Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမစနစ်စတင်ခြင်းနှင့် ဦးစီးဌာနပေါ်ပေါက်လာခြင်း နှစ် (၁၂၀) ပြည့် နှစ်ပတ်လည်အခမ်အးနား ကျင်းပ


18 Dec,2024

နေပြည်တော် ဒီဇင်ဘာ ၁၈

သမဝါယမစနစ် စတင်ခြင်းနှင့် ဦးစီးဌာနပေါ်ပေါက်လာခြင်း နှစ် (၁၂၀)ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အငြိမ်းစားဂုဏ်ပြုခံပုဂ္ဂိုလ်များ၊ ဗဟိုသမဝါယမအသင်းမှ တာဝန်ရှိသူများ၊ သမဝါယမကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မြန်မာ့သမိုင်းတွင် သမဝါယမဌာနအဖြစ် စတင်ခဲ့သည်မှာ ၁၉၀၄ ခုနှစ်၊ ဒီဇင်ဘာလတွင် မစ္စတာအိတ်(ချ်)ဖီးလ်ဒင်းဟော(လ်) H.Mr.Fielding Hall ကို ပထမဦးဆုံး သမဝါယမမင်းကြီးအဖြစ် ခန့်အပ်ခဲ့ပြီး ပထမဆုံး သမဝါယမဌာနကို မေမြို့ (ပြင်ဦးလွင်) ၌ ဖွင့်လှစ်ခဲ့ခြင်းမှ စတင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသား သမဝါယမဝန်ထောက်မင်း ဦးမောင်မောင်ပြား (A.T.M, C.I.E, M.B.E) ကို ဗြိတိသျှအစိုးရမှ မင်းမှုထမ်းခန့်အပ်ခဲ့ပြီး အင်္ဂလိပ် စကားလုံး Cooperative ကို “သမဝါယမ”ဟု မြန်မာမှုပြုခဲ့ခြင်းကြောင့် ယနေ့တိုင် မြန်မာနိုင်ငံတွင် သမဝါယမဟူသော စကားရပ်ကို အသုံးပြုနေကြခြင်းဖြစ်ပါကြောင်း၊

          သမဝါယမစနစ်သည် လူတို့၏ အတ္တဟိတနှင့် ပရဟိတ ဒွန်တွဲမှုအပေါ်တွင်အခြေခံ၍ ကြံဆ တီထွင်ထားသည့် စနစ်ဖြစ်ပြီး သမဝါယမအသင်းသည် လူတို့၏ စီးပွားရေးအခြေအနေများကို တိုးတက်အောင် မြှင့်တင်ရန်အလို့ငှာ လူတန်းစားခွဲခြားမှုမရှိဘဲ သာတူညီမျှစနစ်ဖြင့် လူသား အချင်းချင်း ဆက်ဆံပေါင်းသင်း၍ မိမိတို့၏အန္ဒအလျောက် အတူတကွပူးပေါင်းဆောင်ရွက်သော အဖွဲ့အစည်းပင်ဖြစ်ကြောင်း၊

          ၁၉၀၄ ခုနှစ်မှ ၁၉၃၂ ခုနှစ်ထိ နယ်ချဲ့အစိုးရသည် သမဝါယမဌာနမင်းကြီးများအဖြစ် Mr Fielding Hall, မှစ၍ Mr.R.K. Hanper အဆုံး နိုင်ငံခြားသား(၈)ဦးကို ခန့်အပ်တာဝန်ပေးခဲ့ ပါကြောင်း၊ ၁၉၃၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံသား သမဝါယမမင်းကြီး ဦးဘိုတင်ကို စတင်ခန့်အပ် တာဝန်ပေးအပ်ခဲ့ပြီး မြို့ရောကျေးလက်ပါမကျန် သမဝါယမလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ၁၉၃၅ ခုနှစ်တွင် သမဝါယမဌာနမင်းကြီး ဦးတင်ကြီး၏ သမဝါယမပြုပြင်ရေး စီမံကိန်းကို ပြည်သူများ နှစ်ခြိုက်ခဲ့ကြပြီး နယ်ချဲ့အစိုးရခေတ် ဦးတင်ကြီး၏ သမဝါယမစီမံကိန်းသည် အစိုးရ ကလည်း နှစ်ခြိုက်သလို ပြည်သူများကလည်း သမဝါယမအပေါ် ယုံကြည်အားထားခဲ့ကြပါကြောင်း၊

          လွတ်လပ်ရေးမရခင်ကာလအထိ သမဝါယမဌာနသည် လယ်ယာဌာနချုပ်ကြီး/လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဌာနအောက်တွင် တည်ရှိခဲ့ပါကြောင်း၊ လွတ်လပ်ရေးရပြီး (၁-၄-၁၉၅၁) ရက်နေ့ တွင် သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာနကို ဖွဲ့စည်းထူထောင်ခဲ့ပါကြောင်း၊ တော်လှန် ရေးကောင်စီခေတ်တွင်လည်း ဆန်စပါး၊ ဝါဂွမ်း၊ ကြံ၊ ငါး စုပေါင်းရောင်းချရေးလုပ်ငန်းများကို ပြည်သူ့အရေး ရှေ့တန်းတင်၍ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ (၂၆-၃-၁၉၆၂) ရက်နေ့တွင် ယခင် သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာနကို ထောက်ပံ့ရေးနှင့် သမဝါယမဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါကြောင်း၊

          သမဝါယမညွှန်ကြားရေးဌာန (သမဝါယမဦးစီးဌာန) သည် (၃၀-၉-၁၉၇၃) ရက်နေ့တွင် သီးခြားဖွဲ့စည်းခဲ့သည့် သမဝါယမဝန်ကြီးဌာန ရောက်ရှိခဲ့ပါကြောင်း။ ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးရေးကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့သည့်  သမဝါယမအသင်းများအတွက် ၁၉၀၄ ၊ ၁၉၁၂ ၊ ၁၉၂၇ ၊ ၁၉၅၆ ၊ ၁၉၇၀ နှင့် ၁၉၉၂ ခုနှစ်တို့တွင် အက်ဥပဒေ၊ ဥပဒေများကို ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေ များလည်း ထုတ်ပြန်ဆောင်ရွက်ခဲ့ပါကြောင်း၊

          ခေတ်အဆက်ဆက် သမဝါယမအသင်းများ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဦးစီးဌာန၊ ဝန်ကြီးဌာန ဖွဲ့စည်း ထူထောင်ပြီး လမ်းညွှန်ကြီးကြပ်မှုများဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ဝန်ကြီးဌာနအသစ်အဖြစ် ပြန်လည် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ခေတ်နှင့်အညီ မူဝါဒအသစ်များဖြင့် စပါး/ ဆီထွက်သီးနှံ/ ဝါသီးနှံ စိုက်ပျိုး ခြင်းနှင့် နွားမွေးမြူရေးလုပ်ကိုင်သူတို့ကို သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် တိုးချဲ့စိုက်ပျိုး မွေးမြူ နိုင်ရေးအတွက် ပြည်ထောင်စုဘတ်ဂျက်၊ သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ်အစိုးရဘတ်ဂျက် နှင့် ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများမှ ရရှိသော အကူအညီအထောက်အပံ့တို့ကို ရရှိနိုင်ရေး ဘတ်ဂျက်လျာထားခွင့်ပြုမိန့်တောင်းခံ ဆောင်ရွက်ပြီး သမဝါယမအသင်းများအား အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထူထောင်ပေးသွားနိုင်ရေးနှင့် စပါးသီးနှံ၊ ဆီထွက်သီးနှံ၊ ဝါသီးနှံတို့အတွက် တစ်ဧကလျှင် ကျပ်(၂)သိန်းနှင့် ညီမျှသည့်မျိုးနှင့် သွင်းအားစုပစ္စည်းများရရှိအောင် ဆောင်ရွက်ပေး ခြင်း၊ ဒေသနွား/ နို့စားနွားမွေးမြူသူများအား မွေးမြူသည့် အကောင်ရေပေါ်မူတည်၍ ဒေသ ပေါက်ဈေးနှုန်းအလိုက် ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိနေခြင်းကြောင့် (၃)နှစ်ကျော် ကာလအတွင်း စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်သမဝါယမအသင်းများမှ ပန်းတိုင်အထွက်နှုန်းများ ထွက်ရှိနိုင်ရေး ကြိုးပမ်းလျက်ရှိပြီး ထုတ်ကုန်များအား ကုန်သွယ်မှုသမဝါယမအသင်းများမှ ထိထိ ရောက်ရောက် အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း။  

          EXIM Bank ချေးငွေနှင့်ပတ်သက်၍ နိုင်ငံတော်မှ စိုက်ဆပ်ငွေအပေါ် ဘဏ္ဍာနှစ် (၃) နှစ် အတွင်း ပေးဆပ်သွားရမှာဖြစ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျပ်(၆၃)ဘီလီယံ ပြည့်မီအောင် ပေးသွင်းရန်ကျန် ကျပ် (၄၃.၃၀) ဘီလီယံအပေါ် ဘဏ္ဍာနှစ်(၃)လပတ်အလိုက် ပေးသွင်းရန် သတ်မှတ်ထားသည့် ပမာဏများအတိုင်း သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် သမဝါယမအသင်း စုချုပ်များက အပြေအကြေပေးသွင်းသွားဖို့ ပြောကြားလိုပါကြောင်း။

၁၉၀၄ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ပေါ်ပေါက်ခဲ့သည့် သမဝါယမဌာန/သမဝါယမညွှန်ကြား ရေးဌာန/ သမဝါယမဦးစီးဌာနဟူသော အမည်နာမ်မများဖြင့် ခေတ်အဆက်ဆက်အစိုးရဝန်ကြီးဌာန များ၏ အောက်တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းခံခဲ့ရပြီး သမဝါယမလုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း။ သမဝါယမဦးစီးဌာနအနေဖြင့် လယ်ယာသားငါး ထုတ်ကုန်များကို ဈေးကွက်သို့ ချိတ်ဆက်ပေးနိုင်ရေးနဲ့ ပြည်သူများ၏ စားဝတ်နေရေး ပိုမိုပြည့်စုံ မြင့်မားလာစေအောင် ဖော်ဆောင်နိုင်ရေးအတွက် ဌာနအနေဖြင့် အသင်းအဆင့်ဆင့်တို့နှင့်အတူ ဟန်ချက်ညီညီ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား ခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အဆက်ဆက်တာဝန် ထမ်းဆောင်ခဲ့ကြသော ဂုဏ်ပြုခံ အငြိမ်းစားဝန်ကြီး၊ ဒုတိယဝန်ကြီးများကိုယ်စား ဒုတိယဝန်ကြီး ဦးသန်းထွန်း(ငြိမ်း)အား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ယင်းနောက် နှစ် (၁၂၀) ပြည့်အခမ်းအနား ဂုဏ်ပြုအစီအစဉ် (Narration) Video Clip အား ပြသခဲ့သည်။ ဆက်လက်၍ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးအောင်သူရက လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနမှ ဂုဏ်ထူးဆောင်ဆုရရှိ သူများ၊ ဆုရရှိသောဝန်ထမ်းများနှင့် အသင်းများ၊ ထူးချွန်ကျောင်းသူအား ဆုချီးမြှင့်ပေးအပ်ခဲ့ ပါသည်။ ၎င်းနောက် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေးနှင့် တောင်ကြီး) တို့မှ ကျောင်းသူလေးများ၏  တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး မှတ်တမ်း တင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း  သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်