Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး စားသောက်ကုန် လူသုံးကုန် အလှကုန် ယွန်းရက်ကန်းနှင့် ထုတ်ပိုးမှု ပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲအခမ်းအနားတက်ရောက် ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး


17 Mar,2023

နေပြည်တော် မတ်လ ၁၆ ရက်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန် ယွန်းရက်ကန်းနှင့် ထုတ်ပိုးမှု ပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နေ့လည်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၁၆)၊ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နှင့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ စာတမ်းရှင်များနှင့် ပြင်ပမှ ပညာရှင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန် နည်းပညာ၊ အရင်းအနှီး၊ ဈေးကွက်မဖြစ်မနေလိုအပ်ပါကြောင်း၊ ယနေ့ ခေတ်သည် နည်းပညာခေတ်ဖြစ်သည့်အတွက် ဆန်းသစ်သော နည်းပညာများကို အမှီလိုက်နိုင်ရန် များစွာလိုအပ်ပါကြောင်း၊ ဒီနေ့ကျင်းပပြုလုပ်သည့် သုတေသနစာတမ်းဖတ်ပွဲသည် အသေးစား စက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်ဖြစ်ပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် နှစ်စဉ်သုတေသန လုပ်ငန်းများကို ဆောင်ရွက်ရာ ၂၀၁၅ ခုနှစ်မှစ၍ ယနေ့အချိန်ထိ သုတေသနလုပ်ငန်းပေါင်း များစွာဆောင်ရွက်ခဲ့ပြီး သုတေသန စာတမ်းပေါင်း (၉၇)စောင်ကို ပြုစုထားရှိပြီး ဖြစ်တယ်လို့ သိရှိရပါကြောင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသ၏ထွက်ကုန်၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ လူနေမှုဘဝ မြင့်မားရေးကို အခြေခံပြီး ကဏ္ဍအလိုက် ဦးစားပေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့အပြင် လျှင်မြန်စွာပြောင်းလဲလာသည့် ဈေးကွက်အခြေအနေ များနှင့် စားသုံးသူများ၏ လိုအပ်ချက်များကိုလည်း လိုက်လျောညီထွေဖြစ်အောင် သုတေသန စမ်းသပ်ဆောင်ရွက်ကြရန်လည်း အရေးကြီးပါကြောင်း၊ နိုင်ငံတော်၏ MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန်အတွက် နိုင်ငံတော်အကြီးအကဲများမှလည်း အားပေးဆောင်ရွက်နေသည့် အချိန်အခါ ဖြစ်ပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်လျက် ရှိသည့် အရင်းအနှီး အထောက်အပံ့များပေးနိုင်ရေး နိုင်ငံတော်က စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့်လည်း ယနေ့နိုင်ငံတော်က ဆောင်ရွက်လျက် ရှိသည့် စီးပွားရေးဦးတည်ချက်နှင့်အညီ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေအတွက် အားသွန် ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြရန်လည်း လိုအပ်ကြောင်း လမ်းညွှန်မှာကြားပါသည်။

အဆိုပါ စားသောက်ကုန် လူသုံးကုန် အလှကုန် ယွန်းရက်ကန်းနှင့် ထုတ်ပိုးမှု ပညာရပ်ဆိုင်ရာ စာတမ်းများဖြစ်သည့် ကြက်သွန်နီအခြေခံတန်ဖိုးမြှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာစာတမ်း၊ လက်ငင်ချည်ထုတ်လုပ်သုံးစွဲမှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနစာတမ်း၊ The Future of Packaging စာတမ်း၊ ထုတ်ပိုးမှုဖြင့် ဈေးကွက်ချဲ့ထွင်ခြင်းစာတမ်း၊ Vacuum Freeze Dryer အသုံးပြု၍ တန်ဖိုးမြှင့် သဘာဝသစ်သီးခြောက်များ စမ်းသပ်ထုတ်လုပ်ခြင်း၊ ထောပတ်သီးမှ အဆီအနှစ်(Oil Extract)များ ထုတ်ယူ၍ Herbal Cosmetic အလှကုန်ပစ္စည်းများ စမ်းသပ် သုတေသနပြုလုပ်ခြင်း၊ မြန်မာ့သစ်စေးအကြောင်းကိုလေ့လာခြင်းနှင့် စမ်းသပ်သုတေသန ပြုလုပ်ခြင်း၊ ပဲပုပ်မှစားသောက်ကုန်များ သုတေသနပြု စမ်းသပ်ထုတ်လုပ်ခြင်း စသည့်စာတမ်းများ ကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စာတမ်းရှင်(၆)ဦးနှင့် ပြင်ပမှ MSME လုပ်ငန်းရှင် (၂)ဦးတို့မှ မတ်လ ၁၇ ရက်နေ့တွင် ဆက်လက်ဖတ်ကြားသွားမှာဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည့် လယ်ဝေးမြို့နယ်၊ ရွှေပြည်သာ ကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာသို့ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူ များနှင့် ခင်မင်ရင်းနှီးစွာတွေ့ဆုံရာ လယ်ဝေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ဝဲကြီးကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ဆိုလာ စွမ်းအင်ဖြင့် ဆီထွက်သီးနှံ၊ အခြားသီးနှံများ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးရွာ၏ ရေမြေသဘာဝအခြေအနေအရ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းကို အခြေခံသည့် ကျေးရွာဖြစ်သည့် အတွက် ကျေးလက်နေတစ်မိသားစုချင်း၏ ဝင်ငွေတိုးပွားရေး မိုးသီးနှံအပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ သီးထပ် (၃)သီး စိုက်ပျိုးနိုင်ရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ သွင်းအားစုနှင့် နည်းပညာများ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျေးရွာရှိ စိတ်တူကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းထူထောင်ပြီး စီးပွားဖြစ် လယ်ယာကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်း လာရေးအတွက် ကျေးရွာသူ ကျေးရွာသားများ အားလုံးပူးပေါင်းလုပ်ဆောင်ကြရန်နှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြီး ဒေသပြည်သူခံများ၏ ကျေးရွာချင်းဆက်လမ်း၊ ကုန်ထုတ် လမ်း၊ စိုက်ပျိုးရေရရှိရေးနှင့် နည်းပညာလိုအပ်မှု တင်ပြချက်များအပေါ် အမြန်ဆုံး တုန့်ပြန်ဆောင် ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီးနောက် ကျေးရွာတောင်သူများ၏ စိုက်ပျိုးမြေ ဧက ၃၈ ဧကကျော် အကျိုးပြုပေးလျက်ရှိသည့် မိုဘိုင်းဆိုလာစွမ်းအင်ဖြင့် စိုက်ပျိုးရေးရရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်အားပေးပါသည်။

ထို့မှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် လယ်ဝေးမြို့နယ် ဇီးဖြူတန်းကျေးရွာ၌ ဇီးဖြူတန်းကျေးရွာ၊ ဘိုကတော်ကျေးရွာ ရှမ်းရွာကျေးရွာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်းလီမိတက် အသင်းဝင်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ နေပြည်တော်တိုင်းသမဝါယမ ဦးစီးဌာန ဦးစီးမှူးက နွေစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူ ၇၇ ဦးတို့၏ စိုက်ဧက ၃၀၉ ဧကအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သွင်းအားစုအဖြစ် ပုလဲ၊ ကွန်ပေါင်း ဓါတ်မြေဩဇာများ ပံ့ပိုးခဲ့မှုအခြေအနေများနှင့် လတ်တလောလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်း တင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအ‌ပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ လယ်ယာစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာ တွင် ပြည်ပဈေးကွက် ဝင်သော စပါးနှင့် ပဲတီစိမ်း စိုက်ပျိုးသည့် တောင်သူများအတွက် လိုအပ်လျက် ရှိသည့် သွင်းအားစုများကို ၁% ဝန်ဆောင်မှုစရိတ်ဖြင့် ငွေမချေးဘဲ မြေဩဇာနှင့် ပိုးသတ်ဆေး ရရှိရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြေဩဇာတန်ဖိုးနှင့်ညီမျှသော စပါးနှင့် ပဲတီစိမ်းများအား တောင်သူများမှ ပေါက်ဈေးနှင့်အညီ ပြန်လည်ရောင်းချပေးဆပ်ရမည်ဖြစ်ကြောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့် ကြွေးကျန်ပမာဏ၏ ၂၅ % အပါအဝင် မြေဩဇာတန်ဖိုးနှင့်ညီမျှသော စပါးနှင့် ပဲတီစိမ်းများအား ပေါက်ဈေးနှင့်အညီ ပြန်လည်ရောင်းချ ပေးဆပ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သို့ ပေးဆပ်ရမည့် ချေးငွေများ အပြေအကြေပြန်လည် ပေးဆပ်ပြီးမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm