့်ဝစွာဖြင့် ဌာနလုပ်ငန်းတာဝန်များအား ပုံမှန်ကျေပွန်စွာဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်နှင့် ပြည်သူ့ အကျိုးအား ဆထက်ထမ်းပိုးကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားပါသည်။

          ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုးက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများနှင့်  စဉ်ဆက်မပြတ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပေါင်းစပ်ဆောင်ရွက်ရန်ကိစ္စများ၊ ဝန်ထမ်းကျင့်ဝတ် နှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းဆိုင်ရာကိစ္စများ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ လိုက်နာရန် ကိစ္စများအား ဆွေးနွေးပြောကြားပါသည်။

            ဆက်လက်၍ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်လမ်းမိုင်အရှည်(၄၃၉၉၇)မိုင် တာဝန်ယူ တည်ဆောက်ထိန်းသိမ်းလျက်ရှိရာမှာ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ငွေလုံး ငွေရင်းရန်ပုံငွေကျပ် ၄၉ ဒသမ ၁၃ဘီလီယံဖြင့် လမ်းမိုင်ပေါင်း(၁၉၀)မိုင်၊ တံတား၊ ရေကျော်နှင့် Box Culvert အစင်းရေပေါင်း(၁၆၉)စင်း၊ တိုင်းဒေသကြီး/ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၁၀ ဒသမ ၇၄ဘီလီယံဖြင့် လမ်းမိုင်ပေါင်း(၉၃၀)မိုင်၊ တံတား၊ ရေကျော်နှင့် Box Culvert အစင်း ရေပေါင်း(၁၀၇၂)စင်းတို့အား အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့သည့် အတွက် ကျေးရွာ ပေါင်း (၇၃၉၅)ရွာရှိ ဒေသခံပြည်သူ ၅ ဒသမ၅၄ သန်းကို အကျိုးပြုပေးနိုင်ခဲ့ကြောင်းနှင့် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် လမ်း၊ တံတားလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍  တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးများက မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုနှင့် ယခုဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။        

          ဆက်လက်ပြီး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၏ တင်ပြချက်များအပေါ် ကျေးလမ်းဖွံ့ဖြိုးရေးမဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် လမ်းတံတားအရည်အသွေးထိန်းသိမ်းမှုဆိုင်ရာများအား သုံးသပ်ဆွေးနွေးတင်ပြပြီးနောက် ဆက်စပ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်  သက်ဆိုင်ရာကဏ္ဍများ အလိုက် ဦးစီးဌာနအချင်းချင်း ပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေများ ဆက်လက်ဆောင်ရွက် သွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် အတွင်း တစ်နှစ်တာအတွင်း ဦးစီးဌာန၏ လုပ်ငန်းစွမ်းဆောင်ရည်ဆုနှင့် ထူးချွန်ဆုများရရှိခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm