Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြန်မာပြည်တောင်ဖျားသို့ သွားခဲ့သည်


16 Dec,2022

မြင့်စိုး(နတလ)

ဘုတ်ပြင်းမြို့နယ်သို့ ရေလမ်းခရီး

        အဲဒါ ငှက်သိုက်ကျွန်းပဲ

          ဟိုး..မှိုင်းပျပျက မကြုံဂလက်

          သူ့ရှေ့နားမှာ မြင်နေရတာ လန်ပိကျွန်း

        တစ်နာရီ ၃၆ မိုင်နှုန်း မောင်းနေသော Speedboat ပေါ်မှာလိုက်ပါရင်း စက်ဆရာ ညွှန်ပြသမျှကို လိုက်လံကြည့်ရှုမှတ်သားနေမိသည်။ ကြည့်ရပေမပေါ့၊ မှတ်ရပေမပေါ့၊ ဤမည် သော ကော့သောင်း၊ ဘုတ်ပြင်းဒေသသို့ စာရေးသူ ကျွန်တော် မြင့်စိုး(နတလ) တစ်ခေါက် တစ်ခါမျှပင် မရောက်ဖူးသေးပါ။ တနင်္သာရီတိုင်းဒေသကြီး တစ်ခုလုံးမှာပင် မြိတ်နှင့် တနင်္သာရီမြို့လေးကိုပဲ ရောက်ဖူးသွားဖူးခဲ့ပါသည်။ နေရာအနှံ့ မရောက်ဖြစ်ခဲ့သော်ငြားလည်း သည်ဒေသက နာမည်တွေနှင့်တော့ သိပ်မစိမ်းလှ၊ နတလဝန်ထမ်းဘဝမှာ နယ်စပ်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးရင်း ကြားဖူးနေသည်။ ကော့သောင်းမြို့နယ်ထဲက ဇာဒတ်ကြီး ကျွန်းပတ်လမ်း၊ ဘုတ်ပြင်းမြို့နယ်ထဲက နမ့်တွန်-ရွာဟေ့လူလမ်း၊ အောင်ချမ်းသာ-ဆိပ်ဖူး-မာရန်း-အေးချမ်းသာ-နမ့်တွန်လမ်း ဆိုတာတွေကလည်း လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကတည်းက ဖောက်လုပ်ပေးခဲ့သော လမ်းများဖြစ်ကြသည်။ ကော့သောင်းနှင့်ကပ်လျက်က ပုလုံးတုံတုံး ရွာလေးမှာပင် ပညာ၊ ကျန်းမာ ကဏ္ဍများအပါအဝင် နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းအချို့ ရှိနေခဲ့ သည်။ ဟော….ခုများမှာတော့ အဆိုပါ ပုလုံးတုံတုံးရွာလေးရှိရာသို့ ကော့သောင်းအထွက် ၄ မိုင်နေရာမှ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးထားသောအခါ ရွာ၏ပတ်ဝန်းကျင် နှင့် ကမ်းခြေနေရာလေးသည် ကော့သောင်းမြို့သူမြို့သားများအတွက် အပန်းဖြေနေရာလေး တစ်ခု ဖြစ်လာခဲ့သည်။

          ကော့သောင်းကို ရောက်တုန်းရောက်ခိုက် ပုလုံးတုံတုံးရွာလေးဘက်သို့ သွား၍ အုန်းရည် သောက်ခဲ့သေး၏။ တံတားပေါ်မှာလည်း အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြသေးသည်။ ကော့သောင်းမှ လေဆိပ်ဘက်သို့အထွက် လမ်းဘေးတွင် တည်ရှိနေသည်။ သည်နားပတ်ဝန်း ကျင်မှာ တစ်ခုထူးခြားသည်က ကော့သောင်း-ဘုတ်ပြင်း ကားလမ်းမကြီးပေါ်က ရွာတော်တော် များများသည် မူလရွာအမည်ကို မခေါ်ကြတော့ဘဲ ၃ မိုင်ရွာ၊ ၇ မိုင်ရွာဟူ၍သာ တွင်နေကြ ခြင်းပါပေ။ လွန်ခဲ့သည့် နှစ် ၂၀ ခန့်က နတလမှာ ကြားခဲ့ဖူးသော ၁၀ မိုင်-ချင်ဖန်းလမ်း ဆိုတာကလည်း ထိုကဲ့သို့ပင် ကားလမ်းပေါ်က မိုင်ကို အစွဲပြုခေါ်ဝေါ်ကြခြင်း ဖြစ်မည်ဟု တွေးလိုက်မိသေး၏။ ဒါကကုန်းပေါ်မှာ သွားလာနေစဉ်အတွေး။ ယခုကဲ့သို့ Speedboat လေးစီးရင်း ကျွန်းလေးတွေကို ငေးမောရင်း ရေလမ်းခရီးဖြင့် သွားလာနေခိုက်မှာတော့ ကျွန်တော့်စိတ်အလျဉ်က လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုစာမျှ အချိန်ကာလသို့ အလိုလို ပြန်ရောက်သွားရချေပြီတမုံ့။

ပင်လယ်ပျော်မော်ကင်းများ

        နယ်စပ် / စည်ပင်ဝန်ကြီးဌာနအနေနဲ့ ရှိနေစဉ်ကာလ နတလဝန်ထမ်းဘဝမှာ ကြုံရ တာက နယ်စပ်ဒေသအသီးသီးမှ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် လက်ပွန်းတတီး နေထိုင်ခွင့်၊ ခင်မင်ရင်းနှီးခွင့် ရခဲ့ခြင်းပင်တည်း။ မှတ်သားခဲ့မိသမျှ ပြောရလျှင် ၁၉၉၃ ခုနှစ်မှ အစပြု၍ ရန်ကုန်မြို့တော် မဟာသင်္ကြန်ပွဲ၌ ပါဝင်ဆင်နွှဲရန် နယ်စပ်ဒေသတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များကို ဖိတ်ကြားခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်တွင် ထားဝယ်နှင့် ဓနု တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့ (၂) ဖွဲ့ ရောက်လာခဲ့သည်။ ၁၉၉၄ တွင် ကရင်အဖွဲ့၊ ၁၉၉၅ တွင် ကိုးကန့်နှင့် “ဝ”အဖွဲ့ စသည်….စသည်ဖြင့်။ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာတော့ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့တွေ ၁၅ ဖွဲ့မှ ၁၉ ဖွဲ့အထိ တိုးတက်များပြားလာခဲ့သည်။ ဤကဲ့သို့ ခေါ်ယူမှုကို အကြောင်းပြု၍ ပင်လယ်ပျော်မော်ကင်းများနှင့် ရေစက်ဆုံခဲ့သည်။ ၂၀၀၂ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ဆင်နွှဲရန် ခေါ်ယူခဲ့သော တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့ ၁၅ ဖွဲ့ထဲတွင် ကော့သောင်းနှင့် ဘုတ်ပြင်းဒေသမှ ဆလုံတိုင်းရင်းသား၊ တိုင်းရင်းသူများ ပါဝင်လာခဲ့သည်။

          သင်္ကြန်ပွဲတော်ကာလတစ်လျှောက် နယ်စပ်/ စည်ပင် မဏ္ဍပ်အပြင် နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ ဗိုလ်ချုပ်ဈေး မဏ္ဍပ်များ၌ အဖွဲ့လိုက်တိုက်ထားသော ယိမ်းအကများဖြင့် ဖျော်ဖြေခဲ့ကြသလို မိမိတို့၏ တိုင်းရင်းသားရိုးရာ သီချင်းနှင့် အကများကိုလည်း ဖျော်ဖြေ တင်ဆက်ခွင့်ရခဲ့သည်။ မြန်မာ့ရု်ပမြင်သံကြားနှင့် မြဝတီရုပ်မြင်သံကြားသို့လည်း ပို့ဆောင် ရိုက်ကူးထုတ်လွှင့်ပေးခဲ့သည်။ ဤနေရာမှာ အမှတ်ရစရာ ဖြစ်သွားသည်ကတော့ ၂၀၀၂ ခုနှစ် ရောက်ရှိလာသော ဆလုံတိုင်းရင်းသားအဖွဲ့တွင် ကိုယ်ပိုင်သီချင်း၊ ကိုယ်ပိုင်အကများ ပါမလာ ခဲ့ပါ။ သူတို့သည် အခြားတိုင်းရင်းသားများနှင့်အတူ နတလသင်္ကြန်သီချင်းနှင့် ယိမ်းအက များတွင်သာ ပါဝင်ကပြခွင့် ရခဲ့ကြသည်။ တေးရေးဆရာ သုခိအောင်(အဘဦးကျော်ဆန်း)၏ တိုင်းရင်းသားမျိုးဆွေ ခါသင်္ကြန်ရေ၊ ဂီတစာဆို အလင်္ကာကျော်စွာ ဟင်္သာတဦးမြင့်ငွေ၏ သီချင်းများဖြစ်သော နွေပိတောက်၊ ပြည်ထောင်စုသားတို့သင်္ကြန်၊ ကိုမြသန်းစံ ရေးသား ပေးသော ပြည်ထောင်စုနှင့် ခါသင်္ကြန် တေးသီချင်းများအပါအဝင် နတလသင်္ကြန်သီချင်း ၉ ပုဒ်ခန့် ရှိနေပါသည်။ ထိုသီချင်းများနှင့်သာ ဆလုံတိုင်းရင်းသားအဖွဲ့ ပါဝင်ကပြသွားရ ရှာသည်။

          သို့သော် …..…….. အကြောင်းအားလျော်စွာပင် ၂၀၀၃ ခုနှစ် ဖိတ်ကြားခေါ်ယူခဲ့သော တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ၁၉ ဖွဲ့ထဲ၌ ဘုတ်ပြင်းမြို့နယ်ထဲမှ ဆလုံတိုင်းရင်းသား၊ တိုင်းရင်းသူများ ထပ်မံပါဝင်လာခဲ့သည်။ သည်တစ်ခါတော့ဖြင့် တို့ဆလုံများ မျက်နှာမငယ် ရတော့ပြီ။ ဘုတ်ပြင်း/ ကော့သောင်းမှ တာဝန်ရှိသူများ၏ စီစဉ်ပေးမှုအရ တူညီဝတ်စုံတွေ လည်း ချုပ်လာကြသည်။ ပြီးတော့ “ပင်လယ်ပျော်မော်ကင်းများ” ဆိုသည့် တေးသီချင်း လည်း ပါလာခဲ့သည်။ ထိုသီချင်းထဲတွင် ပင်လယ်အပေါ် သစ္စာရှိသော ဆလုံဓလေ့များ၊ ပင်လယ်မှာ ကြုံတွေ့ရသည့် အခက်အခဲများကို အားမန်အပြည့်နှင့် ကျော်လွှားကြပုံများ ပါဝင်ပြီး ပြည်ထောင်စုကြီး အေးချမ်းသာယာအောင် အခြားသောတိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်အတူ ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြမည်ဟူ၍ စပ်ဆိုရေးသားထား ပါသည်။ ထိုသီချင်းနှင့် MRTV၊ MWD ရုပ်သံများတွင် ရိုက်ကူးထုတ်လွှင့်ပေးသောအခါ သူတို့ အလွန် ဝမ်းသာပျော်ရွှင်ခဲ့ကြသည်။ ဟိုးအဝေးဆီက မကြုံဂလက်နှင့် လန်ပိကျွန်းများကို ကျွန်တော် ငေးကြည့်နေရင်း ၂၀၀၂/ ၂၀၀၃ က ရန်ကုန်ကို ရောက်လာသော ဆလုံ တိုင်းရင်းသား တိုင်းရင်းသူလေးများသည် ခုနေခါ အသက် ၄၀၊ ၄၅ နှစ်အရွယ်တွေ ရှိနေလောက်ပြီဟု တွေးလိုက်မိသည်။ တစ်ချိန်တစ်ခါကတိုင်းရင်းသားပုံရိပ်များကို လွမ်းမောတသ သတိရလိုက်ပါဘိတော့။

ကံမော်ကြီးသို့ ရောက်ခဲ့သည်

        ဒီဇင်ဘာလ ၆ ရက်နေ့၊ နံနက် ၇ နာရီအချိန်တွင် ကျွန်တော်တို့အဖွဲ့သည် Speedboat ဖြင့် ကော့သောင်းဆိပ်ကမ်းမှ ထွက်ခဲ့ပြီး အနောက်ဘက် ပင်လယ်ကမ်းခြေအတိုင်း ဘုတ်ပြင်း မြို့နယ်၊ ကံမော်ကြီးကျေးရွာသို့ ထွက်ခဲ့ကြသည်။ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရဲမှူးကြီးခင်ကျော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း၊ ညွှန်ကြားရေးမှူးများဖြစ်ကြသော ဦးကျော်စွာအောင်၊ ဦးရဲခေါင်တို့လည်း ပါဝင်သည်။ ခရီးစဉ်၏ အဓိကရည်ရွယ်ချက်ကတော့ ဘုတ်ပြင်းမြို့နယ်၊ ကံမော်ကြီးကျေးရွာမှာ လန်းချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ (၂၀၂၂) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည့် ဆိုလာအသေးစား ဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနား၊ စီမံကိန်းဆိုင်းဘုတ်ဖွင့် လှစ်ခြင်း၊ ဓာတ်အားပေးဆိုလာစက်ရုံ တည်ဆောက်မည့်နေရာအား ပန္နက်ရိုက်ခြင်းတို့ ဆောင်ရွက်ရန် ဖြစ်ပါသည်။ နံနက် ၉ နာရီသာသာခန့်တွင် ကံမော်ကြီး ကျေးရွာသို့ အမြန်ရေယာဉ် ဆိုက်ရောက်ခဲ့ရာ ရွာသူရွာသားများက ဝမ်းပမ်းတသာ ကြိုဆို ခဲ့ကြသည်။ ကြိုကြပေမပေါ့။ တနင်္သာရီတိုင်းဒေသကြီးသည် ရေနှင့်သာ အကျိုးပေးချင် ပေးမည်၊ မဟာဓာတ်အားလိုင်း လွှမ်းခြုံရန် လိုနေသေးသောဒေသဖြစ်၍ မီးနှင့်ကား အကျိုးမပေးသေးတာသေချာသည်။ မဟာကော့သောင်းမြို့ကြီးပင်လျှင် မီးစက်မောင်း၍ ခရီးနှင်နေတာ ကြာလှပါပကော။ သည့်အတွက် လန်းချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ၂ နှစ် စီမံကိန်း ဆောင်ရွက်ပြီးနောက် တစ်ရွာလုံးမီးလင်းပြီး သောက်သုံးရေသန့် ရရှိမည့် ကံမော်ကြီးကျေးရွာသားတို့ မပျော်လျှင် ဘယ်သူတွေ ပျော်ကြမည်နည်း၊ ကျွန်တော်တောင် သူတို့နှင့်ရော၍ ပျော်မိသည်။

          ကံမော်ကြီးကျေးရွာသည် အိမ်ခြေ ၂၁၀ ရှိပြီး ကျေးရွာတွင်း၌ အသေးစားစက်မှုလက်မှု လုပ်ငန်း (၁၈) ခု ရှိနေသည်။ ရော်ဘာ၊ ကွမ်းသီးနှင့် အခြားသီးနှံများ စိုက်ပျိုးထားကြသည်။ သိန်း ၇၀၀ ခန့် ရင်းနှီးမတည်၍ ငါး ပုစွန် သားဖောက်လုပ်ငန်း ဆောင်ရွက်နေသူတစ်ဦး ကိုလည်း တွေ့ခဲ့ရ၏။ ၂၄ နာရီ မီးရပြီဆိုလျှင် ရော်ဘာလုပ်ငန်းဖြစ်စေ၊ အခြားသောလုပ်ငန်း များဖြစ်စေ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်မည် ဖြစ်ပေသည်။ ယခုထက်ပိုမို၍ လူမှုစီးပွားဘဝ များ မြင့်မားလည်မည်မှာ သေချာသည်။

လန်းချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂)

        လန်းချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် စီမံကိန်းများ ဆောင်ရွက်ရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနသည် နှစ်စဉ် Project Proposal များရေးဆွဲ၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အတွင်းရေးမှူးရုံးသို့ အဆိုပြုတင်ပြခဲ့သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စီမံကိန်းလုပ်ငန်း (၁) ခု ဆောင်ရွက်ခွင့် ရခဲ့ပြီး လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ အတွေ့အကြုံ မျှဝေဖလှယ်ခြင်းအစီအစဉ်ဖြင့် Cash For Work (CFW)၊ Village Revolving Fund Project (VRFP) စီမံကိန်းကို ဆောင်ရွက်ပေးခဲ့သည်။

          ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၂) ဖြင့် စီမံကိန်း (၄) ခု ဆောင်ရွက်ခွင့်ရခဲ့သည်။ ယင်းစီမံကိန်းများမှာ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ အမေရိကန်ဒေါ်လာ ၃၃၀,၆၀၀ ဖြင့် လန်ချန်း-မဲခေါင် နိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြောင်းမြမြို့နယ်၊ ချောင်းလေး ကျေးရွာ၊ ဒေးဒရဲမြို့နယ်၊ ဘုရားချောင်းကျေးရွာ၊ ကျောင်းကုန်းမြို့နယ်၊ ပေါက်ဆိန်ပဲ့ကျေးရွာ တို့တွင် အမေရိကန်ဒေါ်လာ ၂၇၉,၁၀၀ ဖြင့် ပြည်သူအခြေပြု ရေသန့်စင်စနစ်နှင့် အိမ်သွယ် ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်း မြို့နယ်၊ ကံမော်ကြီးကျေးရွာတွင် အမေရိကန်ဒေါ်လာ ၃၄၄,၆၀၀ ဖြင့် အသေးစားဆိုလာ မီးလင်းရေးနှင့် ရေရရှိရေးစီမံကိန်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ရေငံကြီး ကျေးရွာတွင် အမေရိကန်ဒေါ်လာ ၃၇၇,၈၀၀ ဖြင့် အသေးစားဆိုလာမီးလင်းရေးနှင့် ရေရရှိ ရေးစီမံကိန်းတို့ ဖြစ်သည်။ ရေငံကြီးကျေးရွာသို့မူ ကျွန်တော်တို့ မသွားရောက်နိုင်တော့ပါ။

စိုင်ဒင်းခေတ်မီစံပြကျေးရွာ (SMART Village)

        ကော့သောင်းဒေသသို့ ရောက်ရှိခိုက် တနင်္သာရီတိုင်းဒေသကြီးအတွင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ်တစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသော စိုင်ဒင်းစံပြကျေးရွာ (SMART Village) သို့ သွားရောက်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် လုပ်ငန်းများပြီးစီးမှု၊ လာမည့်နှစ် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ကျေးရွာအတွက် လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးခဲ့သည်။ တစ်ဆက်တည်းမှာပင် စိုင်ဒင်းစံပြကျေးရွာ၌ ဝက်သားပေါက် မွေးမြူရေးအဖွဲ့၊ ရော်ဘာပြား ဝယ်ယူရောင်းချရေးအဖွဲ့၊ ကွမ်းသီး အစို/ အခြောက် ရောင်းဝယ်ရေးအဖွဲ့ဟူ၍ ဖွဲ့စည်းဆောင်ရွက်နေသည့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ရေးအဖွဲ့ (၄) ဖွဲ့အတွက် ရန်ပုံငွေကျပ် သိန်း ၃၀၀ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ဒေသခံပြည်သူများ၏ လိုလားချက်ဖြစ်သော စိုင်ဒင်းကျေးရွာမှ ကော့သောင်း-ဘုတ်ပြင်း ကားလမ်းမကြီးသို့ ဆက်သွယ်ထားသော လမ်း ၉/၄ မိုင်အား အဆင့်မြှင့်တင်ဖောက်လုပ် ပေးရေး ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ ရောက်လေရာ အရပ်ဒေသ မြို့ရွာတိုင်းမှာ ကျွန်တော်အလေးထားမှာကြားသည်ကတော့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေးပဲ ဖြစ်ပါသည်။

အိမ်တွင်းမှုကျောင်းသို့ သွားရောက်နှုတ်ဆက်

        နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ ကော့သောင်း အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းသည် ၁၉၉၂ ခုနှစ် မတ်လ ၁၉ ရက် နေ့ကတည်းက ဒုတိယအစောဆုံး ဖွင့်လှစ်ခဲ့သောကျောင်း ဖြစ်သည်။ ပထမဆုံး ဖွင့်လှစ်ပေး ခဲ့သည့်ကျောင်းမှာ ၁၉၉၂ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် ဖွင့်လှစ်သော တာချီလိတ် အိမ်တွင်း မှုကျောင်း ဖြစ်သည်။ သံယောဇဉ်ကြီးမားခဲ့ရသော ကျောင်းများဖြစ်၍ သင်တန်းကျောင်းအုပ်၊ နည်းပြများနှင့် သင်တန်းသူများကို သွားရောက်တွေ့ဆုံနှုတ်ဆက်၍ အားပေးစကား ပြောကြား ခဲ့ပါသည်။ ရိုးရာယဉ်ကျေးမှုကို အခြေခံ၍ ဆန်းသစ်တီတွင်မှုများ ပြုလုပ်ကြရန်လည်း တိုက်တွန်းမှာကြားခဲ့သည်။

ဘုရင့်နောင်မင်းတရားကြီးကို ဂါရဝပြု

        ကော့သောင်းကိုရောက်မှတော့ မဖြစ်မနေ သွားရောက်ရမည့်နေရာတစ်ခု ရှိနေပါသည်။ ဘုရင့်နောင်မင်းတရားကြီး၏ ရုပ်တုစိုက်ထူထားရာ ဘုရင့်နောင်အငူကိုပဲ ဖြစ်၏။ ဒီဇင်ဘာ ၆ ရက်နေ့ ကံမော်ကြီး၊ စိုင်းဒင်ရွာများမှအပြန် သွားရောက်ကြည့်ရှုပြီး ဂါရဝပြုခဲ့သည်။ ဒီဇင်ဘာ ၄ ရက်နေ့ကလည်း ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ ကျင်းပပြုလုပ်သည့် လန်းချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်မည့် လန်ချန်း- မဲခေါင် နိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် စီမံကိန်းဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနား တက်ရောက် ပြီးနောက် ပဲခူးမြို့အထွက်နားဆီမှာ စိုက်ထူထားသော အမြင့် ၂၇ ပေရှိ ဘုရင့်နောင် ရုပ်တုကြီးအား သွားရောက်ကြည့်ရှုခဲ့ကြသည်။ ဒုတိယမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သည့် မင်းတစ်ပါးမဟုတ်ပါလား။ ဘုရင့်နောင်အငူမှ ပင်လယ်ပြင်သို့ လှမ်းမျှော်ကြည့်ရှုရင်း ကော့သောင်းမြို့၏ ညနေဆည်းဆာကို နှုတ်ဆက်ခဲ့ပါသည်။ ဖွံ့ဖြိုးတိုးတက်၍ အေးချမ်း သာယာမှုအပေါင်း ဆက်လက်ခညောင်းပါစေ ကော့သောင်းရေ………..။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm