Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ငလျင်ဘေးဒဏ်သင့် ဒေသများရှိ ကျေးလက်နေပြည်သူများအတွက် လိုအပ်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်ပေးသွားမည်


11 Apr,2025

နေပြည်တော် ဧပြီလ   ၁၀

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲသည့် အင်အားပြင်းမန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲ ငလျင်ငယ်များလှုပ်ခတ်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့၌ ငလျင်ဘေးဒဏ် ခံစားခဲ့ရပြီး အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပါကြောင်း၊ ယခုငလျင်ဘေးတွင် ကော်မတီဝင် ဝန်ကြီးဌာန၊ ဦးစီးဌာနများမှ ဝန်ထမ်းများ ၊ မှီခိုသူများပါ တွေ့ကြုံခံစားခဲ့ရသဖြင့် အရေးပေါ်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ နောက်ဆက်တွဲအနေဖြင့် လုံခြုံ စိတ်ချရသော အမိုးအကာအောက်တွင် ယာယီနေထိုင်နိုင်ရေး အမြန်ဆုံးဆောင်ရွက်ပေးဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရဘက်မှလည်း စီမံချက်များချ၍ ဦးစားပေးအဆင့်အလိုက် အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ကော်မတီအနေဖြင့်လည်း ငလျင်ဘေးဒဏ်သင့် ဒေသများရှိ ကျေးလက်နေပြည်သူများအတွက် လိုအပ်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း အမြန်ဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်ပေးသွား ရမှာဖြစ်ပါကြောင်း၊ ဒီလိုဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ် မကျရောက်မီနှင့် ကျရောက်ပြီး ချိန်များတွင် လိုအပ်သည့် အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုန့်ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်း တာဝန်များအား ကော်မတီဝင် သက်ဆိုင်ရာဌာနအသီးသီးမှလည်း တာဝန်သိစိတ်ဖြင့် တာဝန်ယူ ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၃၆-ဘီ)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သမဝါယနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးဒဏ်ခံစားခဲ့ရသော ဒေသများတွင် ပြန်လည် ထူထောင်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား ထိထိရောက်ရောက် စီမံဆောင်ရွက် ပေးနိုင်ရန်အတွက် အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပရခြင်းဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လတ်တလော အမြန်ဆောင်ရွက် ပေးရသည့် ရေတိုလုပ်ငန်းများနှင့် ရေရှည်စီမံချက်ရေးဆွဲဆောင်ရွက်သွားရမယ့် လုပ်ငန်းများ ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် လတ်တလော ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို အချိန်တိုအတွင်း လူအင်အားဖြင့် ထိထိရောက်ရောက် စီမံဆောင်ရွက်သွားကြဖို့လိုမှာဖြစ်ပါကြောင်း၊ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း ယခုကတည်းက စီမံချက်ရေးဆွဲပြီး စနစ်တကျ ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ကော်မတီဝင်ဝန်ကြီးဌာန၊ ဦးစီးဌာနများမှ သဘာဝဘေးအန္တရာယ် ကျရောက်ဖြစ်ပွားပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အစီအမံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသည့်အတိုင်း အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွား ကြဖို့ တိုက်တွန်း မှာကြားလိုပါကြောင်းပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန  အနေဖြင့် ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ လယ်ဝေး၊ တပ်ကုန်း၊ ပျဉ်းမနား၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိမြို့နယ်တို့ရှိ မြောက်မြိုင်၊ လယ်သာတောင်၊ လယ်သာမြောက်၊ တောင်သာ၊ သာစည်၊ မြဂနိုင်၊ ညောင်ကုန်းနှင့် ကွေ့ကြီး ကျေးရွာများနှင့် မန္တလေးမြို့၊ စစ်ကိုင်းမြို့တို့ရှိ အိမ်ထောင်စုများသို့ တန်ဖိုးငွေကျပ်သန်း (၇၅၀၀)ကျော်ရှိ Family Kit ၊ Hygiene Kit ၊ Dignity Kit ၊ စောင်၊ ခြင်ထောင်၊ ကာဘော်လစ် (တောင့်)၊ ခေါက်ရေပုံးနှင့်  ရေသန့်ဆေးမှုန့် စုစုပေါင်း(၁၇၇၅၃)ခု ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါကြောင်း၊ ဒါ့အပြင် ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့် ပြည်သူများ အရေးပေါ် လိုအပ်လျက်ရှိသည့် သန့်ရှင်းသော သောက်ရေ (၂၆၀၇၀၀)ဂါလန်၊ သုံးရေ(၃၃၀၄၀၀)ဂါလန်၊ စုစုပေါင်း (၅၉၁၁၀၀)ဂါလန် ဖြန့်ဝေပေးနိုင်ခဲ့ပါကြောင်း၊ လက်ရှိငလျင်ဘေးသင့်ဒေသများတွင် တောင်သူများ၏ သီးနှံသိုလှောင်ရုံများနှင့် ဂိုဒေါင်များပျက်စီးမှု၊ သီးနှံစိုက် ဧရိယာများပျက်စီး ဆုံးရှုံးမှုရှိခဲ့ပါက အစီအမံများ သေချာ‌စွာ ဆောင်ရွက်သွားရန်နှင့် ထောက်ပံ့ဆောင်ရွက်မည့် အစီအစဉ်များ၊ မွေးမြူရေးလုပ်ငန်းများအတွက် ပျက်စီးမှုရှိ/မရှိ စစ်ဆေးပြီး တိရစ္ဆာန်ရောဂါ ကာကွယ်နိုင်ရေး ဆေးဝါးနှင့် တိရစ္ဆာန်အစာ ထောက်ပံ့ပေးနိုင်မှု၊ ငါး၊ ပုစွန်သားပေါက်များ ဖြန့်ဖြူး ထောက်ပံ့ပေးမည့် အစီအစဉ်များ၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးလုပ်ငန်းများအတွက် ရေသန့်စင်စနစ် ဆောင်ရွက်မှု၊ တွင်းဆေးတွင်းမှုတ်ခြင်း၊ ကလိုရင်းဆေးခတ်ခြင်း၊ ရေသန့်ဆေးပြား များ ပေးဝေခဲ့မှုနှင့် သောက်သုံးရေ ဖြန့်ဝေပေးနိုင်မှုများ၊ စားရေရိက္ခာအတွက် အရန်ဆန်ထောက်ပံ့ ကူညီ ဆောင်ရွက်ပေးနိုင်မှု အခြေအနေများ၊ ကူညီကယ်ဆယ်ထောက်ပံ့ပေးခဲ့မှု အခြေအနေများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ရေတို၊ ရေရှည်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ယခု အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေး ပေးစေလိုပါကြောင်း၊ ဒီလိုစီမံ ဆောင်ရွက်ကြတဲ့အခါမှာ လည်းကော်မတီဝင်ဝန်ကြီးဌာန၊ ဦးစီးဌာနများမှ မိမိတို့ရန်ပုံငွေများဖြင့် ဆောင်ရွက်နိုင်သည့်လုပ်ငန်း များရှိသကဲ့သို့ အမျိုးသားသဘာဝဘေးအရေးပေါ်ရန်ပုံငွေမှ တင်ပြတောင်းခံသုံးစွဲသွားရန် လိုအပ် သည့် ကိစ္စရပ်များရှိပါကလည်း စာရင်းဇယားစနစ်တကျပြုစု၍ ကော်မတီသို့ အမြန်တင်ပြသွား ကြရန်နှင့် ကော်မတီမှ ဆက်လက်တင်ပြတောင်းခံပေးဖို့ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ထိခိုက်ဆုံးရှုံးမှုများကို အချက်အလက်မှန်ကန်စွာရရှိရေးသည် အထူးအရေးကြီးပါကြောင်း၊ အချက်အလက်စာရင်းဇယားများ မှန်ကန်တိကျမှသာ ကူညီထောက်ပံ့ ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနသို့ ပျက်စီးဆုံးရှုံးမှုစာရင်းများ တင်ပြရာတွင် ပြည်ထောင်စု အဆင့်မှပေးပို့သည့်စာရင်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်မှ ပေးပို့သည့်စာရင်းများ အတတ်နိုင်ဆုံး ကိုက်ညီမှုရှိရန်လိုအပ်ပါကြောင်း၊ ဒါမှသာ ထိခိုက်ဆုံးရှုံးမှုများအတွက် ဦးစားပေး အဆင့်သတ်မှတ်၍ အမှန်တကယ်လိုအပ်သောနေရာကို အချိန်တိုအတွင်းထိထိရောက်ရောက် ပံ့ပိုးပေးနိုင်မှာဖြစ်ကြောင်း ပြောကြားပါသည်။

ထို့နောက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးသိန်းလွင်နှင့် ကော်မတီဝင်ဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဌာနအလိုက် ငလျင်ဒဏ်သင့် ဒေသများတွင် လိုအပ်သည့် အရေးပေါ်စီမံခန့်ခွဲခြင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများပူးပေါင်းဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက် ပေးနေမှု အခြေအနေများနှင့် ပြန်လည်ထူထောင်ရေးအတွက် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြကြရာ ရှင်းလင်းတင်ပြမှုများအပေါ် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဝန်ထမ်းများ ရုံးတက်ရောက်နေမှုများအားလည်းကောင်း၊ ရုံးဝန်းအတွင်းရှိ ကားဂိုဒေါင်တွင် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု ယာယီရွှေ့ပြောင်းနေထိုင်နေမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များဖြည့်စွက်မှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာသို့လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် ရှားတောကျေးရွာသို့လည်းကောင်း သွားရောက်ပြီး ငလျင်ဒဏ်ကြောင့် ကျေးရွာရှိ စက်ရေတွင်းများ ပျက်စီးခဲ့မှုကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေများဖြန့်ဝေပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော စက်ရေတွင်းများအား အမြန်ဆုံးပြန်လည်ပြုပြင်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ ပြည်ထောင်စုနယ်မြေ နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးဝန်းအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းများ နေထိုင်နိုင်ရေး အမိုးအကာဖြင့် ယာယီဝန်ထမ်းအိမ်ရာလိုင်းခန်း တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက မဟာသင်္ကြန်ရုံးပိတ်ရက်များအပြီး ရုံးပြန်လည်တက်ရောက်ပါက နေရာချထားနိုင်ရေး ရေ၊ မီး၊ အိမ်သာ စနစ်များ ဆောင်ရွက်ပေး  သွားရန် ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနပိုင် မြေနေရာတွင် သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ  ငလျင်ဒဏ်သင့်ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ယာယီရွှေ့ပြောင်းနေထိုင်မည့် အမိုးအကာဖြင့် ယာယီဝန်ထမ်းအိမ်ရာများ တည်ဆောက်နိုင်ရေးအတွက် မြေနေရာရှင်းလင်းဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက အဆိုပါ ယာယီအိမ်ရာ များအတွက် ရေရရှိရေးနှင့် မီးရရှိရေးကိစ္စရပ်များ ကြိုတင်ချိတ်ဆက်ဆောင်ရွက်ထားရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်