ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဆင်းရဲခြင်းလွတ်ကင်းအောင်


26 Jan,2023

ဆင်းရဲခြင်းလွတ်ကင်းအောင်

 

            စာရေးသူအနေဖြင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ခရိုင်မှူး/မြို့နယ်ဦးစီးမှူး စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွေမှာခေါင်းဆောင်မှုဘာသာရပ်ကိုသင်ပေးလေ့ရှိပြီး ကျေးလက် ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဉ်တွေအကြောင်း၊ ဆင်းရဲရတဲ့အကြောင်းရင်း၊ အာဆီယံ နိုင်ငံများရဲ့ ဆင်းရဲမှုလျော့ချရေးလုပ်ငန်းအခြေအနေများကိုလည်း မျှဝေသင်ကြားပေးခဲ့ပါတယ်။ ဆင်းရဲရတဲ့အကြောင်းအရင်းများ၊ ဆင်းရဲမှုလျော့ချရေးဆောင်ရွက်ခဲ့တဲ့လုပ်ငန်းများအကြောင်းကို မျှဝေ ပေးဖို့ စဉ်းစားမိလို့ ခုဆောင်းပါးကို ရေးဖြစ်ပါတယ်။

* * * * * * * * * * * * * *

            ဆင်းရဲခြင်းအဓိက (၂)မျိုးရှိပြီး ဝင်ငွေမရှိ၊ ငွေကြေးမရှိခြင်းနဲ့ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း တို့ဖြစ်ပါတယ်။ ဆင်းရဲခြင်း(Poverty)ကို အိမ်တစ်အိမ်၊ လူတစ်ဦးချင်းစီရဲ့ဝင်ငွေ (Income)နဲ့ တိုင်းတာ ကြပါတယ်။ လွယ်ကူရိုးရှင်းအောင်ပြောရရင် လူတစ်ဦးဟာ တစ်နေ့ဝင်ငွေ ဘယ်လောက်ရှိလဲ၊ အသုံး စရိတ်လောက်လား၊ လိုအပ်လား၊ စုဆောင်းနိုင်သလား၊ စီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံနိုင်ရဲ့လား၊ ပညာရေး၊ ကျန်းမာရေးစတဲ့ လူမှုရေးတွေမှာ သုံးနိုင်သလား…စတဲ့အချက်တွကိုကြည့်ပြီး ဆင်းရဲ၊ ချမ်းသာခွဲခြားသတ်မှတ်တာဖြစ်ပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံတိုင်းတာတဲ့စံသတ်မှတ်ချက်တွေတော့ ကွာခြားပါတယ်။

            မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုကို တိုင်းတာရာ၌ လူတစ်ဦး တစ်ရက်ဝင်ငွေ (၁၅၉၀) ကျပ် (သို့) အမေရိကန်ဒေါ်လာ (၀.၈၆) အောက်ရရှိသူများကို ဆင်းရဲနွမ်းပါးမှုစာရင်းအောက် ရောက်ရှိ တယ်လို့သတ်မှတ်ပါတယ်။ Myanmar Living Condition Survey ၂၀၁၇ စစ်တမ်းအရ ၂၀၀၅ ခုနှစ် မှာဆင်းရဲမှုနှုန်း (၄၈.၂%) ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်အရောက်မှာ (၂၄.၈%) သို့လျှော့ချနိုင်ခဲ့တာတွေ့ရပါ တယ်။

             ဘာ့ကြောင့်ဆင်းရဲရသလဲ?

            ဆင်းရဲရတဲ့အကြောင်းတွေကို လေ့လာကြည့်ရင် နိုင်ငံတော်အဆင့်၊ လူ့အဖွဲ့အစည်းအဆင့်၊ အိမ်ထောင်စုအဆင့်စတဲ့ အဆင့် (၃) မျိုးကို အခြေခံပြီးဆက်စပ်ကြည့်ရပါတယ်။ အဓိကအားဖြင့် အကြောင်း အရင်း (၆) မျိုးကြောင့်ဖြစ်ပါတယ်-

            (၁)  နယ်မြေမတည်ငြိမ်မှု၊ မလုံခြုံမှု၊

            (၂)   အခွင့်အလမ်းများ နည်းပါးမှု၊

            (၃)  အလုပ်အကိုင်/ ဝင်ငွေမရှိခြင်း၊

            (၄)  မညီမျှမှု၊

            (၅)  ထိခိုက်လွယ်မှု/ ဖယ်ကျဉ်ခံရမှု၊

            (၆)  အခြေခံအဆောက်အအုံတွေ မပြည့်စုံမှု စတာတွေကြောင့်ဖြစ်ပါတယ်။

            နိုင်ငံတော်အဆင့် (National Level) အကြောင်းအရင်းများကို ကြည့်ရင် အဓိကအကြောင်း အရာများကတော့-  

           (၁)  ရာသီဥတုဆိုးရွားပြီး ရေကြီး၊ မိုးခေါင်၊ မုန်တိုင်း၊ ငလျင်စသည့် သဘာဝဘေးအန္တရာယ် များ မကြာခဏ ပြင်းထန်စွာ ခံစားရခြင်း၊

           (၂)  သဘာဝသယံဇာတအရင်းအမြစ်များရှိသော်လည်း စနစ်တကျမစီမံနိုင်ခြင်း၊ နိုင်ငံတော် မှ တရားဝင် ဝင်ငွေမရဘဲ မှောင်ခိုများ၊ လက်နက်ကိုင်သောင်းကျန်းသူများမှ

                 ထိန်းချုပ် သုံးစွဲခြင်း၊ လာဘ်ပေးလာဘ်ယူမှုများ၊ အကျင့်ပျက်ချစားမှုများရှိခြင်း၊ ရသင့်ရထိုက်သည့် အခွန်အခများ အပြည့်အဝ မရရှိခြင်း၊

            (၃)  လုပ်ကိုင်စားသောက်ရန် မြစ်ချောင်း၊ အင်းအိုင်၊ လယ်ယာကိုင်းကျွန်း ရှားပါးခြင်း၊ (ကျွန်တော်တို့ နိုင်ငံမှာတော့ ပေါပါတယ်)

            (၄)  တိုင်းရင်းသား တန်းတူညီမျှမှု မရှိခြင်း၊ ရှိသော်လည်း မရှိဟု တမင်အသုံးချ အဖျက် လမ်းကြောင်း ရွေးချယ်ခြင်း၊

            (၅)  စီးပွားရေးဈေးကွက် မတည်ငြိမ်ခြင်း၊

            (၆)  ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများရှိပြီး နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ဖြစ် ပါတယ်။

           လူ့အဖွဲ့အစည်းအဆင့် (Community Level)အကြောင်းအရင်းများကို ကြည့်ရင် အဓိက အကြောင်းအရာများကတော့-

           (၁)  လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်၊ မပြည့်စုံခြင်း၊

           (၂)   လူမှုရေးအခြေခံအဆောက်အုံ မကောင်းမွန်၊ မပြည့်စုံခြင်း၊

           (၃)  အလုပ်အကိုင်၊ အခွင့်အလမ်း ရှားပါးခြင်း၊

           (၄)  ဖွံ့ဖြိုးရေးဆောင်ရွက်ပေးမည့် လူ့အဖွဲ့အစည်းများ နည်းပါးခြင်း စသည်တို့ဖြစ်ပါတယ်။

           အိမ်ထောင်စုအဆင့် (Household Level) အကြောင်းအရင်းများကို ကြည့်ရင် အဓိက အကြောင်းအရာများကတော့-

           (၁)  အိမ်ထောင်စုဝင်များတဲ့အိမ်တစ်အိမ်မှာအလုပ်လုပ်နိုင်သူအရေအတွက်နည်းပြီးသက်ကြီး ရွယ်အို၊ မကျန်းမာသူ၊ ကလေးအရေအတွက်များခြင်း၊

           (၂)   အမျိုးသမီး/ သက်ကြီးရွယ်အိုများဦးစီးတဲ့ အိမ်ထောင်စုဖြစ်ခြင်း၊

           (၃)  အထက်ပါအချက်များကြောင့် ဝင်ငွေရှာဖွေနိုင်မှု မရှိဘဲ ထွက်ငွေများခြင်း၊

           (၄)  ပညာရေးနိမ့်၊ ပညာမတတ်၊ ကျန်းမာရေးမကောင်း၍ လုပ်နိုင်ကိုင်နိုင်မှုမရှိဘဲ စွမ်း ဆောင်ရည်နည်း၍ ဝင်ငွေမရှာဖွေနိုင်ခြင်း၊

           (၅)  အရက်သေစာ သောက်စားပြီး လောင်းကစားလုပ်ခြင်း၊ ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ အမှုအခင်းများ ရင်ဆိုင်ရခြင်း၊

           (၆)  လုပ်ကိုင်ရန်ငွေကြေးအရင်းအနှီးရရန် ခက်ခဲခြင်း၊ မလွယ်ကူခြင်း၊ ရရှိသော်လည်း အတိုးနှုန်းကြီးမားခြင်း၊

           (၇)  ရှိတဲ့အလုပ်၊ ရတဲ့အလုပ်ကိုဖြစ်မြောက်အောင် မလုပ်ချင်၊ အပျင်းကြီးသူ၊ တိုးတက်ချင်စိတ်မရှိသူ၊ အလုပ်မလုပ်သူများရှိသည့် အိမ်ထောင်စုဖြစ်ခြင်းစသည်တို့ကြောင့်ဖြစ်ပါတယ်။

            ဆင်းရဲခြင်းလွတ်ကင်းအောင် ဘယ်လိုလုပ်ကြမလဲ?

    ၁၉၉၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အစိုးရကာလအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ခဲ့ရာ ဘက်စုံကျေးလက် ဒေသဖွံ့ဖြိုးရေးအစီအစဉ်ရေးဆွဲချမှတ်ပြီး လုပ်ငန်းစဉ်(၅)ခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါတယ်။ ယင်းလုပ်ငန်းစဉ်(၅)ရပ်ကတော့ -

           (က)    ကျေးလက်လမ်းပန်းဆက်သွယ်ရေး လွယ်ကူလျင်မြန်ချောမွေ့စေရေး၊

           ( ခ )   ကျေးလက်နေပြည်သူများ ဘေးကင်းလုံခြုံသော သောက်သုံးရေရရှိရေး၊

           ( ဂ )   ကျေးလက်နေပြည်သူများ၏ ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားရေး၊

           (ဃ)    ကျေးလက်ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမိုကောင်းမွန်စေရေးနှင့်

           ( င )   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေရေးတို့ပဲ ဖြစ်ပါတယ်။

            ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ အစိုးရကာလတွင်လည်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး လုပ်ငန်းစဉ်(၈)ရပ်ကိုချမှတ်၍ ဆောင်ရွက်ခဲ့ပါတယ်။ ယင်းလုပ်ငန်းစဉ် (၈) ရပ်ကတော့-

            (၁)  လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊

            (၂)   မွေးမြူရေးနှင့် သားငါးထုတ်လုပ်မှုနှင့် ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊

            (၃)  ကျေးလက်ဒေသ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊

            (၄)  အသေးစားပုဂ္ဂလိက ငွေစုငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊

            (၅)  သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊

            (၆)  ကျေးလက်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး၊

            (၇)  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊

         (၈)  စာရင်းအင်းအချက်အလက်များ ကောက်ယူစုဆောင်းရေးနှင့် စိစစ်အကဲဖြတ်ရေးတို့ ဖြစ်ပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး ဗဟိုကော်မတီတွင် သမ္မတ က ဥက္ကဌဖြစ်ပြီး၊ ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ ပါဝင်ပါတယ်။ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး လုပ်ငန်းကော်မတီတွင် ဒုတိယသမ္မတက ဥက္ကဌ ဖြစ် ပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး Focal ဝန်ကြီးဌာနဖြစ်တဲ့ မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

       ကမ္ဘာ့ကုလသမဂ္ဂ၏၂၀၁၅ခုနှစ်ထောင်စုနှစ်ရည်မှန်းချက်များအရ ဆင်းရဲမှုနှုန်းသည် ၂၀၀၅ ခုနှစ်တွင် ၃၂%ရှိခဲ့ရာမှ ၂၀၁၅ခုနှစ်တွင် ဆင်းရဲမှုနှုန်း ၁၆% အထိ လျော့ကျသွားစေရေး ဦးစားပေး အစီအစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ ချရေးလုပ်ငန်းစဉ်တွင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အဓိကအထက်ပါ လုပ်ငန်းစဉ်(၈)ရပ်ကို ဦးစားပေးအကောင်အထည်ဖော်ခဲ့ပါတယ်။

           မြန်မာနိုင်ငံ အိမ်ထောင်စုစားဝတ်နေရေးအခြေအနေ လေ့လာမှုစစ်တမ်း (၂၀၀၉-၂၀၁၀) (Myanmar Integrated Household Living Conditions Assessment- IHLCA) လေ့လာချက်အရ ၂၀၀၅ ခုနှစ်နှင့် ၂၀၁၀ပြည့်နှစ်အတွင်း လူနေမှုဘဝပြည့်စုံဖူလုံမှု၏ လူမှုရေးဆိုင်ရာအတိုင်းအတာ များမှာ သိသာစွာတိုးတက်မှုရှိတယ်လို့ဆိုပါတယ်။ ၂၀၁၆ ခုနှစ် မှ ၂၀၂၁ ခုနှစ်အထိကာလမှာတော့ မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ပန်းတိုင်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင် SDG ရည်မှန်းချက်များနှင့်အညီ စီမံချက်၊ စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်ကြပါတယ်။

            ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ နေထိုင်မှုစစ်တမ်း(Myanmar Poverty and Living Conditions Survey 2017- MPLCS)အရ လူဦးရေတိုးပွားလာသည့်တိုင် ၂၀၀၅တွင် ဆင်းရဲနွမ်းပါးသူအရေအတွက် (၁၈.၇) သန်းခန့်ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် (၁၁.၈) သန်းသို့ လျော့ကျသွားသည့်အတွက် ဆင်းရဲမှုကို ထက်ဝက်နီးပါးလျှော့ချနိုင်ခဲ့ကြောင်း တွေ့ရှိရသည်။ သို့ရာတွင် မြို့ပြနှင့် ကျေးလက် ကျေးရွာ-မြို့နယ်များအကြား ဆင်းရဲ-ချမ်းသာကွာဟမှုနှုန်းမှာ မြင့်မားနေဆဲဖြစ်ပြီး ကျေးလက်ရှိ ဆင်းရဲ နွမ်းပါးသူအရေအတွက်မှာ မြို့ပြရှိအရေအတွက်ထက်(၆.၇) ဆပိုများနေသေးကြောင်း တွေ့ရှိရသည်။

            ဆင်းရဲမှုလျော့ချနိုင်ရန်အတွက်ဆိုလျှင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ တိုးမြှင့်ပေးခြင်း (Creating and Increasing Opportunities)တို့ကို ဆောင်ရွက်ပေးရန်လိုအပ်ပြီး အောက်ဖော်ပြပါ အခွင့်အလမ်းများကို ဖော်ဆောင်ပေးရမှာ ဖြစ်ပါတယ်-

              (၁)  အလုပ်အကိုင် အခွင့်အလမ်းဖန်တီး/တိုးမြှင့်ပေးခြင်း၊

              (၂)   ငွေကြေးအရင်းအနှီး ရရှိနိုင်မှု အခွင့်အလမ်း ဖန်တီး/ တိုးမြှင့်ပေးခြင်း (မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ MSME ချေးငွေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေ၊

                     မြန်မာ့လယ်ယေဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ စသည်)၊

            (၃)  ထုတ်ကုန်ရောင်းဖို့ ဈေးကွက်အခွင့်အလမ်း ဖန်တီး/ တိုးမြှင့်ပေးခြင်း၊

            (၄)  ကျေးလက်လမ်းများ ဖွံ့ဖြိုးရေး မဟာဗျူဟာရည်မှန်းချက်အရ ၂၀၃၀ ပြည့်နှစ်တွင် ကျေးရွာအားလုံး၏ ရာခိုင်နှုန်း ၈၀ နှင့် ကျေးလက်နေ လူဦးရေ၏ ရာခိုင်နှုန်း ၉၀ ရာသီ မရွေးသွားလာနိုင်သော

                   လမ်းများအသုံးပြုနိုင်ရေးလမ်းပန်းဆက်သွယ်ရေးအခွင့်အလမ်း ဖန်တီး/ တိုးမြှင့်ပေးခြင်း၊

            (၅)  ၂၀၃၀ ပြည့်နှစ် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး မျှော်မှန်းချက်နှင့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးရေးပန်းတိုင် (Sustainable Development Goal-SDG)ရည်မှန်းချက်များ ပြည့်မီစေရေးအတွက်

                 လူသားတိုင်းလက်လှမ်းမီပြီး ရေရှည်တည်တံ့သည့် ခေတ်မီ စွမ်းအင်ရရှိစေရန် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု အခွင့်အလမ်းဖန်တီး/တိုးမြှင့်ပေးခြင်း၊

           (၆)  ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (UN)ရဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင် (Sustainable Development Goal- SDG)နဲ့အညီ ၂၀၃၀ပြည့်နှစ်မှာ လူသားတိုင်းသန့်ရှင်းသော သောက်သုံးရေနှင့်

                 မိလ္လာစနစ်သုံးစွဲနိုင်ရေး ရည်မှန်းချက်ဖြင့် သန့်ရှင်းသောသောက်သုံး ရေရရှိနိုင်မှုအခွင့်အလမ်း ဖန်တီး/တိုးမြှင့်ပေးခြင်း၊

            (၇)  ပညာသင်ကြားနိုင်သည့် အခွင့်အလမ်းဖန်တီး/တိုးမြှင့်ပေးခြင်း (ဆင်းရဲသည့်မိသားစုမှ ကလေးများအတွက် ပညာသင်ဆုများ၊ ပညာသင်ထောက်ပံ့ကြေား၊ အခမဲ့ပညာရေး)၊

            (၈)  ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အလမ်းဖန်တီး/တိုးမြှင့်ပေးခြင်း (အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု၊ ကျန်းမာရေးအာမခံ)စသည့် အခွင့်အလမ်းများကိုဖန်တီး/တိုးမြှင့်ပေးခဲ့ ပါတယ်။

            အထက်ပါအခွင့်အလမ်းတွေကိုဖော်ဆောင်ပေးခြင်းအားဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် တွေထဲက (Sustainable Development Goal-SDG. 1) ဖြစ်တဲ့ ကမ္ဘာပေါ်ရှိနေရာတိုင်းတွင် ဆင်းရဲ နွမ်းပါးမှုပုံစံအမျိုးမျိုးအဆုံးသတ်ရေး (End Poverty in all its forms everywhere) ရည်မှန်းချက် ပြည့်မီစေရေးမှာ အထောက်အပံ့ကောင်းတစ်ခုဖြစ်မှာအသေအချာပဲဖြစ်ပါတယ်။

            ဆင်းရဲခြင်းမှ လွတ်မြောက်အောင် ဆောင်ရွက်ရာမှာ အောက်ဖော်ပြပါတို့ကိုလည်း ဆောင်ရွက် ပေးရမှာဖြစ်ပါတယ်-

            (၁)  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပေးခြင်း (ရာသီဥတု မဖောက်ပြန်အောင်)၊

            (၂)   နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်း၊

            (၃)  ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ရပ်စဲရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း၊

            (၄)  လူမျိုး၊ ဘာသာ၊ ကျား/မ မခွဲခြားဘဲ တန်းတူညီမျှရှိရေး မြှင့်တင်ခြင်း၊

            (၅)  လူ့အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည် တိုးမြှင့်ပေးခြင်း၊

            (၆)  ဖွံ့ဖြိုးရေးအကူအညီပေးမည့်အဖွဲ့များ ပူးပေါင်းပါဝင်လာအောင်၊ အကူအညီပေးလာ အောင် ဆွဲဆောင်ခြင်း၊

            (၇)  ဆင်းရဲသူများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရင်းနှီးမြှုပ်နှံပေးခြင်း၊

            (၈)  ဖွံ့ဖြိုးရေးဆောင်ရွက်ပေးတဲ့ အဖွဲ့များ တာဝန်ယူ၊ တာဝန်ခံမှု ရှိလာစေရေး အားပေးခြင်း (ကောင်းမွန်သော စီမံအုပ်ချုပ်ရေး-Good Governance) စသည်တို့ ဖြစ်ပါတယ်။

            ထို့အပြင် နိုင်ငံတော်၏အခွန်မူဝါဒနှင့်အညီ ထိရောက်ကောင်းမွန်သောအခွန်ကောက်ခံမှုစနစ်ဖြင့် နိုင်ငံတော်တွင် ညီညွတ်မျှတသော အရအသုံးငွေကြေးစနစ်ပေါ်ပေါက်စေပြီး ငွေကြေးလည်ပတ်မှုကို မှန်ကန်စေ၍ ငွေကြေးဖောင်းပွမှု မပေါ်ပေါက်စေရေး ထိန်းသိမ်းပေးရန်၊ ရသင့်ရထိုက်သည့်အခွန်အခ များကို ဥပဒေနှင့်အညီ အပြည့်အဝကောက်ခံရရှိရေး ICT နည်းပညာများတိုးချဲ့အသုံးပြု၍ ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက် ခြစားမှုများမရှိအောင် ထိန်းကျောင်း တည့်မတ်ကြီးကြပ်သွားရန်လည်း လိုအပ်မှာဖြစ်ပါတယ်။

            ဆင်းရဲရတဲ့အကြောင်းတရားများစွာရှိတဲ့အနက်က အရေးကြီးဆုံး အဓိကအကျဆုံးကတော့ တည်ငြိမ်အေးချမ်းရေး၊ တစ်နည်းဆိုရရင်“ငြိမ်းချမ်းရေး”ရပြီးငြိမ်းချမ်းပြီးတည်ငြိမ်ရေးပဲဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးရအောင်လုပ်နိုင်မယ်… ဒေသအလိုက် အကြမ်းဖက်မှုတွေ ကင်းဝေးမယ်ဆိုရင် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နိုင်လာမယ်။ စီးပွားရေးလုပ်ငန်း တွေ လုပ်နိုင်မယ်။ ရင်းနှီးမြုပ်နှံမှုတွေ တိုးချဲ့လုပ်နိုင်မယ်။ ကူးသန်းရောင်းဝယ်ရေးတွေ ကောင်းလာ မယ်၊ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်လာမှာ မလွဲဧကန်ဖြစ်၍ ဆင်းရဲမှု လျော့ချနိုင်မှာ ဖြစ်ပါတယ်။

            နောက်တစ်ခုအရေးကြီးဆုံးက ပညာရေးနဲ့ မှား/မှန် ခွဲခြားသိမြင်တတ်တဲ့ ပညာဉာဏ်၊ ပညာအသိအမြင်၊ ဗဟုသုတပဲဖြစ်မယ်ထင်ပါတယ်။ ပညာမတတ်၊ ပညာအသိ မရှိရင် မှား/ မှန် မခွဲခြား တတ်ဘဲ မကောင်းမှု ဒုစရိုက်တွေလုပ်မယ်။ အကုသိုလ်အလုပ်တွေ လုပ်မယ်။ တိုးတက်ရာ တိုးတက် ကြောင်း မတွေးနိုင်၊ မကြံစည်နိုင်၊ မလုပ်နိုင် ဖြစ်မယ်။ နိုင်ငံအတွက် အမျိုးသားရေးစိတ်ဓာတ် မွေးမြူ ရမယ့်အကြောင်း မသိနိုင်၊ နိုင်ငံသားတာဝန် မသိနိုင်၊ လူ့အဖွဲ့အစည်း ကောင်းရာ ကောင်းကြောင်းကို မသိမြင်နိုင်ဘဲ အမှားများစွာ ကြံစည်လုပ်ကိုင်နေကြရင် တစ်ဦးချင်း၊ တစ်အိမ်ချင်းအတွက်သာမက အဖွဲ့အစည်း၊ တိုင်းပြည်အထိပါမတိုးတက်နိုင်ဖြစ်ပေမယ်။ ဒါ့ကြောင့် ပညာရေးဟာ အလွန်အရေးကြီး ပါတယ်။ အတန်းပညာ တတ်ရုံတင်မက အမှား/အမှန် ဝေဖန်ပိုင်းခြားသိမြင်နိုင်တဲ့အသိ၊ ပညာ၊ သတိ ရှိရန်လည်း အလွန်အရေးကြီးပါတယ်။

            ဆင်းရဲခြင်းကင်းစွာ စိတ်အေးချမ်းသာခြင်းပြည့်စုံစေဖို့ရာ…

            ဆင်းရဲခြင်းဆိုရာမှာ စိတ်ဆင်းရဲခြင်းဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ စိတ်ဆင်းရဲခြင်း ဖြစ်ရတဲ့အကြောင်းရင်းကတော့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ငွေကြေးမပြည့်စုံလို့၊ လို ချင်တာမရလို့၊ လုပ်ချင်တာမလုပ်ရလို့၊ သွားချင်တာ မသွားရလို့၊ စားချင်တာ မစားရလို့၊ ဖြစ်ချင်တာ တွေ မဖြစ်လို့၊ ချစ်ခင်သူတွေ့နဲ့ အတူမနေရလို့၊ ချစ်ခင်သူတွေနဲ့ ကွဲရလို့စတဲ့ အကြောင်းအရာတွေ ကြောင့်ဖြစ်ပါတယ်။ ဘာသာတရားနဲ့အညီ နှလုံးသွင်းနိုင်ပြီး လောဘ နည်းမယ်၊ လိုအင်ရမ္မက် နည်းမယ်၊ ရောင့်ရဲတင်းတိမ်နိုင်မယ်ဆိုင်ရင်တော့ ငွေကြေးပြည့်စုံခြင်းနှင့် မဆိုင်သော စိမ်းချမ်းသာ စရာကိစ္စတွေကိုဖန်တီးရယူနိုင်ပြီးစိတ်ဆင်းရဲမှုများကင်းဝေးမှာဖြစ်ပါတယ်။ စိတ်ဆင်းရဲမှုကင်းဝေးမှ သာ လူသားဆန်စွာ မေတ္တာ၊ ဂရုဏာ၊ ဥပေက္ခာတရားတွေနဲ့အညီ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။ အများကို ကူညီနိုင်သူ၊ ပံ့ပိုးနိုင်သူဖြစ်အောင်ကြိုးစား၊ အများအတွက်၊ မိသားစုအတွက်၊ ပတ်ဝန်းကျင် အတွက်၊ နိုင်ငံအတွက်၊ လူသားတွေအတွက် အကျိုးပြုမယ့် အတွေး၊ အကျိုးရှိမယ့် အလုပ်တွေ လုပ်ရင်လည်း စိတ်ချမ်းသာမှုရနိုင်တာပါပဲ။ စိတ်ချမ်းသာချင်လျင် သစ်ပင်စိုက်လို့ ပြောတော့ သစ်ပင်စိုက်ကြရမှာပေါ့။ သစ်ပင်စိုက်ခြင်းကလည်း ကိုယ့်ပတ်ဝန်းကျင် သာယာလှပရေးအပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုပါ အထောက်အကူပြုစေတာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်မှသာ သဘာဝဘေးအန္တရာယ်ကျရောက်တာတွေ၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲတာတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

            သဘာဝဂေဟစနစ်တွေဟာ တစ်ခုနဲ့ တစ်ခုဆက်စပ်ဖြစ်ပေါ်နေသလိုပဲ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ တည်ငြိမ်ခြင်း၊ အေးချမ်းခြင်း၊ နိုင်ငံ့စီးပွားတိုးတက်မြင့်မားခြင်းတို့ဟာလည်း တစ်ခုနှင့် တစ်ခု အပြန်အလှန်ဆက်စပ်အထောက်အပံ့ပြုနေတာဖြစ်ပါတယ်။ ဒါကြောင့် ဆင်းရဲမှု လျော့ချရေး အတွက် ဆောင်ရွက်ကြရာမှာ ဆင်းရဲမှုလျော့ချရေး လုပ်ငန်းစဉ်တွေနဲ့အတူ တည်ငြိမ်အေးချမ်းရေး၊ ပညာရည်မြင့်မားရေးတို့ကိုပါ ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။

            သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့ဂုဏ်ပြုယာဉ်မှာ “ဖွံ့ဖြိုးရေးမှသည် ငြိမ်းချမ်းရေးဆီသို့” ဆောင်ပုဒ်ကို ဖော်ပြခဲ့ပါတယ်။ “ငြိမ်းချမ်း မှ ဖွံ့ဖြိုးမယ်”၊ တစ်ဖန် “ဖွံ့ဖြိုးမှ ငြိမ်းချမ်းမယ်” ဆိုတဲ့သဘောတရားကို အလေးထားဆောင်ရွက်နေ တာကို ဖော်ပြခြင်းဖြစ်ပါတယ်။ ဆင်းရဲခြင်း လွတ်ကင်းအောင်၊ ကိုယ်၊ စိတ်နှစ်ပါး ချမ်းသာပြီး ဖွံ့ဖြိုးတိုးတက်အောင်ဆိုရာမှာ ငြိမ်းချမ်းရေးဟာ အလွန်အရေးကြီးတဲ့ကဏ္ဍက ပါဝင်ပါတယ်။ တစ်ဦး တစ်ယောက်ချင်းစီရဲ့ ခံယူချက်၊ စိတ်ထား၊ အသိအမြင်ဟာ ရိုးသားပြီး ငြိမ်းရေးကိုလိုလားနေဖို့ လိုပါတယ်။ လူတိုင်း ငြိမ်းချမ်းရေးကို လိုချင်စိတ် ဖြစ်နေရပါမယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံ ဆင်းရဲခြင်း လွတ်ကင်းအောင် ငြိမ်းချမ်းရေး အရယူဖို့ တိုက်တွန်းကြပါစို့၊ ငြိမ်းချမ်းရေး ရယူကြပါစို့။ နိုင်ငံ ဖွံ့ဖြိုးရေး၊ ဆင်းရဲမှု လျော့ချရေး၊ ဆင်းရဲခြင်း လွတ်ကင်းရေးမှာ အဓိကကျတဲ့ ငြိမ်းချမ်းရေးရဖို့ အားလုံး အားလုံး ဝိုင်းဝန်း

ပူးပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းရေး ရယူကြပါစို့။

                            ခန့်ဇော်(ကျေးလက်)

 

ရည်ညွှန်းကိုးကားချက် -               ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာမူဘောင်စာအုပ် (RDSF)

                                                 မြန်မာနိုင်ငံ အိမ်ထောင်စုစားဝတ်နေရေးအခြေအနေ လေ့လာမှု စစ်တမ်း (၂၀၀၉-၂၀၁၀) (Myanmar Integrated Household

                                                 Living Conditions Assessment- IHLCA)

                                                  ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ နေထိုင်မှုစစ်တမ်း(Myanmar Poverty and Living Conditions Survey 2017- MPLCS)

                                                  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ (2022-2023 CITIZEN’s BUDGET)

                                                   An Analysis of Poverty in Myanmar (August 2017)

                                           

 

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm