Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပြင်ဦးလွင်မြို့နယ်၊ ဆင်ဖြူအင်းခေတ်မီစံပြကျေးရွာ (Smart Village) အား ကြည့်ရှုစစ်ဆေး


24 Jul,2024

နေပြည်တော် ဇူလိုင် ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစ၍ ခေတ်မီစံပြကျေးရွာ (Smart Village) များကို အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ စုစုပေါင်း (၁၂၈) ရွာ လျာထားသတ်မှတ်၍ ကျေးရွာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးခြင်း၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုများ ထောက်ပံ့ကူညီခြင်း၊ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးနှင့် ကျေးရွာစီးပွားမြင့်မားစေရန် ဆောင်ရွက်ခြင်း၊ အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး နှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး အသိပညာများ ဖြန့်ဝေပေးခြင်းစသည့် ကဏ္ဍကြီး (၆) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဆင်ဖြူအင်း ခေတ်မီစံပြ ကျေးရွာ (Smart Village) သို့ ရောက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ခွင့်ပြုဆောင်ရွက်ပေးထားသော ကျေးရွာရေသန့်စင်စက် တပ်ဆင်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ဖြင့် ကုန်ထုတ်လမ်းအရှည် (၁) မိုင် ဖောက်လုပ်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။ ပြီးလျှင် ဆင်ဖြူအင်းကျေးရွာ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ကျေးရွာအုပ်စုအတွင်း စိုက်ပျိုးထားသော စတော်ဘယ်ရီ၊ ပင်မှည့်၊ နာနတ်နှင့် အခြားရာသီသီးနှံများအတွက် လိုအပ်သော ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ များကို သတ်မှတ်နှုန်းထားဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး ပြင်ဦးလွင် မြို့နယ်သမဝါယမအသင်းနှင့် ဆက်သွယ် ဆောင်ရွက်ရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဆင်လမ်း-ဆင်ဖြူအင်း-အုတ်ဖို ကျေးရွာချင်းဆက်လမ်း အရှည် (၃) ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီး က သတ်မှတ်အချိန်အတွင်း အရည်အသွေး စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး၊ ကျန်ရှိနေသည့် လမ်းမိုင် ၁ မိုင် ၁ ဖာလုံအား လာမည့်ဘဏ္ဍာနှစ်များတွင် ဆက်လက်လျာထား ဆောင်ရွက်ပေးရေး မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့မဈေးကြီး ဈေးသမဝါယမအသင်းလီမိတက်သို့ ရောက်ရှိခဲ့ပြီး အသင်းဥက္ကဋ္ဌ ဦးထွန်းမြင့်၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ် သည်များ မှာကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် သမဝါယမအသင်းစု၏ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်သို့ သွားရောက်ပြီး သီးနှံပေါ်ပေးစနစ်ဖြင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချ ပေးနေသော ဓာတ်မြေဩဇာများ၊ နေပြည်တော်နှင့် မန္တလေးမြို့တို့မှ ထုတ်လုပ်သည့် စမ်းဝတီ သဘာဝ မြေဩဇာများ၊ ပျော်ဘွယ်မြို့မှ ထုတ်လုပ်သည့် ဂျိုးဖြူ အီးအမ်ဘိုကာရှီ သဘာဝဩဇာများအား ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ်၊ ကြီးကိုင်ကျေးရွာသို့ သွားရောက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်သင်ကြားနေသည့် သံဂဟေဆက်သင်တန်းမှ သင်တန်းသားများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ပြီး ထူးချွန်သင်တန်းသားများထံ ထောက်ပံ့ ပေးအပ်မည့် လုပ်ငန်းသုံးပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် အနီးစခန်း၊ ရပ်ကွက်ကြီး(၁၇) သို့ သွားရောက်၍ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းသို့ တက်ရောက်ခဲ့ပြီး တစ်ပိုင်တစ်နိုင် ကော်ဖီစိုက်ပျိုးထုတ်လုပ်နေသော မေမြို့ပါဆယ်ကော်ဖီလုပ်ငန်းကို ကြည့်ရှုအားပေးခဲ့ ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm