နေပြည်တော် ဧပြီ ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန် ရှိသူများလိုက်ပါလျက် ဧပြီလ ၁၅ ရက် နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနပိုင် မြေနေရာ၌ သမဝါယမဦးစီးဌာနမှ ငလျင်ဒဏ်သင့် အမှုထမ်း (၆၀) ဦးနှင့် မိသားစုများ ယာယီ နေထိုင်နိုင်ရန် ၄ ခန်းတွဲ ၁ ထပ်အိမ်ရာ (၂၀) လုံး၊ အရာထမ်း ၂၀ ဦးနှင့် မိသားစုများ ယာယီ နေထိုင်နိုင်ရန် ၂ ခန်းတွဲ ၁ ထပ်အိမ်ရာ (၂၀) လုံး တည်ဆောက်မည့်နေရာကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အမှုထမ်း (၂၈) ဦးနှင့် မိသားစုများ ယာယီနေထိုင် နိုင်ရန် ၄ ခန်းတွဲ ၁ ထပ်အိမ်ရာ (၇) လုံး၊ အရာထမ်း (၃၂) ဦးနှင့်မိသားစုများ ယာယီနေထိုင်နိုင်ရန် ၂ ခန်းတွဲ ၁ ထပ်အိမ်ရာ (၁၆) လုံး တည်ဆောက်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား မေလပထမပတ်အတွင်း ပြီးစီးအောင် တည်ဆောက်ကြရန် မှာကြားခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရုံးချုပ် သို့ သွားရောက်ပြီး ယာဉ်ရပ်နားဝင်းအတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းများ ယာယီတည်းခိုနေထိုင် နိုင်ရေးအတွက် အိမ်ခန်းများ ဆောက်လုပ်နေမှုကိုလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ရုံးမြေနေရာသို့ သွားရောက်၍ အမှုထမ်း(၈၀)ဦး ယာယီနေထိုင် နိုင်ရေးအတွက် ၄ ခန်းတွဲ၊ ၁ ထပ် အိမ်ရာ (၁၀) လုံး ဆောက်လုပ်နေမှုနှင့် ရေ၊ မီး၊ မိလ္လာ လုပ်ငန်း များကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြောက် လွတ်ကုန်း ပစ္စည်းသိုလှောင်ရုံသို့ သွားရောက်၍ ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေးအတွက် အိပ်ခန်းများ ဆောက်လုပ်နေမှုကိုလည်းကောင်း၊ သင်တန်းသားအိပ်ဆောင်ဝင်းအတွင်း ယာယီ အိမ်ရာများ တည်ဆောက်မည့်မြေနေရာကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား တည်ဆောက်ရေး လုပ်ငန်းများကို မိုးရာသီမရောက်မီ သတ်မှတ်အရည်အသွေးပြည့်မီစွာ ပြီးစီးရေး၊ ဝန်ထမ်းများ အဆင်ပြေစွာ နေထိုင်နိုင်ရေး တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သမဝါယမဦးစီးဌာနမှ ငလျင်ဒဏ်သင့် ဝန်ထမ်းများ ယာယီတည်းခိုနေထိုင်သော လယ်ဝေးမြို့၊ မဟာစည်သာ့သနာရိပ်သာသို့ သွားရောက်၍ ဝန်ထမ်း များ၏ နေထိုင်စားသောက်ရေးကိစ္စများ အဆင်ပြေမှု ရှိ/ မရှိ မေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ယန္တရားဝင်းသို့ သွားရောက်၍ ယန္တရားဂိုဒေါင်အတွင်း ဝန်ထမ်းများ ယာယီတည်းခိုနေထိုင်ရေး အိပ်ခန်းများ စီစဉ် ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) MICC-2 ခန်းမအနီးရှိ ရေငန်းဆည်မှ ရေအား ရွေ့လျားရေသန့်စင်ကားဖြင့် ရေများ သန့်စင်ပြီး သောက်သုံးရေသန့်များ ဖြန့်ဝေပေးနေမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်