Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၄) (ကျန်းမာရေးဝန်ကြီးဌာန)


07 Jun,2023

မြင့်စိုး(နတလ)

ပေါက်တောမြို့က ရတနာလေးတွေ

          တစ်နာရီမိုင် ၁၀၀ ကျော်နှုန်းတိုက်ခတ်နေသည့် လေပြင်းဒဏ်ကြောင့် ပင်လယ်ထဲက တဝုန်းဝုန်းရိုက်ခတ်နေသော လှိုင်းသံတွေ၊ တဖြောင်းဖြောင်းကျိုးကျလဲပြိုနေသော သစ်ပင် သစ်ကိုင်းတွေ၊ မိုးသံလေသံတွေကြားမှာ ကိုယ်ဝန်အရင့်အမာနှင့် မီးမဖွားရသေးသော မိခင်လောင်း တစ်ဦးသည် မည်သည့်အရာကိုဆုတောင်းလိမ့်မည်ထင်ပါသနည်း၊ မိမိတို့နေထိုင်လျက်ရှိသည့် အိမ်လေး ပြိုလဲမသွားရေးလား၊ မိမိ၏အသက်အန္တရာယ်မဆုံးရှုံးစေရေးလား၊ သို့တည်းမဟုတ် မွေးကာနီး ဖွားကာနီး မိမိလွယ်ထားရသော ဝမ်းကြာတိုက်ထဲက သားရတနာ၊ သမီးရတနာလေး ဘေးမသီရန်မခ လူ့လောကကြီးထဲကို ရောက်ရှိလာစေရေးလား၊ ကျွန်တော်ကတော့ တုနှိုင်းမရသည့် မိဘမေတ္တာနှင့် ယှဉ်၍ ထွက်ပေါ်လာသော ဆုတောင်းသံတွေကို ကြားယောင်နေသလိုပင်။ ထိုကာလတစ်လျောက်လုံး မိခင်လောင်း၏ရင်ထဲမှာ အပူမီးတွေကြွ၍ ဗလောင်ဆူနေပါလိမ့်မည်။ အဖေအမေအတွက်ပူရ၊ လင်တော်မောင်အတွက်ပူရ၊ သားသမီးတွေရှိနေလျှင်လည်း သူတို့အတွက် ပူရ၊ ထို့ပြင် ဗိုက်ထဲက ကလေးအတွက်ပါပူရနှင့် သူ့အတွက်ပူဖို့ရန်ပင် အချိန်ကျန်သေးရဲ့လား မသိတော့ပါ။

          ဤသည်တို့ကား ပြီးခဲ့သည့်မေလ ၁၄ ရက်နေ့က ကြုံတွေ့ခဲ့ရသည့် မိုခါမုန်တိုင်းနှင့် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့လေးဆီက ကိုယ်ဝန်ဆောင်မိခင်များ၏ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲခဲ့သော စိတ်ဓာတ်ရေးရာတိုက်ပွဲပဲဖြစ်ပါသည်။ ဤပွဲမှာ ရခိုင်မိခင်လောင်းများ အနိုင်ရခဲ့ ပါ၏။ မုန်တိုင်းတိုက်ခတ်မှုအပြီး မေလ ၁၄ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ရိုးရိုးမွေးလူနာတစ်ဦး မေလ ၁၅ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် ခွဲစိပ်မွေးဖွားပေးခဲ့ရသော မွေးလူနာတစ်ဦးတို့ကို ပေါက်တောမြို့ပြည်သူ့ဆေးရုံရှိ ဆရာဝန်၊ ဆရာမ၊ သူနာပြုများက အောင်မြင်စွာကြိုးပမ်းအား ထုတ်မွေးဖွားပေးနိုင်ခဲ့သည်။ ဂုဏ်ပြုလိုက်ပါသည် ပေါက်တောမြို့လေးဆီက ဆရာဝန်၊ ဆရာမ၊ သူနာပြုများတို့ရေ …..။

လူ့အသက်ထက်အရေးကြီးတာဘာမျှမရှိ

          ကိုဗစ်ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများ ဝိုင်းဝန်ကြိုးပမ်းဆောင်ရွက်ကြစဉ် အချိန်ကာလကတည်းက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အမှာစကားဖြစ်သည်။ ဤစကားရပ်သည် ကပ်ရောဂါဘေးအတွက်သာမက သဘာဝဘေးအပါအဝင် နိုင်ငံသူနိုင်ငံသားများ ကြုံတွေ့လာရသည့် မည်သည့်ဘေးအန္တရာယ်အတွက်မဆို ရာနှုန်းပြည့်သက်ရောက်မှုရှိနေပါ လိမ့်မည်။ သည့်အတွက်လည်း လူ့အသက်ပေါင်းများစွာကို ကူညီကယ်ဆယ်စောင့်ရှောက်မှုပေးနေ သော ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ မုန်တိုင်းမဝင်ရောက်မီ အကြိုကာလဖြစ်သော ၂၀၂၃ ခုနှစ် မေလ ၇ ရက်နေ့၌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများနှင့် အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပကာ သဘာဝဘေးဖြစ်ပွားလာပါက ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် အထူးကုဆေးအဖွဲ့များ၊ အရေးပေါ်တုံ့ပြန်ရေးဆေးအဖွဲ့(Rapid Response Team)များ ကြိုတင်ဖွဲ့စည်းထားရန်၊ ဆေးနှင့်ဆေးပစ္စည်းများအား ဘေးသင့်နိုင်သည့် ဒေသများနှင့် အနီးဆုံးနေရာများသို့ ကြိုတင်ပို့ဆောင်ထားရန်၊ ကျန်းမာရေးဌာနအဆောက်အဦများ၊ ဆေးရုံသုံးပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ ပျက်စီးဆုံးရှုံးမှုနည်းပါစေရေး ကြိုတင်ပြင်ဆင် ထားရှိရန်၊ ဆေးရုံမှလူနာများ၊ ဝန်ထမ်းများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများမှ သင်တန်းသားသင်တန်းသူများအား ဘေးလွတ်ရာသို့ကြိုတင်ရွှေ့ပြောင်းထားရှိရန်၊ မုန်တိုင်းလွန် ကာလ၌ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အမြန်ဆုံးပြန်လည်စတင်နိုင်ရေး ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရန် မှာကြားခဲ့သည်။

          ဦးစီးဌာနများအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းများ၊ စက်ပစ္စည်းများ(CT-scan, X-ray, Ultrasound စသည်) ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ ထိခိုက်နိုင်သောယာဉ်များကို ပျက်စီးမှုမရှိစေရေး ကြိုတင်ရွှေ့ပြောင်းထားခဲ့ကြသည်။ ကုသရေးဦးစီးဌာနအနေဖြင့်လည်း ရခိုင်ပြည်နယ်ကုသရေး ဦးစီးဌာနအပါအဝင် ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်က ပြည်သူ့ဆေးရုံများအတွက် လုပ်ငန်းသုံးရန်ပုံငွေ၊ လုပ်အားခ၊ ကယ်ဆယ်ရေးရန်ပုံငွေ၊ စားနပ်ရိက္ခာ၊ စက်သုံးဆီတို့အတွက် သင့်တော်သောရန်ပုံငွေများကို ကြိုတင်ပေးပို့ထားခဲ့သည်။

ကြိုတင်ဖွဲ့စည်းစေလွှတ်ခဲ့သည်

          ကျန်းမာရေးဝန်ကြီးဌာနသည် ဆေးတက္ကသိုလ်များအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး များမှ အထူးကုဆေးအဖွဲ့ ၁၈ ဖွဲ့၊ သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဆရာဝန်များ ဦးဆောင်သော ဆေးကုသရေးအဖွဲ့ ၁၁ ဖွဲ့၊ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းမှ ဆရာဝန်များ ဦးဆောင်သော ဆေးကုသရေးအဖွဲ့ ၁၆ ဖွဲ့၊ စိတ်ကျန်းမာရေးအထူးကုအဖွဲ့ ၄ ဖွဲ့၊ မျက်စိအထူးကု ဆေးအဖွဲ့ ၄ ဖွဲ့ တို့ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ အဆိုပါဆေးအဖွဲ့များထဲမှ ဆေးတက္ကသိုလ်-၁ (ရန်ကုန်)နှင့် ဆေးတက္ကသိုလ်-၂(ရန်ကုန်)တို့မှ အထူးကုဆရာဝန်များပါဝင်သော ဆေးအဖွဲ့ ၂ ဖွဲ့ကို စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ ပြည်သူ့ဆေးရုံကြီး(ပြည်)နှင့် ဆေးတက္ကသိုလ် (မကွေး)တို့မှ အထူးကုဆရာဝန်များပါဝင်သော ဆေးအဖွဲ့ကို ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးသို့ လည်းကောင်း ကြိုတင်စုဖွဲ့စေလွှတ်ထားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ရောက်ရှိလာကြသော ဆရာဝန် ၁ ဦး၊ သူနာပြု ၄ ဦးစီပါဝင်သော အရေးပေါ်တုံ့ပြန်ရေး ဆေးအဖွဲ့ (RRT) (၅)ဖွဲ့ကိုလည်း ရသေ့တောင်နှင့် ပေါက်တောသို့ ရေကြောင်းခရီးဖြင့်လည်းကောင်း၊ မောင်တောအဖွဲ့အား ရဟတ်ယာဉ်ဖြင့်လည်း ကြိုတင်စေလွှတ်ခဲ့ပါသည်။ ယင်းသို့ကြိုတင် ရောက်ရှိနေသည့်အဖွဲ့များတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်(ပြည်သူ့ကျန်းမာရေး)ဦးဆောင်သော ပြည်သူ့ကျန်းမာရေးဆရာဝန်များပါဝင်သည့် ဗဟိုအားဖြည့်အဖွဲ့၊ ကုသရေးဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ၂ ဦး ပါဝင်သော အဖွဲ့တို့ကိုပါ ပူးပေါင်းစေလွှတ်ထားခဲ့သည်။

မုန်တိုင်းလွန်ကာလကုသရေးလုပ်ငန်းများစတင်

          မိုခါမုန်တိုင်းသည် အရှိန်အဟုန်ပြင်းစွာဖြင့် ရခိုင်ပြည်နယ်အတွင်းသို့ ဦးတည်တိုက်ခတ် လာခဲ့ရာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်ရှိသည့်အနက် မြောက်ပိုင်းမြို့နယ်များဖြစ်သော စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တောမြို့နယ်များတွင် ထိခိုက်ပျက်စီးမှုများပြားခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနသည် မုန်တိုင်းသင့်ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများ အမြန်ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးအတွက် လိုအပ်သည့်တည်ဆောက်ရေးပစ္စည်းများကို အချိန်နှင့်တပြေးညီ ပို့ဆောင်ပေးခဲ့သည်။ ကုသရေးအဖွဲ့များအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်၊ ရေယာဉ်တို့ဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ လေယာဉ်၊ သင်္ဘောများဖြင့်လည်းကောင်း အမြန်ဆုံးပို့ဆောင် ပေးခဲ့သည်။

          နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၅ ဦးစီပါဝင်သော အရေးပေါ်ကျန်းမာရေး တုံ့ပြန်ဆောင်ရွက်မှုအဖွဲ့ (RRT) ၂ ဖွဲ့သည် မေလ ၂၀ ရက်နေ့တွင် စစ်တွေမြို့သို့ ရောက်ရှိလာရာ မင်းပြားမြို့နယ်သို့ ၁ ဖွဲ့၊ ဘူးသီးတောင်မြို့နယ်သို့ ၁ ဖွဲ့ စေလွှတ်တာဝန်ထမ်းဆောင်စေခဲ့ပါသည်။

အရေးပေါ်ကျန်းမာရေးတုံ့ပြန်ဆောင်ရွက်မှု (RRT)အဖွဲ့များ

          ယင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရာတွင် မုန်တိုင်းအကြိုကာလနှင့် တိုက်ခတ်ပြီးစအချိန် များ၌ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်၊ မကွေးတိုင်းဒေသကြီး၊ နေပြည်တော်တို့မှ ဆရာဝန်ဆရာမ များဖြင့် စုဖွဲ့ဆောင်ရွက်ခဲ့ပါသည်။ မေလ ၃၀ ရက်တွင် အလှည့်ကျတာဝန်ထမ်းဆောင်ရန် ရောက်ရှိလာကြသော ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်အဖွဲ့များနှင့် တာဝန်လဲလှယ်ထမ်းဆောင်စေခဲ့ပါသည်။ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းမှ အရေးပေါ် တုံ့ပြန်ရေးဆေးအဖွဲ့အား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရခိုင်ပြည်နယ်သို့ စေလွှတ်ပေးခဲ့ပြီး မြေပုံမြို့နယ်တွင် စတင်တာဝန်ထမ်းဆောင်စေခဲ့ပါသည်။

          ယနေ့အချိန်ထိ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးတွင် အရေးပေါ်တုံ့ပြန်ရေးဆေးအဖွဲ့များ၏ ဖြန့်ခွဲတာဝန်ထမ်းဆောင်မှုအခြေအနေမှာ မောင်တောမြို့နယ်တွင်  ၁ ဖွဲ့၊ ရသေ့တောင်မြို့နယ်တွင် ၂ ဖွဲ့၊ စစ်တွေမြို့နယ်တွင် ၁ ဖွဲ့၊ ပေါက်တောမြို့နယ်တွင် ၁ ဖွဲ့၊ ကျောက်တော်မြို့နယ်တွင် ၁ ဖွဲ့၊ ဘူးသီးတောင်မြို့နယ်တွင် ၁ ဖွဲ့တို့ ရှိနေကြပြီး ပုဂ္ဂလိကဆေးရုံများအသင်းဆေးအဖွဲ့အား မြောက်ဦး မြို့နယ်သို့ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်စေလျက်ရှိပါသည်။

အထူးကုဆေးအဖွဲ့များဖြင့် ကွင်းဆင်းကုသပေး

          ဆေးတက္ကသိုလ်-၁(ရန်ကုန်)နှင့် ဆေးတက္ကသိုလ်-၂(ရန်ကုန်)မှ အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့ ၂ ဖွဲ့သည် ကျောက်တော်မြို့နှင့် မင်းပြားမြို့များတွင် အခြေပြု၍လည်းကောင်း၊ ဆေးတက္ကသိုလ်(မန္တလေး)မှ အထူးကုဆရာဝန်ကြီးများသည် ရသေ့တောင်မြို့နှင့်ပေါက်တောမြို့ များတွင် အခြေပြု၍လည်းကောင်း ကုသမှုများဆောင်ရွက်ပေးခဲ့သည်။ စစ်တွေပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး(ဆေးပညာ)နှင့် အထူးကုဆရာဝန်ကြီး(ခွဲစိပ်)တို့ကိုလည်း ရသေ့တောင်၊ ပေါက်တောသို့ လိုက်ပါပူးပေါင်းဆောင်ရွက်စေခဲ့ပါသည်။ ရန်ကုန်မြို့မှ ရောက်ရှိလာသော မျက်စိ အထူးကုဆေးအဖွဲ့သည် စစ်တွေဆေးရုံကြီးတွင် အခြေပြုကာ မျက်စိလူနာများအား ကုသပေးလျက် ရှိသည်။ ယင်းကဲ့သို့ အထူးကုဆရာဝန်ကြီးများ ပါဝင်လာသောကြောင့် အထွေထွေရောဂါ၊ ခွဲစိပ်ကုလူနာ၊ ကလေးရောဂါ၊ အရိုးအကြော၊ မျက်စိ၊ သားဖွားမီးယပ်၊ သွားနှင့်ခံတွင်း၊ နားနှခေါင်းလည်ချောင်း ရောဂါများကို ကုသပေးသည့်အပြင် ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေး ထိုးနှံခြင်းများကိုလည်း ပြုလုပ်ပေးခဲ့သည်။

          ယင်းကဲ့သို့ အထူးကုဆရာဝန်ကြီးများနှင့် ကုသခွင့်ရခဲ့ကြသော လူနာဦးရေမှာ ရသေ့တောင်တွင် ၁၉၁ ဦး၊ စစ်တွေမြို့နယ်အတွင်းရှိ ကြွီတဲတွင် ၃၉၄ ဦး၊ မင်းဂံတွင် ၂၉၄ ဦး၊ သက္ကေပြင်တွင် ၅၈ ဦး၊ မင်းပြားတွင် ၁၁၅၀ ဦး၊ ကျောက်တော်တွင် ၉၆၁ ဦး၊ ပုဏ္ဏားကျွန်း၌ ၂၇၅ ဦး၊ ပေါက်တောတွင် ၃၇၁ ဦး၊ မာန်အောင်တွင် ၈၄၈ ဦး၊ ဘူးသီးတောင်တွင် ၁၉၀ ဦး၊ မောင်တောတွင် ၅၃၃ ဦး၊ စုစုပေါင်း ၅၂၆၅ ဦး ဖြစ်ပါသည်။ အဆိုပါအထူးကုဆရာဝန်ကြီးများ ကုသမှုပေးနေသောနေရာများသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယဝန်ကြီးများပါဝင်သောအဖွဲ့က သွားရောက်ကြည့်ရှုအားပေးခဲ့ ကြရာ ၂၀၂၃ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့သို့လည်းကောင်း၊ မေလ ၂၄ ရက်နေ့တွင် ပေါက်တောမြို့သို့လည်းကောင်း၊ ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့က စစ်တွေမြို့နယ် ကြွီတဲကျေးရွာသို့ လည်းကောင်း ရောက်ရှိခဲ့ကြသည်။ အထူးကုဆေးအဖွဲ့များကို ကုသရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့သည်။

          စစ်တွေမြို့နယ် ကြွီတဲကျေးရွာသို့ ရောက်ရှိစဉ် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာတင်တင်ဝင်းက မေလ ၁၇ ရက်နေ့ ညနေပိုင်းတွင် စစ်တွေပြည့်သူ့ဆေးရုံကြီးသို့ ရောက်ရှိ လာသော လူနာအမျိုးသမီးတစ်ဦးအား ခဲရာခဲဆစ်ဝိုင်းဝန်းကုသကယ်ဆယ်ခဲ့ရပုံကို ပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။ ယင်းအမျိုးသမီးသည် သားအိမ်ပြင်ပသန္ဓေတည်ရာမှ သန္ဓေသား ပေါက်ထွက်၍ ဝမ်းဗိုက်အတွင်း သွေးထွက်သွေးလွန်လူနာအဖြစ် ရောက်ရှိလာသော (Ectopic Pregnancy)ရောဂါဖြစ်သည်။ အချိန်မီခွဲစိပ်ကုသမှုမပြုနိုင်ခဲ့ပါက အသက်အန္တရာယ်ထိခိုက်နိုင် ကြောင်း သိခဲ့ရသည်။

ဝမ်းလျှောဝမ်းပျက်ရောဂါအလေးထားစောင့်ကြပ်ကြည့်ရှု

          သဘာဝဘေးနှင့်ကြုံကြိုက်နေစဉ်ကာလ၌ အထူးသတိပြုရမည့် ကျန်းမာရေးဆိုင်ရာကိစ္စရပ် တစ်ခုမှာ ဝမ်းလျှောဝမ်းပျက်ရောဂါ မကျရောက်စေရေးပင်ဖြစ်သည်။ ရခိုင်ပြည်နယ် အနေအထား သည် အချို့ကျေးရွာများ၌ မိုးရေလှောင်ကန်၊ ရေစုမြေသားကန်များကို အားထားသုံးစွဲနေရသည်။ သန့်ရှင်းသောသောက်သုံးရေမရပါက ဝမ်းလျှောဝမ်းပျက်ရောဂါနှင့် အခြားရောဂါများပါ ရရှိနိုင်သည်ကို သတိပြုရပေမည်။ သည့်အတွက်လည်း နိုင်ငံတော်အကြီးအကဲက မေလ ၁၅ ရက်နေ့ စစ်တွေ ခရီးစဉ်၌ “ရေတွင်းရေကန်များ သန့်ရှင်းမှုရှိစေရေး၊ ရေသန့်ဆေးများ လိုက်လံခပ်ပေးရန်နှင့် ရေတွင်းရေကန်ပတ်ဝန်းကျင်များ သန့်ရှင်းစေရေး၊ ရေဆိုးရေညစ်အညစ်အကြေးများကို အမြန်ရှင်း လင်းရန်” လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်သည်။

          မိုခါမုန်တိုင်းကျရောက်ပြီး ရက်အနည်းငယ်အကြာ မေလ ၁၉ ရက်နေ့တွင် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဝမ်းလျှောဝမ်းပျက်လူနာ ၂ ဦး၊ မြို့နယ်ပြင်ပ ကျေးလက်ကျန်းမာရေး ဌာနများ၌ ၇ ဦး၊ ပေါက်တောပြည်သူ့ဆေးရုံတွင် ၁ ဦး၊ မင်းပြားပြည်သူ့ဆေးရုံတွင် ၁ ဦးနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ၂၄ ဦး၊ မာန်အောင်မြို့နယ် ကျေးလက်ကျန်းမာရေးဌာနများ၌ ၆ဦး၊ စုစုပေါင်း ၄၁ ဦးဖြစ်ပွားခဲ့သည်။ သို့ဖြစ်၍ အဆိုပါနေ့ရက်များမှစတင်ကာ မင်းပြားမြို့နယ်ကို အထူးအာရုံစိုက်၍ စောင့်ကြည့်ကုသပေးခဲ့သည်။ ကျန်မြို့နယ်များတွင် အနည်းငယ်တွေ့ရှိခဲ့ရ သော်လည်း ပြင်ပလူနာအနေဖြင့်သာ လာရောက်ပြသကုသမှုခံယူကာ ကောင်းမွန်သွားကြောင်း သိရှိရသည်။ သို့ဖြစ်၍ ပြီးခဲ့သည့်ဇွန်လ ၃ ရက်နေ့တွင် မြို့နယ်အသီးသီး၌ ဝမ်းလျှောဝမ်းပျက် ရောဂါတွေ့ရှိရသူ ၁၀ ဦးသာ ရှိပါတော့သည်။ စစ်တွေတွင် ၆ ဦး၊ ရသေ့တောင် ၂ ဦး၊ ပေါက်တော ၁ ဦး၊ ဘူးသီးတောင် ၁ ဦးတို့သည် အတွင်းလူနာ ၅ ဦး၊ ပြင်ပလူနာ ၅ ဦးအဖြစ် လာရောက်ကုသမှု ခံယူကြကြောင်း သိရသည်။ ရခိုင်ပြည်နယ် မုန်တိုင်းသင့်ဒေသများ၌ ဝမ်းလျှောဝမ်းပျက်ရောဂါ အပါအဝင် ကပ်ရောဂါအမျိုးမျိုးမဖြစ်ပွားအောင် ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၏ စေတနာထားကြိုးပမ်းဆောင်ရွက်မှုများဖြင့် ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရသည်။ အခြားရောဂါများဖြင့် တက်ရောက်ကုသမှုအခြေအနေကို ဆန်းစစ်လေ့လာကြည့် သောအခါ ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်၌ ပြည်သူ့ဆေးရုံ ကြီးငယ် ၁၇ ရုံ၊ တိုက်နယ် ဆေးရုံ ၄၂ ရုံ၊ စုစုပေါင်း ၅၉ ရုံတို့တွင် ၁၆.၅.၂၀၂၃ ရက်နေ့မှ ၃.၆.၂၀၂၃ ရက်နေ့ထိ လာရောက် ကုသမှုခံယူကြသော ပြင်ပလူနာ ၁၀၆၁၀ ဦး၊ အတွင်းလူနာ ၂၀၂၀၉ ဦးရှိခဲ့ပြီး၊ ကျေးလက် ကျန်းမာရေးဌာနများသို့ လာရောက်ပြသသူ ၅၁၃၃၇ ဦးရှိခဲ့သည်။ ရေသန့်ဆေးခပ်ပေးမှု ၃၉၈၅ ကြိမ်၊ ကျန်းမာရေးအသိပညာပေးဟောပြောမှု ၆၁၇၆ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါသည်။

ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှု

          ဇွန်လ ၁ ရက်နေ့၌ ကျောင်းများပြန်လည်ဖွင့်လှစ်လိုက်သောအခါ စစ်တွေမြို့ပေါ်ရှိ အခြေခံ ပညာကျောင်းများတွင် ကျန်းမာရေးဝန်ထမ်းများကိုတွေ့ရသည်။ ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ကျောင်းသားကျောင်းသူလေးများအား ကျန်းမာရေးပညာပေးဟောပြောခြင်း၊ ဆေးစစ်ခြင်း၊ ကုသပေးခြင်းများဆောင်ရွက်ခဲ့ကြသည်။ ကျန်မြို့နယ်များတွင်လည်း အလားတူ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ မိုခါမုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ စွမ်းဆောင်မှုများကို ဒေသခံပြည်သူများက ကျေးဇူးတင်အသိအမှတ်ပြုကြသည်။ ဂုဏ်ယူပါသည် ကျန်းမာရေးဝန်ကြီးဌာန….။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm