Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် ကန်ထရိုက်လယ်ယာ


29 Jun,2022

           ၂၀၁၃ ခုနှစ် အချိန်ကမိုးရာသီရဲ့အစ ရောက်ရှိနေတဲ့နေရာက ထိုင်းနိုင်ငံချင်းမိုင်မြို့ ကျေးရွာတစ်ရွာရှိ (PHRAO)(ဖရို)သမဝါယမအသင်း အစဦးဆုံးညွှန်ပြထားတာက ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ရဲ့ မိန့်ခွန်းဖြစ်ပြီး     သမဝါယမစနစ်ဟာ နိုင်ငံရဲ့အတိုင်းအတာအရ လုပ်သင့်တယ် ဘာလဲဆိုတော့ ဒီမိုကရေစီရဲ့အခြေခံကျတဲ့အပြင် အားကိုးမှီခိုထိုက်လို့ဘဲ အဲဒါဟာ သမဝါယမ အသင်းသားတွေရဲ့ မဲပေးပိုင်ခွင့်ကိုထောက်ပံ့ပြီး အပြန်အလှန်အကျိုးစီးပွားတွေကိုလည်း အသိအမှတ်ပြုနိုင်မှာဖြစ်ကြောင်း ဆိုင်းဘုတ်ကိုတွေ့လိုက်ရပါသည်။

          အသင်းမှာ အသင်းသား သုံးထောင်ကျော်ရှိပြီး  ၁၉၇၇ ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့ တွင် သက်ဆိုင်ရာ၌ မှတ်ပုံတင်ထားသောအသင်းဖြစ်ကာ ကျေးရွာပေါင်း(၁၀၉)ရွာက အသင်း သားတွေ ပါဝင်၍ လှည့်ပတ်ရန်ပုံငွေ မြန်မာငွေဖြင့်တွက်လျှင် (၁၁.၂၃)ဘီလီယံ ၊ ရှယ်ယာ (အစုငွေ) (၁.၂၉) ဘီလီယံ ကျော်ရှိပြီး အစိုးရထောက်ပံ့ငွေများဖြင့် အသင်းစီးပွားရေးကို ရပ်တည် လျှက်ရှိပါသည်။ သမဝါယမအသင်းသားအဖြစ် ပါဝင်လိုလျှင် ကောင်းသောဂုဏ်သတင်း ရှိရမည် ဖြစ်ပြီး စီးပွားရေးနဲ့ ကိုက်ညီရမည်၊ အိမ်ရှိရမည်၊ သင့်မြတ်ဆီလျှော်တဲ့ဒေသမှာ လယ်သမားဖြစ်ရ မည်၊  ဝင်ငွေရှိရမည်၊ ကိုယ်အင်္ဂါချို့တဲ့သူ၊ ရူးတဲ့သူ၊ လူမွဲ မဖြစ်ရ၊ (၂)နှစ်အတွင်း အခြားသမအဖွဲ့မှ ထုတ်ပယ်ထားသူမဟုတ်ရ၊ အသက်(၂၀)မှ အသက်(၆၀)အတွင်း ဖြစ်ရမည်ဟူ၍ ဖြစ်သည်။

          အသင်းတွင် ဒါရိုက်တာအဖွဲ့(၃၆)ဦးရှိပြီး စာရင်းစစ်ကော်မတီ(၃)ဦး မန်နေဂျာ(၁)ဦး၊ လက်ထောက်မန်နေဂျာ(၁)ဦး၊ ဝန်ထမ်း(၄)ဦး၊ စာရင်းမန်နေဂျာ(၁)ဦး၊ ဝန်ထမ်း(၄)ဦး၊ စီမံဆောင် ရွက်မှု မန်နေဂျာ(၁)ဦး၊ ဝန်ထမ်း(၄)ဦး၊ ‌ဈေးကွက်မန်နေဂျာ (၁)ဦး၊ ဝန်ထမ်း(၄)ဦး၊ ဝန်ထမ်းဌာနခွဲ မန်နေဂျာ(၁)ဦး၊ ဝန်ထမ်း(၄)ဦး၊ စုစုပေါင်း(၂၆)ဦး ရှိပါသည်။

          အသင်းကအသင်းသားများအတွက် ဆောင်ရွက်ပေးသော လုပ်ငန်းများမှာ ကာလတို ချေးငွေ၊ အလယ်အလတ်ချေးငွေ၊ နှစ်ရှည်ချေးငွေတို့ ဖြစ်လေသည်။ စိုက်ပျိုးစရိတ်ချေးငွေ အပါ အဝင် ချေးငွေအမျိုးအစား(၆)မျိုးရှိပြီး၊ အသင်းသားများ စိုက်ပျိုးထုတ်လုပ်သော စပါးများကို စပါး ပေါ်ချိန်၌ ပေါက်စျေးဖြင့်ဝယ်ယူပေးခြင်း အသင်းတွင် မျိုးစေ့အဆင့် သတ်မှတ်ချက်ဌာနစိတ် ထားရှိကာ အသင်းသားများ လိုအပ်သောမျိုးစေ့ကိစ္စများ ဆောင်ရွက်ပေးပါသည်။ ဆန်စပါး မျိုးစေ့ထုတ်လုပ်ခြင်း ၊ စပါးမျိုးစေ့ဝယ်ယူရန် ချေးငွေပေးခြင်းများ ဆောင်ရွက်ပေးပါသည်။

အသင်းတွင် ဆန်စက် ၊ စိုက်ပျိုးရေးဆိုင်ရာ ပစ္စည်းများအရောင်းဆိုင်၊ ပိုးသတ်ဆေး၊ ဓါတု ပစ္စည်း၊ တန်(၅၀)ဆံ့ သိုလှောင်ရုံ၊ ကွန်ပြူတာဖြင့် အလေးချိန်တိုင်းတာခြင်းလုပ်ငန်း၊ တန် (၂၀၀၀) ဆံ့ ဆန်သိုလှောင်ရုံ ၊ စက်သုံးဆီဆိုင် စသည်ဖြင့် ပိုင်ဆိုင်မှုများလည်း ရှိလေသည်။

အသင်းသားများအနေဖြင့် မျိုးစေ့နှင့်သွင်းအားစုများ လယ်ယာသုံးပစ္စည်းများ၊ ငွေကြေး မပူပန်ရသည့်အပြင်၊ ထွက်ရှိလာသော စပါးများကိုလည်း ‌မျှတသောဈေးနှုန်းဖြင့် ဝယ်ယူပေး သဖြင့် အသင်းသားများက အလုပ်လုပ်ကြရန်သာဖြစ်ပေသည်။ ထွက်ကုန်များရောင်းချရန် ပူပင် သောကရောက်ရန်မရှိကြပေ။ လိုအပ်သောသွင်းအားစုအတွက်စိတ်ပူရန်ရှိမည်မဟုတ်ပေ။ အသင်း ကလည်း ထွက်ရှိလာသောကုန်ချောဖြစ်သည့် ဆန်များကို ကုမ္မဏီနှင့်ချိတ်ဆက်ပြီး ပြန်လည် ရောင်းချသဖြင့် အသင်းနှင့် အသင်းသားအတွက် ကောင်းကျိုးအဖြာဖြာ ရရှိပေသည်။

အမိမြန်မာနိုင်ငံတွင်လည်း သဘာဝတရားကပေးလာသည့် မြေသယံဇာတ၊ ရေသယံဇာတ  ပေါကြွယ်ဝလှသည်။ နိုင်ငံတော်ကလည်း လက်မှုလယ်ယာစနစ်ကနေ စက်မှုလယ်ယာစနစ်ကို ပြောင်းလဲနေသော ကာလဖြစ်သည်။ စက်ကရိယာနှင့်နည်းပညာကို သက်ဆိုင်ရာဝန်ကြီးဌာနက ပံ့ပိုးပေးနေသော အချိန်လည်းဖြစ်၍ ၎င်းအခြေခံအဆောက်အဦများကို အသုံးချပြီး စိုက်ပျိုးရေး နှင့်မွေးမြူရေးကဏ္ဍများကို ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်ဖို့လိုအပ်လှပေသည်။ ကျေးရွာတိုင်းလိုလို သမဝါယမအသင်းများ ဖွဲ့စည်းထားပြီးလည်းဖြစ်၍ ၎င်းသမဝါယမအသင်း များကို အခြေခံပြီး စုပေါင်းစိုက်ပျိုးထုတ်လုပ်ခြင်း၊ ရောင်းချခြင်းတို့ကို ဆောင်ရွက်ပါက သမဝါ ယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး သမဝါယမပုံရိပ် ပေါ်လွင်ထင်ရှားလာပေမည်။ စျေးကွက်အတွက်လည်း ပူပန်စရာမလိုဘဲ သမဝါယမကွန်ယက်နှင့်ဆောင်ရွက်ပါက အောင်မြင် နိုင်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်လည်း လိုအပ်နေသည်မှာ ကန်ထရိုက်လယ်ယာစနစ်ကို တွင်တွင်ကျယ် ကျယ် လုပ်ဆောင်လာရန်ဖြစ်ပါသည်။ ကန်ထရိုက်လယ်ယာစနစ်အတွက် လိုအပ်သော လိုက်နာ ရန် လုပ်ထုံးလုပ်နည်းများကိုလည်း စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန် ထားပြီးဖြစ်ပါသည်။ လိုအပ်နေသည်မှာ လယ်သမားနှင့်ကုမ္မဏီအကြား အထက်က ဖော်ပြခဲ့သော (PHRAO)(ဖရို) သမဝါယမအသင်းကဲ့သို့ သမဝါယမအသင်းများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးမည်ဆိုပါက ဆောင်ရွက်ပေးမည်ဆိုပါက ကန်ထရိုက် လယ်ယာစနစ်သည် ဧကန်အမှန် သရုပ် ပေါ်လာမှာ ဖြစ်ပါကြောင်း။

အဉ္ဇလီ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm