ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းရန်အောင်ပန်းချီကား (သို့မဟုတ်) မော်ဖဒေသပုံရိပ်များ


18 Dec,2022

မြင့်စိုး(နတလ)

အသက်(၈၈)နှစ် စစ်သားအိုကြီး၏ ဆန္ဒမွန်

“အဘခင်ဗျာ….အဘနှင့်အတူ လိုက်ပါခွင့်ရခဲ့တဲ့ မက်မန်းဒေသခရီးစဉ်အကြောင်းကို သတင်းစာမှာ ဆောင်းပါးရေးခွင့်ပြုပါခင်ဗျာ”

          ရန်ကုန်မြို့ရှိ အဘဦးညွန့်ဆွေ(ဒုတိယဝန်ကြီး-ငြိမ်း)၏ နေအိမ်သို့ရောက်ရှိစဉ် အဘနှင့် အမေဒေါ်သက်ဆွေ (မသက်ဆွေ-သရက်) တို့အား ရှိခိုးကန်တော့ပြီးချိန်၌ ကျွန်တော်က ထိုကဲ့သို့ ခွင့်တောင်းလိုက်ခြင်း ဖြစ်ပါသည်။ ခွင့်တောင်းရခြင်း အကြောင်းအရင်းကလည်း ခိုင်ခိုင်လုံလုံ ရှိနေပါ၏။ အဘဦးညွန့််ဆွေဆိုသည်က တပ်မတော်သားဘဝ၌ အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်၏ ဒုတိယတပ်မမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး သံလွင်အရှေ့ခြမ်း မော်ဖ ဒေသထဲမှာ ခြေကုတ်ယူထားသော ဗကပများအား မင်းရန်အောင်စစ်ဆင်ရေးဖြင့် တိုက်ခိုက် ချေမှုန်းရာ၌ အနီးကပ်ဦးစီးကွပ်ကဲခဲ့သူ ဖြစ်ပါသည်။ ထို့အတူ မင်းရန်အောင်စစ်ဆင်ရေးကြီး တစ်ခုလုံးကို အောင်မြင်အောင် စီစဉ်ညွှန်ကြားပုံဖော်ခဲ့သူမှာ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဗိုလ်ချုပ်ကြီးထွန်းရီ ဖြစ်သည်။ အဘဦးညွန့်ဆွေ(ဗိုလ်မှူးကြီး-ငြိမ်း)သည် စာရေးဆရာ မောင်ဆွေသက် ကလောင်အမည်ဖြင့် “ကဒူးမမှ မော်ဖသို့” စာအုပ်ကိုလည်ကောင်း၊ “အများ အခေါ် နပိုလီယန်၊ ကျွန်တော့်အာဘော် စစ်မှော်အောင်သော စစ်ချန်ပီယံ ဗိုလ်ချုပ်ကြီး ထွန်းရီ” စာအုပ်ကိုလည်းကောင်း ရေးသားထုတ်ဝေပြီး ဖြစ်ပါသည်။

          အဘဦးညွန့်ဆွေနှင့်အဖွဲ့ မက်မန်းဒေသသို့ သွားလာရေး၊ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးကအစ အစစအရာရာ အဆင်ပြေချောမွေ့စေရန် တပ်မတော်အကြီးအကဲက လမ်းညွှန်ကူညီပေးခဲ့ပါသည်။ သွားရောက်ခဲ့သည့် အချိန်ကာလမှာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၄ ရက် နေ့မှ ၇ ရက်နေ့အထိ ဖြစ်သည်။ အဘဦးညွန့်ဆွေနှင့်အတူ ဇနီးဖြစ်သူ အမေ ဒေါ်သက်ဆွေ (စာရေးဆရာမကြီး မသက်ဆွေ-သရက်)၊ ဗိုလ်မှူးကြီးသိန်းမြင့်(ငြိမ်း)၊ ဗိုလ်မှူးကြီးတင်ဝင်း (ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်(ငြိမ်း)တို့ လိုက်ပါခဲ့ကြသည်။ ထိုခရီးစဉ်နှင့် မရှေးမနှောင်းဖြစ်သော ၂၀၂၂ ခုနှစ် မတ်လ ၄ ရက်နှင့် ၅ ရက်နေ့များမှာ ကျွန်တော်က မက်မန်း ဒေသသို့ တစ်ခေါက်ရောက်ထားပြီး ဖြစ်သည်။ သည့်အတွက်ကြောင့်လည်း အဘကြီးများ ခရီးစဉ်မှာ အထောက်အကူရစိမ့်သောငှာ ကျွန်တော့်အား အတူလိုက်ပါရန် အထက်ဌာနက တာဝန်ပေးခြင်း ဖြစ်ပါလိမ့်မည်။ မှတ်မှတ်ရရဖြစ်သွားသည်ကတော့ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် တာဝန် ပေးအပ်ခြင်း ခံရသည်။ ဧပြီ ၂ ရက်နေ့မှာ ရန်ကုန်မှ နေပြည်တော်သို့ ထွက်ခွာသည်။ ဧပြီ ၃ ရက်နေ့က တနင်္ဂနွေနေ့၊ ထိုနေ့ညမှာ ကက(ကြည်း)မှ ဖုန်းဝင်လာသည်။ မနက်ဖြန် ဧပြီ ၄ ရက်နေ့ လေယာဉ်နှင့် ကျိုင်းတုံသို့လိုက်ပါရန် ဖြစ်ပါသည်။ ပြည်ထောင်စုဝန်ကြီးထံ ဖုန်းဖြင့် သတင်းပို့ပြီး နောက်နေ့နံနက်မှာ ကျွန်တော် နေပြည်တော်လေဆိပ်သို့ ဆင်းစောင့်သည်။ တပ်မတော်လေယာဉ် ဆိုက်ရောက်လာချိန်မှာ အဘကြီးများအဖွဲ့ကို တွေ့လိုက်ရသဖြင့် ကျွန်တော်ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်ကို သဘောပေါက်သွားပါသည်။

          ပြီးခဲ့သည့် မတ်လဆန်းမှာ မက်မန်းသို့ ရောက်ရှိခဲ့စဉ် သတင်းစကားတစ်ခုကြားခဲ့သည်။ ဗိုလ်မှူးကြီးညွန့်ဆွေ (ငြိမ်း) သည် မက်မန်းဒေသသို့ လာရောက်လေ့လာကြည့်ရှုပြီး စာရေး ဦးမည်ဆိုသည့် သတင်းစကားပဲဖြစ်၏။ ထိုစဉ်ကာလတုန်းကတော့ အဘဦးညွန့်ဆွေနှင့်အတူ မက်မန်းသို့ ကျွန်တော်ပြန်လည်လိုက်ပါ ရလိမ့်မည်ဟု လုံးဝထင်မထားမိခဲ့ပါချေ။ အဘနှင့် ဆုံသည့်အခါ အတူလိုက်ပါခွင့်ရသည့်အခါကျမှ သူ၏ ရင်တွင်းဆန္ဒတစ်ခုကို သိနားလည်ခွင့် ရခဲ့သည်။ ၁၉၇၉ ခုနှစ်မှာ ကျားကုတ်ကျားခဲ တိုက်ယူခဲ့ရတဲ့ အချက်အခြာတောင်ကုန်းတွေကို တစ်ခါလောက်တော့ ပြန်ကြည့်ချင်မိတယ်။ ပြီးတော့ မက်မန်းဒေသ(မော်ဖဒေသ)မှာ ပြောင်းလဲတိုးတက်နေတဲ့ အခြေအနေတွေကိုလည်း သွားလေသူ ဆရာသမား (ဗိုလ်ချုပ်ကြီး ထွန်းရီ) တမလွန်ကနေ သိစေချင်တယ်။ အရင်ရေးပြီးသား အကြောင်းအရာတွေပေါ်မှာ ဒါတွေကိုပါ ထပ်မံဖြည့်စွက်ပြင်ဆင်ပြီးတော့ ဗိုလ်ချုပ်ကြီးထွန်းရီကို ဂုဏ်ပြုချင်ပါသေးတယ် ……ဟူ၏။ ထိုကဲ့သို့သိထားသောကြောင့် အဘဦးညွန့်ဆွေ ဘာမှမရေးသေးမီ ကျွန်တော်က ကြိုတင်ရေးသားခြင်း မပြုလိုပါ။ သည့်အတွက် ဧပြီလ မက်မန်းခရီးစဉ်မှအပြန် ကျွန်တော် ဆောင်းပါး မရေးဖြစ်ခဲ့ပါ။ ယခု အဘ၏ ခွင့်ပြုချက်ရခဲ့ပါပြီ။

နေပြည်တော်-တာချီလိတ်-ကျိုင်းတုံ

          ရန်ကုန်မှ ထွက်ခွာလာသော တပ်မတော်လေယာဉ်ကြီးသည် နေပြည်တော်လေဆိပ်သို့ ဧပြီလ ၄ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်လာပါသည်။ လေယာဉ် ပေါ်မှာတော့ အဘဦးညွန့်ဆွေတို့အဖွဲ့အပြင် တပ်မတော်မှ အရာရှိစစ်သည်၊ ရဲမေများ လိုက်ပါလာသည်ကို တွေ့ရ၏။ ကျွန်တော်က အဘနှင့်အမေအား ရိုသေစွာ နှုတ်ဆက်ဂါရဝပြု လိုက်ပါသည်။ ပထမဆုံးအကြိမ် မြင်ဖူး၊ တွေ့ဖူး၊ စကားပြောဖူးခြင်းဖြစ်၏။ ဒုတိယဝန်ကြီး (ငြိမ်း)၊ ဗိုလ်မှူးကြီး(ငြိမ်း)ဆိုတာထက် စာရေးဆရာကြီး မောင်ဆွေသက်နှင့် စာရေးဆရာမကြီး မသက်ဆွေ(သရက်)ကို ဂါရဝပြုနေတာပါလားဆိုသည့် အတွေးစိတ်က ပိုမိုလွှမ်းမိုးနေကြောင်း သတိပြုမိသည်။ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်(ငြိမ်း)က ရင်းနှီးပြီးဖြစ်သလို အဘကြီး ဦးသိန်းမြင့် (ဗိုလ်မှူးကြီး-ငြိမ်း)ကလည်း ကျွန်တော်တို့ စစ်တက္ကသိုလ် တက်ရောက်စဉ်က ဆရာဖြစ်ပါသည်။ ဗိုလ်မှူးကြီးတင်ဝင်း (သံအမတ်ကြီး-ငြိမ်း) ကိုတော့ ခုမှ တွေ့ဖူးမြင်ဖူး ပါသည်။ လေယာဉ်က တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခေတ္တဆင်းသက်ပြီး ဆက်လက် ထွက်ခွာခဲ့ရာ နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် တာချီလိတ်မြို့သို့ ဆိုက်ရောက်ပါသည်။ စစ်သည်၊ ရဲမေများ အတက်အဆင်း ပြုလုပ်နေကြစဉ် အဘဦးညွန့်ဆွေ နှင့်အဖွဲ့သည် တာချီလိတ် မြို့ထဲက နဂါးနှစ်ကောင်ကျောင်းတိုက်သို့ သွားရောက်ပြီး ဆရာတော်ကြီးအား ဖူးမြော် ကန်တော့ကြသည်။ သက်တော် ၉၄ နှစ်ရှိ ဆရာတော်ကြီးအား ပထမဆုံးအကြိမ် ကျွန်တော် ဖူးမြော်ခွင့်ရခြင်းဖြစ်၍ ဝမ်းသာပီတိ ဖြစ်လိုက်ပါဘိ။ ကျိုင်းတုံသို့ ဆိုက်ရောက်ပြီး မွန်းလွဲ ပိုင်းမှာလည်း ဝစီပိတ်ဆရာတော်ကြီးအား ပထမဆုံးအကြိမ် ဖူးမြော်ခွင့်ရခဲ့ပြန်ပါသည်။ ဆရာတော်ကြီးနှင့်အတူ ဗုဒ္ဓဥယျာဉ်တော်သို့ လှည့်လည်ဖူးမြော် ကြည်ညိုခဲ့ကြပါသည်။

သံခမောက်ကုန်းနှင့် ပွိုင့် ၆၀၀၀ ကုန်း

          ဧပြီလ ၅ ရက်နေ့ နံနက် ၉ နာရီအချိန် ကျိုင်းတုံမှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာခဲ့ ကြသည်။ မက်မန်းသို့ ပျံသန်းချိန် ၄၅ မိနစ်မျှသာ၊ နယ်ခြားစောင့်တပ်ရင်းမှာ တည်းခိုကြ သည်။ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးလည်း လိုက်ပါလာခဲ့၏။ ရိပ်သာတွင် ခေတ္တခဏ နားကြပြီးနောက် ပထမဆုံးသွားရောက်ကြည့်ရှုကြသည်ကတော့ သံခမောက်ကုန်းနှင့် ပွိုင့် ၆၀၀၀ ကုန်းများ ဖြစ်သည်။ ၂၀၁၈ ခုနှစ်ထဲမှာ ကျွန်တော်မက်မန်းကို စတင်ရောက်ဖူးခဲ့သည်။ သည်ကုန်းတွေဘေးကနေဖြတ်ပြီး ပွိုင့် ၆၀၂၈ ကုန်းကို သွားရောက်ကြည့်ရှုခဲ့ဖူးသည်။ သို့သော် ဒါကသံခမောက်ကုန်း၊ ဒါကပွိုင့် ၆၀၀၀ ကုန်းဟူ၍ ပြောပြမည့်သူမရှိခဲ့၊ ယခုတော့ ကျွန်တော် ကြည့်ခွင့်မြင်ခွင့်ကြားသိခွင့် ရပေပြီ။ သို့သော် အဘဦးညွန့်ဆွေက သံခမောက် ကုန်းသို့အရောက် သူ၏တပည့်ကျော် ဗိုလ်မှူးသီဟသူရမောင်ရီကို အထူးပင် သတိရသွားပုံ ပေါ်သည်။ သူ့ထံမှ ဝမ်းနည်းစကားသံကို ဤကဲ့သို့ ကြားလိုက်ရပါသည် -

“ဒီကုန်းကို တိုက်ရင်းကျသွားတဲ့ ခမရ ၁၀၁ ယာယီခွဲမှူး(ဗိုလ်မှူး) ဗိုလ်ကြီး မောင်ရီရဲ့ နာမည်အမှန်က မောင်ရီးဗျ၊ မောင်ရီမဟုတ်ဖူး၊ သူက ရခိုင်တိုင်းရင်း သား၊ ဗိုလ်ချုပ်ကြီးထွန်းရီနဲ့ ကျွန်တော်တို့ ခမရ ၁၀၅ မှာ တပ်ခွဲမှူး၊ တပ်စုမှူးနဲ့ ရှိစဉ်ကတည်းက မောင်ရီးနဲ့ဆုံခဲ့ကြတာ၊ တပ်ကြပ်ကြီးဘဝကတည်းက သီဟ ဗလဘွဲ့တံဆိပ် ရထားပြီးသား၊ တိုက်ရည်ခိုက်ရည်ကောင်းတယ်၊ ကောင်းမှန်း သိလို့လည်း ပွိုင့် ၆၀၀၀ ကုန်းကို ခမရ ၁၀၁ တိုက်ရပြုရခက်နေတဲ့အချိန်မှာ သူ့ကို စိတ်ကြိုက်လက်ရွေးစင် စစ်သည်တွေ ထုတ်နှုတ်စုဖွဲ့ခိုင်းပြီး ပွိုင့် ၆၀၀၀ ရဲ့ ရှေ့ကာကုန်းဖြစ်တဲ့ ဒီသံခမောက်ကုန်းကို နောက်ဖက်လျှိုထဲကနေ ပတ်တိုက် ခိုင်းလိုက်တာ၊ မောင်ရီးနဲ့အဖွဲ့ ရန်သူ့ခြံစည်းရိုးနားကပ်မိတာနဲ့ ကျွန်တော့်ကုန်း ပွိုင့် ၅၇၁၀ ကနေ ၁၀၅ မမ အမြောက်နဲ့ ပစ်ကူပေးထားတယ်၊ သူ ခံစစ်စည်း ၂ ခုကိုကျော်ပြီး နောက်ဆုံးဆက်သွယ်ရေးမြောင်းကို ကပ်မိချိန်မှာ ဗကပကလည်း ပွိုင့် ၆၀၂၈ ကနေ လက်နက်ကြီးတွေနဲ့ စုပြုံပစ်ခတ်လာတယ်၊ လက်နက်ကြီး ကျည်တစ်တောင့်က သစ်ပင်ကိုထိပြီးကွဲ၊ ကျည်စတစ်ခုက မောင်ရီးရဲ့ ဇက်ပိုး ကို လာမှန်တယ်၊ သူ့ဆီက ဒုဗိုလ်လေး အောင်သန်းထူးကို ကွပ်ကဲမှုယူစေပြီး ရအောင် ဆက်တိုက်ခိုင်းပေမဲ့ မရခဲ့ဘူး၊ နောက်ဆုံးစည်းကနေ ဆုတ်လာ ခဲ့ရတယ်”

          ဗိုလ်မှူး မောင်ရီးကိုတော့ ကျွန်တော်မသိခဲ့ပါ။ အစ်ကိုကြီး အောင်သန်းထူးကတော့ ကျောင်းတုန်းကလည်း မီလိုက်သလို ကျွန်တော်တို့ အောင်ဇေယျတပ်ခွဲကမို့ သိနေပါသည်။ သံခမောက်ကုန်းတွေဆိုတာကလည်း နာမည်နဲ့လိုက်အောင် တိုက်ရပြုရတက်ရ အလွန် ခက်ခဲသော ကုန်းများဖြစ်သည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့၏ အရှေ့ဘက်၊ သံလွင်အရှေ့ခြမ်း လွယ်ပန်လုံကို ၁၉၈၃ ခုနှစ်က တပ်မ ၆၆ တပ်များနှင့် တိုက်ခိုက် သိမ်းပိုက်ခဲ့စဉ်ကလည်း သံခမောက်ကုန်းမှာ ညီတော်မောင် အောင်ကျော်ဦး ကျဆုံးခဲ့ ဖူးသည်။ ယခု ဗိုလ်မှူးမောင်ရီးကတော့ ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ဒဏ်ရာရပြီး မှိုင်းရှူးကို ရဟတ်ယာဉ်နှင့် ပြန်ပို့ပေးခဲ့သည်။ တောင်ကြီးဆေးရုံသို့ပင် မရောက်လိုက်၊ ဒီဇင်ဘာ ၇ ရက်နေ့ နံနက်မှာ ကျဆုံးသွားကြောင်း သိရသည်။

 

မက်မန်း ပြန်/ဆက်မှာ စာအုပ်များလှူ

          ထိုနေ့ မွန်းလွဲပိုင်းတွင် မက်မန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးသို့ သွားရောက်ပြီး အဘဦးညွန့်ဆွေက သူရေးသားထားသော စာအုပ်များ၊ အခြားစာအုပ် စာစောင်များကို လှူဒါန်းပေးအပ်ခဲ့သည်။ တက်ရောက်လာသော ဒေသခံများကို အမှာစကား ပြောကြားရာ၌ တရုတ်ဖြူကျူးကျော်မှုကာလအတွင်း ကျိုင်းတုံဒေသအခြေအနေ၊ ယင်းနောက် ဗကပတို့ ပန်ဆန်းဒေသကို ခြေကုတ်ယူလာမှုအခြေအနေများအပြင် မော်ဖဒေသ၌ စစ်ဆင်ရေး ပြုလုပ်ရသည့် အကြောင်းရင်းကို ယခုလို ရှင်းပြခဲ့သည် -

“၁၉၇၅ ခုနှစ်မှာ ဗကပဗဟိုကော်မတီကို ပြန်လည်ဖွဲ့စည်းပြီး စစ်ရေးလှုပ်ရှားမှု တွေ ပိုလုပ်လာကြတယ်။ ၇၅၁၀ စီမံကိန်းပေါ်လာတယ်၊ တိုက်ခိုက်ရေး အင်အား ၁၂၀၀၀ လောက်ထိ ရှိလာတဲ့ ဗကပဟာ ကိုးကန့်ဒေသနဲ့ “ဝ”ဒေသ တွေကို လွှမ်းမိုးချယ်လှယ်လာခဲ့တယ်၊ ၁၉၇၉ ခုနှစ်မှာ ဗကပဗဟိုကို ပန်ဆန်း ကို ရွှေ့လာပြီး အသံလွှင့်ရုံတွေ လက်နက်ပြင်ရုံတွေ၊ လူနေအိမ်တွေ၊ ရုံးတွေ အခိုင်အမာ တည်ဆောက်ခဲ့တယ်။ ကွပ်ကဲမှုဌာနချုပ် ဖွင့်လှစ်လိုက်တဲ့ သဘောပဲ၊ နယ်စပ်ဒေသ ပန်ဆန်းမြို့ကို အခြေပြုပြီး ကိုးကန့်ဒေသ၊ “ဝ”ဒေသ မြောက်ပိုင်းနဲ့ တောင်ပိုင်းအပါအဝင် သံလွင်မြစ်အရှေ့ခြမ်း တစ်ခုလုံးကို သီးခြားကွန်မြူနစ်နိုင်ငံ ထူထောင်ဖို့အထိ လုပ်လာနိုင်တယ်။ ဒီလိုဖြစ်လာမှာကို ကစထမှူး ဗိုလ်ချုပ်ကြီးထွန်းရီက အထူးစိုးရိမ်တယ်၊ ဒါကြောင့် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဥက္ကဋ္ဌကြီး ဦးနေဝင်းထံတင်ပြခဲ့ပြီး မော်ဖဒေသမှာ မင်းရန်အောင် စစ်ဆင်ရေးကြီးကို ဆင်နွှဲခဲ့တာဖြစ်တယ်”

          ပြန်/ဆက်ရုံးမှာ စာအုပ်များလှူဒါန်းအပြီးတွင် အဘဦးညွန့်ဆွေနှင့်အဖွဲ့သည် မက်မန်း မြို့ မင်းရန်အောင်ဘုရားကုန်းတော်ပေါ်ရှိ ပညာဒီပဘုန်းတော်ကြီးကျောင်း ဆရာတော်အား သွားရောက်ဖူးမြော်ကာ သင်္ကန်းနှင့် ဝတ္တုငွေများ ဆပ်ကပ်လှူဒါန်းခဲ့ ကြသည်။ ၎င်းနောက် မော်တော်ယာဉ်များနှင့် ဆက်လက်ထွက်ခွာ သွားရောက်ကြည့်ရှု ခဲ့ကြသည့် နေရာကတော့ မော်ဖဒေသ မင်းရန်အောင်စစ်ဆင်ရေးကြီး၏ ပထမဆုံး ရည်မှန်းချက်နေရာ၊ မွတ်နိုး ကျေးရွာပဲ ဖြစ်ပါသည်။

 

ပထမဆုံး ရည်မှန်းချက် မွတ်နိုးနှင့် ပွိုင့် ၃၂၈၀

          မွတ်နိုး-ကောင်းလန်း ကားလမ်းဘေးရှိ မွတ်နိုးကျေးရွာနှင့် ပွိုင့် ၃၆၆၀ တောင်ကုန်း သို့ မွန်းလွဲ ၂ နာရီခွဲသာသာမှာ ရောက်ရှိပါသည်။ ဟိုတစ်ချိန်ကတော့ ကားလမ်းမရှိ၊ လူသွား လမ်းနှင့် လားမြင်းလမ်းသာ ရှိခဲ့ပေလိမ့်မည်။ မွတ်နိုးရွာတွင် အိမ်ခြေအနည်းငယ်နှင့် သက်တမ်းရင့် ညောင်ပင်ကြီးတစ်ပင်ကို တွေ့ရ၏။ ထိုမှ ဆက်လက်ထွက်ခွာကြရာ အမှတ် (၁) ရှမ်းသေနတ်ကိုင်တပ်ရင်း တိုက်ခိုက်သိမ်းပိုက်ခဲ့သော ပွိုင့် ၃၂၈၀ ကုန်းသို့ နေ့လည် ၃ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့ကြပါသည်။

“သံလွင်ကို စကူးရမည့် ယ - ရက်ကတော့ ၁၉၇၉ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်နေ့ပဲ အဲဒီနေ့မနက် ၈ နာရီခွဲအချိန်မှာ ရှမ်း(၁)က ပန်လုံကူးတို့ဆိပ်က စပြီးကူးတယ်၊ နိုဝင်ဘာ ၂၄ ရက်နေ့ နေ့လည်ပိုင်းမှာ တစ်ရင်းလုံး ကူးပြီးသွားပြီ။ ခမရ ၁၀၇ ကိုလည်း ပန်လုံကပဲ ကူးခိုင်းခဲ့တယ်၊ ညနေ ၅ နာရီမှာ စက ၁/၂ နဲ့ ၄ ခွဲ ကူးနိုင် ခဲ့တယ်၊ နိုဝင်ဘာ ၂၅ မှာ စက(၁)ကို ပွိုင့် ၃၆၆၀ မှာ ခြေကုတ်ယူ ခိုင်းပြီး စက ၂ အဖွဲ့ကိုတော့ မွတ်နိုးကို ဝင်ရှင်းခိုင်းလိုက်တယ်။ တစ်ခြားတပ်ရင်းတွေလည်း သူ့ရည်မှန်းချက်နဲ့သူပဲ၊ ခမရ ၁၀၁ က တောင်ဘက်လမ်းကြောင်းအတိုင်း မတ်လုံကူးတို့ဆိပ်ကနေ ကူးပြီး နမ့်ဟာနူးကို ဝင်ရှင်းခိုင်းတယ်၊ ခမရ ၁၀၆ ကို တောင်ဘက်အစွန် နမ့်ခချောင်းက ဖြတ်ပြီး ဝမ်စလောင်းကို ဝင်ခိုင်းလိုက်တယ်၊ ခမရ ၁၀၅ စစ်ကြောင်း ၂ ကိုတော့ မတ်ကျန်းကူးတို့ဆိပ်က ကူးပြီး ဝင်းဆိုင် ဘက်ကို ရှင်းခိုင်းလိုက်တယ်။”

“ဒုတပ်မမှူး ကျွန်တော်ရယ်၊ နည်းဗျူဟာ ၇၇၂ မှူး ဗိုလ်မှူးကြီးစံလွင်ရယ် ပါတဲ့ ကွပ်ကဲမှုအဖွဲ့ကတော့ ခမရ ၁၀၅ စက ၂ နဲ့ ၁ ခွဲ၊ ခမရ ၁၀၇ က ခွဲ ၁ ခွဲ အနီးကပ်လိုက်ပါပြီး နိုဝင်ဘာ ၂၄ ရက်၊ ညနေ ၅ နာရီမှာ သံလွင်မြစ်ကို ပန်လုံ ကူးတို့ဆိပ်ကပဲ ကူးတယ်၊ နောက်နေ့ မနက် ၁ နာရီမှာ ဝမ်ဝိန်းရွာကို ရောက်ပြီ၊ ဝမ်ဝိန်းမှာ ဗကပ ၃ ယောက်ကို ဖမ်းမိတယ်၊ သူတို့အပြောအရ မွတ်နိုးမှာ ဗကပ ၁၀၀ လောက်ရှိကြောင်း၊ ပန်ခါးတောင်ကြော၊ လွယ်ဆိုက်ခေါင်ကြော၊ ပွိုင့် ၆၀၀၀ ကုန်းတွေမှာ အင်အားများကြောင်း သိရတယ်။”

“ဒီလိုသိရပြီး မွတ်နိုးကို ခမရ ၁၀၇ နဲ့ ဝင်ရှင်းခိုင်းလိုက်တာ မွတ်နိုးမှာ ထိတွေ့မှု ဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်နေ့ ညပိုင်းမှာ သိမ်းမိပြီ၊ ညတွင်းချင်းတော့ မရှင်း နိုင်ဘူး၊ မနက်မိုးလင်းမှပဲ ဆက်ရှင်းခိုင်းရတယ်၊ ဗကပက မိုင်းထောင်သွား သေးတာ၊ ကျွန်တော်တို့ ကွပ်ကဲမှုအဖွဲ့လည်း ဝမ်ကန်ရွာပျက်မှာ အခြေပြု လိုက်တယ်။”

အဓိကရည်မှန်းချက် ပွိုင့် ၆၀၂၈

          တစ်ချိန်က တိုက်ခိုက်သိမ်းပိုက်ခဲ့သော အချက်အခြာ တောင်ကုန်းများအား လိုက်လံ ကြည့်ရှုချိန်၊ မက်မန်းမြို့ထဲမှာ စာအုပ်စာစောင်များ ပေးလှူချိန်တို့တွင် အမေ ဒေါ်သက်ဆွေ လည်း ပါသည်။ တိုင်းမှူး၏ ဇနီးကလည်း အဖော်ပြုပေး၏။ အမေလည်း အသက်အရွယ်ရနေ ပေပြီ။ အဘဦးညွန့်ဆွေနှင့် ၂ နှစ်သာ ကွာသော ၈၆ နှစ်အရွယ် ဖြစ်၏။ ယခုချိန်ထိ တစ်ဦးနှင့် တစ်ဦး ဖေးဖေးမမ အားပေးပြောဆိုသံတွေ၊ ကြင်နာယုယမှုလေးတွေ မြင်နေရသဖြင့် အလွန်ပင် လေးစားမိပါသည်။ ငယ်စဉ်က ရေဒီယိုမှာ မကြာမကြာ နားထောင်ခဲ့ရသည့် တို့များအရွယ်ညောင်းခဲ့ရင်ကွယ် အစချီသော သီချင်းကိုပင် ပြေး၍ကြားယောင်မိသေးတော့။

          အဘဦးညွန့်ဆွေနှင့်အဖွဲ့သည် ပွိုင့် ၃၂၈၀ ကို ကြည့်ရှုပြီးနောက် မက်မန်းမြို့သို့ ပြန်လည်ထွက်ခွာကာ မက်မန်းနှင့် အေးကျန့်ရွာလေး အကြားရှိ ပွိုင့် ၅၇၁၀ ကုန်းကို ကြည့်ရှု ကြပါသည်။ အဆိုပါတောင်ကုန်းသည် ဒုတပ်မမှူး ဗိုလ်မှူးကြီးညွန့်ဆွေနှင့် ကွပ်ကဲမှုအဖွဲ့ နေရာယူတပ်စွဲပြီး တိုက်ပွဲစဉ်များကို ကွပ်ကဲခဲ့သောကုန်း ဖြစ်သည်။

“ကျွန်တော်တို့အဖွဲ့ သံလွင်ကိုကူးပြီး ခမရ ၁၀၇ နဲ့ မွတ်နိုးကို သိမ်းပြီးချိန်မှာ မြောက်ဘက် ပန်းခါးတောင်ကြောကို တင်လိုက်တဲ့ ရှမ်း(၁)က တိုက်ပွဲတွေ စဖြစ်နေပြီ။ ရှမ်း (၁) မှာ တပ်ရင်းမှူးက ဒုတိယဗိုလ်မှူးကြီးသာစိန်၊ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က IO (ထောက်လှမ်းရေးအရာရှိ)၊ ဗကပက ရှမ်း(၁)ကို အာရုံစိုက်နေချိန်မှာ ကျွန်တော့်ကွပ်ကဲမှုအဖွဲ့နဲ့ ခမရ ၁၀၇က မွတ်နိုးကိုသိမ်းပြီး ဝမ်ကန်ရွာပျက်ကို ရောက်ရှိအခြေပြုပါတယ်။ ကစထမှူးကြီး ဗိုလ်ချုပ်ကြီး ထွန်းရီ၊ တိုင်းမှူး ဗိုလ်ချုပ်လှဦး၊ တပ်မမှူး ဗိုလ်မှူးကြီးချစ်ဆွေတို့ ရဟတ် ယာဉ်နဲ့ ရောက်လာတယ်။ ကျွန်တော့်ရဲ့ တင်ပြချက်နဲ့ မြေပြင်အခြေအနေတွေ ကို ကြည့်ရှုသုံးသပ်ပြီးတဲ့အခါ ကစထမှူးကြီးက ညွှန်ကြားချက်ပေးပါတယ်။ ပွိုင့် ၆၀၂၈ (လွိုင်ဆိုက်ခေါင်) နဲ့ ပွိုင့် ၆၀၀၀ ကြောတွေကို မရရအောင်တိုက်ရ မယ်။ မြေပြင်အနေအထားအရ Casualties (ထိခိုက်မှု) ငါးဆယ်ရာခိုင်နှုန်း လောက် ရှိချင်ရှိနိုင်တယ်။ စွန့်စွန့်စားစားတိုက်မှရမယ်။ ပန်ဆန်းကို ခြိမ်းခြောက် ဖို့၊ ထိန်းချုပ်ထားဖို့ ဒီစစ်ဆင်ရေးကို လုပ်တာဗျလို့ ပြတ်ပြတ်သားသား ပြောသွားတာ…….။”

“သံလွင်ကို စကူးတုန်းကလည်း သေသေချာချာ ညွှန်ကြားခဲ့တယ်။ ခင်ဗျား သံလွင်ကိုကူးပြီးရင် တွေ့တဲ့ရန်သူတိုက်ဖို့က ပြဿနာမဟုတ်ဖူး။ တပ်တွေက လည်း အတွေ့အကြုံရှိတယ်။ ခင်ဗျားကလည်း အတွေ့အကြုံရှိတယ်။ ပူစရာ မလိုဘူး။ သံလွင်ကို ကူးနိုင်ဖို့က အဓိကပဲ၊ Normamdy Landing လို့ သဘောထား - လုံးဝမပေါ့နဲ့ ဆိုပြီး မှာတာဗျ”

          တပ်မ (၇၇) တပ်များ သံလွင်မြစ်ကူး စစ်ဆင်ရေးပြုလုပ်နေစဉ် အခြားသော တပ်မ (၆၆)၊ တပ်မ (၈၈)၊ တပ်မ (၉၉)၊ ရမခတပ်များသည် သတ်မှတ်နေရာများတွင် ရောင်ပြ စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်။ ဗကပအနေဖြင့် အခြားနေရာများ၌ အာရုံထွေပြားနေအောင် ကစထမှူးကြီးက စစ်ရေးအစီအမံ လှည့်စားခဲ့ခြင်းဖြစ်ပြီး သို့မှသာ သံလွင်မြစ်ကိုကူးနေသည့် တပ်မ ၇၇ တပ်များ အောင်မြင်စွာ ဖြတ်ကူးနိုင်မည်ဖြစ်သည်။ တပ်ရင်း ၅ ရင်း သံလွင်ကူးပြီး ချိန်တွင် ဗကပများ ရိပ်မိသွားသဖြင့် ပန်ခါးကြော၊ ပွိုင့် ၆၀၂၈၊ ပွိုင့် ၆၀၀၀ ကုန်းများတွင် အင်အားထပ်မံဖြည့်တင်းပြီး လက်နက်ကြီးများတင်ကာ အသင့်ပြင်၍ စောင့်နေပါတော့သည်။ ဒုတပ်မမှူးနှင့်အဖွဲ့သည် နိုဝင်ဘာ ၂၉ ရက်နေ့ နံနက်တွင် ပွိုင့် ၅၇၁၀ ကုန်းသို့ ရွှေ့ပြောင်း ကွပ်ကဲခဲ့သည်။ ၁၀၅ မမ ဟောင်ဝစ်ဇာအမြောက် ၁ လက်ကို ရဟတ်ယာဉ်နဲ့ ပို့ပေးသည်။ နိုင်ငံတော်အလံကိုလည်း ပွိုင့် ၅၇၁၀ ကုန်းတွင် လွှင့်ထူခဲ့သည်။ ပွိုင့် ၅၇၁၀ ကုန်းနှင့် ပွိုင့် ၆၀၀၀ ကုန်းတို့သည် ကိုက် ၅၀၀၀ ခန့်သာ ဝေးကွာပါသည်။

“နိုဝင်ဘာ ၂၆ ရက်နေ့မှာ ခမရ ၁၀၇ စက ၂ ကို ပွိုင့် ၅၇၁၀ နဲ့ ပွိုင့် ၅၈၆၀ ကုန်း တွေအထိ ဆန့်ထုတ်လိုက်တာ မှန်သွားတယ်။ နိုဝင်ဘာ ၂၈ မှာ ပွိုင့် ၆၀၀၀ ကနေ ဗကပ ၁၅ ယောက်လောက် ဆင်းလာတာကို စောင့်ကြိုပစ်ခတ်နိုင် ခဲ့တယ်။ ကျွန်တော် ပွိုင့် ၅၇၁၀ ကိုရောက်ချိန်မှာ ကက(ကြည်း)ရဲ့ ညွှန်ကြား ချက်ကို စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး တင်ဦး(နောင်သောအခါ ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး- အတွင်းရေးမှူး ၂) က ပေးလာတယ်။ ပွိုင့် ၇၁၂၃ (လွိုင်ဟိုလာ) အထိ မိမိတပ်ကို တင်ထားပါတဲ့၊ ကျွန်တော့်ဆီမှာ အနီးကပ် ရှိနေတဲ့ ခမရ ၁၀၅ တပ်စုတစ်စုကို ရိက္ခာ ၇ ရက်စာနဲ့ ထားလိုက်ပါတယ်။”

ပွိုင့် ၆၀၂၈ ကို ရောက်ခဲ့သည်

          ဧပြီလ ၆ ရက်နေ့နံနက် ၈ နာရီ ၃၅ မိနစ်တွင် မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြရာ ပွိုင့် ၆၀၂၈ ကုန်းသို့ ရောက်ရှိလေ့လာခဲ့ကြပါသည်။ ထိုကုန်းကြီးသည် မော်ဖဒေသ၏ အဓိကအချက်အခြာ တောင်ကုန်းဖြစ်သကဲ့သို့ မင်းရန်အောင်စစ်ဆင်ရေး၏ အဓိက ရည်မှန်း ချက်လည်း ဖြစ်ခဲ့ပါသည်။ ယင်းကုန်းပေါ်သို့ ရောက်ရှိသွားချိန်မှာ ပြောက်ကျားစစ်ဂျာကင် ဝတ်ထားသော အဘဦးညွန့်ဆွေသည် အရာရှိလေးတစ်ဦးထံမှ စစ်သံခမောက်ဦးထုပ်ကို ခေတ္တယူ၍ ဆောင်းလိုက်ပါသည်။ ထိုစဉ်ခဏ၌ ဤစစ်သားအိုကြီး၏ မျက်နှာပေါ်မှာ စစ်စိတ်စစ်သွေး၊ စစ်သွေးစစ်မာန်များ လျှံတက်လာသည်ထင့်၊ ဆက်သွယ်ရေးမြောင်းတွေကို ကျော်လွှားသွားနေသည့် သူ့ဟန်ပန်အမူအရာသည် လွန်စွာမှ ပေါ့ပါးတက်ကြွ လန်းဆန်း နေပေသည်တကား။ “ဟိုတုန်းကတော့ နှုတ်ခမ်းမွှေးကြီးနဲ့ပေါ့ကွာ၊ ဒါကလည်း တရားဝင် ခွင့်ပြုချက်တောင်းပြီးမှ ထားခဲ့တာ”ဟု ပြောလိုက်သေး၏။ ထိုကုန်းအောက်ခြေတွင် ပန်ဆန်း သို့ သွားသောကားလမ်းနှင့် တွယ်နောက်သို့ သွားသောကားလမ်းများ ရှိနေသည်။ ပွိုင့် ၆၀၂၈ မှ ရောင်အော်သို့ ၅ မိုင်၊ ရောင်အော်မှ ပန်ဆန်းသို့ ၅ မိုင် ခရီးရှိပါသည်။ ကုန်းပေါ်မှနေ၍ အရပ်ရှစ်မျက်နှာကို လှည့်လည်ကြည့်ရှုရင်း အဘဦးညွန့်ဆွေထံမှ မော်ဖတိုက်ပွဲအတွေ့အကြုံ များကို ထပ်မံကြားသိခွင့်ရခဲ့ပြန်ပါသည်။

“၁၉၇၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ထိ ခမရ ၁၀၁ က သံခမောက်ကုန်းနဲ့ ပွိုင့် ၆၀၀၀ ကုန်းတွေကို မရသေးဘူး။ နိုဝင်ဘာ ၃၀ မှာ ရှမ်း (၁) က ပန်ခါးကြော ကို တိုက်တဲ့နေရာမှာ စက(၁)က အနောက်ဘက် တောင်ကြောက တိုက်တယ်။ စက(၂)နဲ့ ကွန်မန်ဒိုတပ်ခွဲက မြောက်ဘက်ကနေ လက်နက်ကြီး ပစ်ကူပေးပြီး ဝင်တိုက်ကြတယ်။ ကွန်မန်ဒိုတပ်ခွဲဆိုတာက အဲဒီအချိန်မှာ ခလရ ၆ တပ်ရင်း တက်လာပြီမို့ သူ့အထဲကနေ ဗိုလ်မှူးသူရအောင်ထက်နဲ့ တပ်ခွဲ ၂ ခွဲပါ ကွန်မန်ဒို စစ်ကြောင်း ထုတ်နှုတ်ထားတာ…..ရှမ်း(၁)ကလည်း ပန်ခါးကြောကို မတိုး နိုင်သေးဘူး။ ခမရ ၁၀၇ စစ်ကြောင်းတစ်ခုကို ပန်ခါးရဲ့ ခါးလယ်ကနေ ဖြတ်ထိုးကြည့်ခဲ့သေးတယ်။ ပြောရရင်တော့ ဒီဇင်ဘာ ၃ ရက်နေ့လောက်အထိ ပွိုင့် ၆၀၀၀၊ သံခမောက်ကုန်း၊ ပွိုင့် ၆၀၂၈ နဲ့ ပန်ခါးကြောကို ကျွန်တော်တို့ မရသေးဘူး။ ဒါကြောင့် ဒီဇင်ဘာ ၆ ရက်နေ့ ညနေမှာ သံခမောက်ကုန်းကို မောင်ရီးနဲ့ တိုက်ခိုင်းပြီး ကျန်နေရာတွေမှာလည်း တစ်ပြိုင်တည်း တိုက်ခဲ့တယ်……”

          အဘဦးညွန့်ဆွေက ပြောရင်းနှင့် သူ့တပည့် ဗိုလ်မှူးသီဟသူရမောင်ရီးကို သတိရသွား ပြန်ပါသည်။ အတန်ငယ်ငြိမ်သက်သွား၏။ ပြီးလျှင် ရောင်အော်ရွာဘက်သို့ လှမ်းမျှော်ကြည့်ရင်း စကားစပါသည်။

“ဒီဇင်ဘာ ၁၂ ထိ ကျွန်တော်တို့ ရင်ဆိုင်ထားတယ်၊ ရိက္ခာနဲ့ ခဲယမ်းကို အဓိက ဖြည့်တယ်။ ဒီဇင်ဘာ ၁၃/ ၁၄ မှာ လှည့်စားစစ်ဆင်ရေး စီမံချက်ကို စတင်ခဲ့ တယ်။ တစ်ကယ်တိုက်မည့်စီမံချက်ကို တပ်မှူးတွေဆီ လျှို့ဝှက်အသိပေးပြီး စီမံချက်အတုကိုတော့ ဆက်သွယ်ရေးစက်နဲ့ ပို့လိုက်တယ်။ တစ်ကယ့် တပ်ရွေ့လျားမှုကတော့ ခမရ ၁၀၁ စက(၂)က ပွိုင့် ၆၀၀၀ ကုန်းကို ထိန်း ထားမယ်။ စက(၁)နဲ့ ကျန်တပ်ခွဲများက ပွိုင့် ၆၀၂၈ နဲ့ ဝမ်ပါသောင်းကြားကို ဖြတ်ဝင်မယ်။ ခလရ ၆ စက (၁)နဲ့ တပ်ခွဲ ၃ ခွဲက ပန်ခါးမြောက်ဘက် ကိုက် ၃၀၀၀ လောက်အကွာ မန်ကျူရွာပျက်ကတစ်ဆင့် ပွိုင့် ၆၀၂၈ ရဲ့ အနောက် မြောက်ဘက်က ချဉ်းကပ်မယ်။ ခလရ ၆ ရဲ့ ကွန်မန်ဒိုအဖွဲ့ကတော့ ပွိုင့် ၆၀၂၈ ရဲ့ မြောက်ဘက်ကို ဖြတ်ဝင်ပြီး ယ-ရက်ကနေ တိုက်ပွဲတွေ ဆက်တိုက်ဖြစ် နေတဲ့ ရှမ်း (၁) ကိုတော့ ခဏအနားပေးတဲ့အနေနဲ့ စက (၂) က ပန်ခါး တောင်ကြောကို ဟန်မပျက် ရင်ဆိုင်ထားပြီး စက (၁) က ပွိုင့် ၆၀၂၈ ရဲ့ တောင်ဘက်မှ ရောင်ပြချဉ်းကပ်စေခဲ့တယ်။ ခမရ ၁၀၇ စက ၁ နဲ့ ၂ အားလုံးက ပန်ဆန်းနဲ့ ရောင်အော်ကြား ဆက်သွယ်ရေးလမ်းကြောင်းကိုလည်း ထိန်းရင်း ခံစစ် အပါးဆုံးနေရာကနေ ဝင်တိုက်မယ်။ ပြောရရင်တော့ ရန်သူထင်မထားတဲ့ အချိန်မှာ လေယာဉ်ပစ်ကူမပါဘဲ ဝိုင်းပတ်တိုက်ခိုက်တဲ့ အစီအစဉ်ပါပဲ။ လေယာဉ် ပစ်ကူမပါတော့ ရန်သူကလည်း တိုက်မယ်မထင်ခဲ့ဘူးလေ။”

          ထပ်မံသိခွင့်ရလိုက်တာတွေကတော့ ဒီဇင်ဘာ ၁၆/ ၁၇ တွင် တိုက်ပွဲများ ပြင်းထန်လာ ခဲ့ကြောင်း၊ ခမရ ၁၀၁ စက ၁ သည် ပွိုင့် ၆၀၂၈ ၏ ရှေ့ကိုက် ၂၀၀၀ ထိ ချဉ်းကပ်မိပြီး ဗကပ ရှေ့ကာကုန်းများမှာ တိုက်ခိုက်နေရကြောင်း၊ ဒီဇင်ဘာ ၁၈ ရက်နေ့တွင်မတော့ ခလရ ၆၊ ခမရ ၁၀၇၊ ရှမ်း(၁)အဖွဲ့များ ဟန်ချက်ညီညီ တိုက်ခိုက်ခဲ့ကြကြောင်း၊ ပွိုင့် ၅၇၁၀ ရှိ အမြောက် ၈ လက်နှင့် ပွိုင့် ၆၀၂၈၊ ပန်ခါး၊ ပွိုင့် ၆၀၀၀ တို့ကို ပစ်ကူပေး ချေမှုန်းပစ်ခတ်ပေး ခဲ့ကြောင်း၊ ရောင်အော် လမ်းကြောင်းဘက်သို့လည်း ပစ်ခတ်ပေးသဖြင့် စစ်ကူလာသည့် ဗကပများအပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုနေ့ မွန်းလွဲ ၁ နာရီအချိန်တွင်မတော့ ခမရ ၁၀၇ စက ၂ သည် ပွိုင့် ၆၀၂၈ ၏ ခါးလယ်ကိုဝင်စီးမိပြီး လုံးထွေးတိုက်ခိုက်ခဲ့ရကြောင်း သိရှိရပါသည်။ ပွိုင့် ၆၀၂၈ ကုန်းကြီးပေါ်သို့လည်း ရောက်နေပြန်၊ ပတ်ဝန်းကျင်မြေ အနေ အထားကိုလည်း မြင်တွေ့နေရပြန် ဆိုတော့ကာ အဘဦးညွန့်ဆွေ ပြောပြသော တိုက်ပွဲ ဖြစ်စဉ်ပေါ်မှာ ကျွန်တော်ကိုယ်တိုင် လိုက်ပါစီးမျောနေမိပါတော့သည်။

          နိဂုံးချုပ်လိုက်သော် ၁၉၇၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၃ မိနစ်အချိန် မှာ ပွိုင့် ၆၀၂၈ ကို ခမရ ၁၀၇ က သိမ်းပိုက်ခဲ့ပါပြီ။ ပွိုင့် ၆၀၂၈ ကျသွားပြီမို့ ပန်ခါးကြောက ဗကပများ၊ ပွိုင့် ၆၀၀၀ ကုန်းက ဗကပများပါ ဒရောသောပါး ဆုတ်ခွာသွားကြကြောင်း၊ ဒီဇင်ဘာ ၂၀ ရက်နေ့ထိ လိုက်လံဖြတ်တောက်ပိတ်ဆို့ ရှင်းလင်းခဲ့ရကြောင်း သိရပါသည်။ ဒုတပ်မမှူး ဗိုလ်မှူးကြီးညွန့်ဆွေသည် ပွိုင့် ၆၀၂၈ သို့ ဒီဇင်ဘာလ ၂၀ ရက်နေ့၊ နေ့လည်ပိုင်း တွင် သွားရောက်ခဲ့ပြီး နိုင်ငံတော်အလံကို လွှင့်ထူခဲ့သည်။

“ပွိုင့် ၆၀၂၈ ကို သိမ်းပြီးတာနဲ့ ကထစမှူး ဗိုလ်ချုပ်ကြီးထွန်းရီ၊ တိုင်းမှူး ဗိုလ်ချုပ်လှဦး၊ တပ်မမှူး ဗိုလ်မှူးကြီးချစ်ဆွေ၊ အမြောက်နဲ့ သံချပ်ကာယန္တရား ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးသက်ဝေ၊ ရှမ်းပြည်နယ်ကောင်စီဥက္ကဋ္ဌ ဗိုလ်မှူး ကြီး ထွန်းရင်လောတို့အဖွဲ့ ရောက်လာကြတယ်။ ရောင်အော်လမ်းအတိုင်း ဆက်ဆင်းပြီး ရှေ့တိုးတိုက်ဖို့ ခွင့်တောင်းခဲ့ပေမဲ့ ခွင့်မပြုတော့ဘူး။ ဆက်မတိုး တာလည်းကံကောင်းတယ်ဗျ၊ နောက်မှပြန်သတင်းရတာက ပန်ဆန်းနဲ့ ရောင်အော် ကြားမှာ ဗကပအလုံးအရင်းနဲ့ စောင့်နေကြောင်းသိရတယ်။ သည်တုန်းက ဗကပရဲ့တပ်မ ၄၈ မှာ ပါဝင်တိုက်ခိုက်နေတဲ့ ကိုအောင်ကျော်ဇော (ဗိုလ်မှူးချုပ် ကျော်ဇော၏သား) နဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှာ ဆုံခဲ့တယ်။ သူ့ဆီက ကျွန်တော်သိချင်တဲ့ အချက်တစ်ချက်ကို သိခွင့်ရခဲ့တယ်။ အဲဒါကဘာလဲ ဆိုတော့ ကျွန်တော်တို့ မော်ဖဒေသကို သိမ်းပြီး ၂ လ ၃ လ လောက်တော့ ငြိမ်သက်သွားပေမဲ့ ၁၉၈၀ ဧပြီလမှာ လွိုင်ဟိုလာကို လာတိုက် တယ်။ ပြီးတော့ ပန်ခါးကနေ လွိုင်ဆိုက်ခေါင်ကို တက်ရာမှာ အဓိကတောင်ကုန်းဖြစ်တဲ့ ပွိုင့် ၃၂၈၀ ကိုပါတိုက်ပြီး အခိုင်အမာ တပ်စွဲထားပြန်တယ်။ လှုပ်ရှားစစ်ကြောင်း တွေကိုလိုက်ပြီး တိုက်ကွက်ဖော်တာတွေ လုပ်ခဲ့တယ်။ ကျွန်တော်တို့ တော်တော်လေး ပြန်တိုက်ခဲ့ရတယ်။ သူတို့ရည်ရွယ်ချက်က ဘာဆိုတာကို တိတိကျကျမသိခဲ့ရဘူး။ ကိုအောင်ကျော်ဇော ပြောပြတာကတော့ အဲဒီ အချိန်မှာ ဗကပဗဟို ဒုတိယဥက္ကဋ္ဌ ရဲဘော်ခင်မောင်ကြီး (ခေါ်) ယန်ကွမ်းနဲ့ ဗိုလ်တိုက်အောင်တို့က အင်အား ၁၀၀၀ လောက်နဲ့ သံလွင်ကို ဖြတ်ကူးပြီး လဲချား/ မိုင်းကိုင်ဘက်ကို ဝင်ဖို့ ရှိနေတာကြောင့် ပွိုင့် ၃၂၈၀ ကုန်းအပါအဝင် လှုပ်ရှားစစ်ကြောင်းတွေကိုပါ ရောင်ပြတိုက်နေတာလို့ သိခွင့်ရခဲ့ပါတယ်။”

          အဘဦးညွန့်ဆွေက လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကျော်က ဖြစ်စဉ်များအား မနေ့တစ်နေ့က ကြည့်ခဲ့ရသော ရုပ်ရှင်ကားကြီးတစ်ကားပမာ ပြန်လည်ပြောပြနေသည်ကို ကျွန်တော် အံ့ဩခြင်းများစွာနှင့် နားထောင်ခဲ့ရသည်။

မက်မန်းမှ အပြန်ခရီး

          ဧပြီလ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် အဘကြီးများအဖွဲ့ မက်မန်းမှ ရဟတ် ယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့သည်။ ပွိုင့် ၇၁၂၃ (လွိုင်ဟိုလာ) ပေါ်မှ ဖြတ်၍ ပျံသန်းသည်။ လွယ်မွေတွင် အရင်ဆင်းပြီးနောက် စတုရဌသုမင်္ဂလစေတီတော်ကြီးအား ဖူးမြော်ကာ နှစ် ၁၀၀ စံအိမ်ကို ကြည့်ရှုလေ့လာကြသည်။ မွန်းလွဲ ၃ နာရီခန့်တွင် ကျိုင်းတုံသို့ ပြန်လည် ရောက်ရှိပြီး သစ်တစ်ပင်ကုန်းသို့ သွားရောက်ကြည့်ရှုလေ့လာကြရင်း အပန်းဖြေနားနေရင်း ကော်ဖီသောက်ခဲ့ကြ၏။ ဧပြီ ၇ ရက်နေ့ ၁၀ နာရီခွဲအချိန်တွင်မတော့ တပ်မတော်လေယာဉ် ကြီးနှင့်ပင် ကျိုင်းတုံမှပြန်လည်ထွက်ခွာလာကြပြီး နေပြည်တော်မှာ ကျွန်တော်ဆင်းကျန်ရစ် ခဲ့ပါသည်။ အဘဦးညွန့်ဆွေ၊ အမေဒေါ်သက်ဆွေတို့နှင့် မော်ဖဒေသတိုက်ပွဲစဉ်များတွင် ပါဝင် ခဲ့ကြသော ဗိုလ်မှူးကြီးသိန်းမြင့်(ငြိမ်း)၊ ဗိုလ်မှူးကြီးတင်ဝင်း(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်(ငြိမ်း)တို့က ရန်ကုန်သို့ ဆက်လက်လိုက်ပါသွားကြပါသည်။

 

အစဉ်အလာကောင်းများနှင့် တပ်မတော်

  • မော်ဖဒေသအောင်ပွဲသည် ကစထမှူးကြီး ဗိုလ်ချုပ်ကြီးထွန်းရီ၊ ဒုတပ်မမှူး ဗိုလ်မှူးကြီး ညွန့်ဆွေအပါအဝင် အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် တပ်ရင်းတပ်ဖွဲ့ များမှ အရာရှိအရာခံ အကြပ်စစ်သည်တို့၏ အောင်ပွဲဖြစ်သည်။
  • ထိုနည်းတူစွာ မင်းရန်အောင် စစ်ဆင်ရေး၏အောင်ပွဲ၊ တပ်မတော်အောင်ပွဲလည်း ဖြစ်သည်။
  • တပ်မတော်သည် နိုင်ငံ၏ နယ်မြေအစိတ်အပိုင်းတစ်ခုတစ်လေကိုမျှ အထိအခိုက် မခံ၊ ပြိုကွဲမခံရလေအောင် အသက်နှင့်ရင်း၍ ကာကွယ်စောင့်ရှောက်ခဲ့သော အစဉ် အလာကို မော်ဖဒေသတိုက်ပွဲဖြစ်စဉ်များမှာ ထင်ရှားစွာ တွေ့မြင်ခဲ့ရသည်။
  • ယနေ့အချိန်၌လည်း တပ်မတော်သည် ထိုအစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းရင်း နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ထာဝရ တည်ငြိမ်အေးချမ်းရေးတို့အတွက် အစွမ်းကုန်ကြိုးပမ်းအားထုတ် ဆောင်ရွက် လျက်ရှိပါကြောင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော စိန်ရတုလွတ်လပ်ရေးနေ့ကို ဦးညွတ်ဂုဏ်ပြုရေးသားလိုက်ရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm