နေပြည်တော် ဧပြီ ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မြိုင်ကုန်းကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအုပ်စုအတွင်းမှ ဝါစိုက်တောင်သူများ၊ မြိုင်ကုန်းစိုက်ပျိုးရေးနှင့်အထွေထွေ စီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများ၊ ဝါလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံကာ လာမည့် မိုးဝါ စိုက်ပျိုးရေးအတွက် အထွက်တိုးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ သွင်းအားစု ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာ ပိုးသတ်ဆေး ပေါင်းသတ်ဆေးများ အသုံးပြုနိုင်ရေး၊ ထွက်ရှိသည့် ဝါပိသာချိန်ပေါ် မူတည်၍ နေရာဒေသအလိုက် ဝါကြိတ် ဝါဖိစက်များ ထားရှိပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ သမဝါယမဝါစိုက်ပျိုးရေးအသင်းများ အနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးကြရန်၊ အဆင့်မီဝါများ ရရှိအောင် စိုက်ပျိုးရေးနည်းပညာများအတိုင်း လိုက်နာဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က မြိုင်ကုန်း စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ ဝါစိုက် အသင်းသားတောင်သူများအတွက် စိုက်ပျိုးရေး သွင်းအားစုများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့က ဝါစိုက်ပျိုးရေး လုပ်ငန်းဆိုင်ရာ သိကောင်းစရာများအား တောင်သူအသိပညာပေး ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် အသင်းသားတောင်သူများ၏ ဝါစိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြ ချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး စိုက်ပျိုးရေးသွင်းအားစု ကုမ္ပဏီများ၏ ကုန်ပစ္စည်းများအား ကြည့်ရှုအားပေးခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် စက်မှုဝန်ကြီးဌာန၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း၏ အမှတ်(၇) အထည်စက်ရုံ (မြစ်သား)သို့ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်နှင့်အတူ သွားရောက်ခဲ့ရာ စက်ရုံတာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် စက်ရုံအတွင်း ဝါဂွမ်းမှ ချည်ထည်အဆင့်ထိ ဆောင်ရွက်နေသည့် လုပ်ငန်းနည်းစဉ် အဆင့်ဆင့်အား လိုက်လံကြည့်ရှုလေ့လာခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့၊ စုပေါင်းရုံးခန်းမတွင် ကျောက်ဆည် မြို့နယ်အတွင်းရှိ ဖျောက်ဆိပ်ပင်ကျေးရွာ၊ ကင်းကျေးရွာ၊ တောင်တော်ကျေးရွာနှင့် ကျောက်ဖျာ ကျေးရွာတို့မှ သမဝါယမအသင်းသား ဝါစိုက်တောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား ပြီး ဝါစိုက်ပျိုးရေးလုပ်ငန်းအပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဆီထွက် သီးနှံစိုက်ပျိုးရေး၊ လာမည့်မိုးစပါးရာသီ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြ ရန် မှာကြားကာ အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုရေးလုပ်ငန်း တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။