Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘုတ်ပြင်းမြို့နယ် ကြိမ်မဲတောင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး


20 Feb,2024

ဘုတ်ပြင်း ဖေဖော်ဝါရီ ၂၀
တနင်္သါရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဘုတ်ပြင်းမြို့နယ် ကြိမ်မဲတောင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများဖြင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဖေဖော်ဝါရီ ၁၉ ရက်မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘုတ်ပြင်းမြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးသက်သက်ခိုင်၊ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက ဘုတ်ပြင်းမြို့နယ် ကြိမ်မဲတောင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ထား​မှု၊ စာရင်းဇယားများ မှန်ကန်စွာ ရေးသွင်းထားမှုနှင့် စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ထားမှုရှိမရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးက ကြိမ်မဲတောင်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး စီမံကိန်းရန်ပုံငွေများ ရေရှည်တည်တံ့စေရန်၊ ရန်ပုံငွေဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်နှင့် ​ကြွေးကျန်များ မပေါ်ပေါက်စေရေး အထူးအလေးထားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။
ဘုတ်ပြင်းမြို့နယ် ကြိမ်မဲတောင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကစတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်သူစုစုပေါင်း ၇၂ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၅ ဒသမခုနစ်သန်း ထုတ်ချေးပေးထားကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm