Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ (၄၈) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်မှာကြား


26 Apr,2024

နေပြည်တော် ဧပြီ ၂၆

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ၏ (၄၈) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းအမှုထမ်း ဝန်ထမ်းများ တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများ အနေနဲ့ နိုင်ငံတော်က အားကိုးရသော ပြည်သူတွေက အားထားရသော တိုးတက်အောင်မြင်တဲ့ ဌာနတစ်ခုအဖြစ် ရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့တာ ဒီကနေ့ဆိုရင် (၄၈)နှစ်ပြည့်မြောက် ခဲ့ပြီ ဖြစ်ပါကြောင်း၊ ဌာနအနေဖြင့် ၁၉၇၆ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှာ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါကြောင်း၊ ဌာနရဲ့ လုပ်ငန်းတာဝန်များ အနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေမည် ဆိုတဲ့ မျှော်မှန်းချက်နှင့်အညီ အသက်မွေးဝမ်းကျောင်း သင်တန်းများပေးခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများကို ဥပဒေနှင့်အညီ မှတ်ပုံတင်ပေးခြင်း၊ စားသောက်ကုန်၊ လူသုံးကုန်များကို ဘေးဥပဒ်ကင်းရှင်းစေရန် ဓာတ်ခွဲစမ်းသပ်ပေးခြင်း စတဲ့ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ နည်းပညာပေးသင်တန်း (၆၁၉) ကြိမ်၊ မှတ်ပုံတင်လုပ်ငန်း (၃၄၁၈) ခု၊ ဓာတ်ခွဲစမ်းသပ်ပေးနိုင်မှု (၆၄၆၃) ကြိမ် တို့ကို ဌာနရဲ့လျာထားချက် ပြည့်မီကျော်လွန် အောင် ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတော်ရန်ပုံငွေများ ရှာဖွေပေးနိုင်ခဲ့ပါကြောင်း၊ အသေးစားထုတ်ကုန် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းကို ကျေးရွာ (၁၅၁) ရွာ ရွေးချယ်ပြီး ပညာရေးဆုံးခန်းတိုင်အောင် မသင်ကြားနိုင်တဲ့ လူငယ်၊ လူရွယ်များနဲ့ အိုးမကွာ၊ အိမ်မကွာ မိသားစုဝင်ငွေတိုးဆောင်ရွက်လိုတဲ့ အမျိုးသမီးတွေကို အသက်မွေးဝမ်း ကျောင်းပညာရပ်များ သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ ကျေးရွာတစ်ရွာမှာ လူ(၅)ဦး ရွေးချယ်ပြီး  လုပ်ငန်းသုံးစက်ပစ္စည်းများ ထောက်ပံ့ပေးကာ စုစုပေါင်း လူ(၇၅၅)ဦးကို လုပ်ငန်းများ ထူထောင် ပေးနိုင်ခဲ့သဖြင့် အသေးစားစီးပွားရေးလုပ်ငန်းရှင်များဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပါ ကြောင်း၊

နိုင်ငံတော်စီမံကိန်းများဖြစ်သည့် ကော်ဖီစီမံကိန်းမှာ ကော်ဖီစက်များ၊ ကော်ဖီထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် နည်းပညာ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး စပါးသီးနှံ၊ ပဲသီးနှံ၊ ဆီထွက်သီးနှံ အောင်မြင်ဖြစ်ထွန်းရေး စီမံကိန်းတွေမှာလည်း ပဲရိတ်စက်အပါအဝင် စက်ပစ္စည်းများ ထောက်ပံ့ ပေးနိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်  ဝါမှ ချည်ဖြစ်သည်အထိ လုပ်ငန်းစဉ်တွေကို ကူညီပံ့ပိုးပေးတဲ့နေရာမှာလည်း ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများနှင့် နိုင်ငံတော်၏ MSMEsလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်စွာ ပံ့ပိုးကူညီဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊

မိမိတို့ဝန်ကြီးဌာနရဲ့ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့်အညီ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်ရာမှာ အခြား ဆက်စပ်ဦးစီးဌာနများနဲ့ ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာမှာလည်း နိုင်ငံ့ဝန်ထမ်းပီပီ နိုင်ငံတော်အပေါ် သစ္စာရှိစွာ ဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည် ပိုမိုတိုးတက်လာအောင် ဝန်ထမ်းထူးချွန်ဆုများ ချီးမြှင့်ပြီး နှစ်စဉ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအားလုံး စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်စွာဖြင့် မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနရဲ့ ရည်မှန်းချက်များ၊ မျှော်မှန်းချက်များ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် နောင်နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲရပ်တည်နိုင်ရေး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm