နေပြည်တော် ဒီဇင်ဘာ ၁၉
သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေလုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၁၆ ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ဗဟိုသမဝါယမ အသင်းကိုယ်စားလှယ်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ညွှန်ကြားရေးမှူးများနှင့် သမဝါယမ အသင်းစုချုပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက သမဝါယမသည် ကျေးလက်နေ တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် ကျေးရွာများတွင် နေထိုင်ကြသည့် လုပ်ငန် တူရာအလိုက် အမှန်တကယ် အလုပ်လုပ်သူများ၊ ဆန္ဒတူသူများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် စည်းမျဉ်း၊ စည်းကမ်းချမှတ်ကာ ကုန်ထုတ်သမဝါယမအသင်းများဖွဲ့စည်း ကြီးကြပ်၍ လိုအပ်သည်များ ချိတ်ဆက်ပညာပေးခြင်း၊ ကြီးကြပ်ပေးခြင်များကို အလေးထား ဆောင်ရွက်ရမှာ ဖြစ်ကြောင်း။
ဖွဲ့စည်းပြီးအသင်းများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိက ဆောင် ရွက်သည့်အတွက် အသင်းသားတောင်သူများ လိုအပ်သော မျိုးကောင်းမျိုးသန့်ရရှိရေး၊ သွင်းအားစု ပံ့ပိုးပေးနိုင်ရေး၊ ထွက်ရှိလာသည့်သီးနှံများကို ဈေးကွက်ခိုင်မာမှုရရှိအောင် လုပ်ဆောင်ပေးခြင်းဖြင့် သီးနှံများအထွက်တိုးကာ ပြည်သူများ၏ စားရေရိက္ခာလုံလောက်စွာ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါ ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အသင်းများကို စနစ်တကျဖွဲ့စည်းပေးခြင်း၊ မျက်ခြေမပြတ် ကွင်းဆင်းကြီးကြပ်ခြင်း၊ မျိုးကောင်းမျိုးသန့်၊ သွင်းအားစုများကို အသင်းသားတစ်ဦးချင်း လက်ဝယ် သို့ ရောက်/မရောက် စိစစ်ရန်နှင့် အမှန်တကယ်သုံးစွဲမှုရှိ/မရှိ အမြဲမပြတ် ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထွက်ရှိလာသည့် သီးနှံများကိုလည်း အသင်းအချင်းချင်းချိတ်ဆက် ဝယ်ယူပေးခြင်း၊ သက်ဆိုင်ရာကုမ္ပဏီများနှင့် ချိတ်ဆက်၍ ကာလပေါက်ဈေးဖြင့် ဝယ်ယူနိုင်ရေးတို့ကိုလည်း ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါကြောင်း၊
၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးအတွက် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် မိုးစပါးစိုက်ဧက(၁၆၁၅၉၉.၅၆)အတွက် ကျပ် (၃၁.၅၈၅) ဘီလီယံ၊ ဝါသီးနှံ စိုက်ဧက(၇၃၉၈၉)အတွက် ကျပ်(၁၄.၇၅၄)ဘီလီယံဖြင့် စိုက်ပျိုးခဲ့ကြောင်း၊ သမဝါယမကဏ္ဍဖြင့် စိုက်ပျိုးသော ဆီထွက်သီးနှံ(နေကြာ) စိုက်ဧက(၁၀၀၂၆၈.၆၇) ဧကအတွက် ကျပ်(၁၈.၃၂၆)ဘီလီယံ တို့ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ ဘတ်ဂျက်ငွေနှင့် အသင်းပိုင်ငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိရာ ပန်းတိုင်အထွက်နှုန်းရရှိရန် လိုအပ်ကြောင်း၊ ရုရှားနိုင်ငံထုတ် ရွက်ဖျန်းသဘာဝမြေဩဇာသည် ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းမွန်သည့်အတွက် တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ရန်လိုကြောင်း။
EXIM Bank သို့ နိုင်ငံတော်မှ စိုက်ထုတ်ပေးဆပ်ခဲ့သည့် ငွေကြေးများကိုလည်း မဖြစ်မနေ ပေးဆပ်ရမှာဖြစ်သည့်အတွက် တိုင်းဒေသကြီး/ ပြည်နယ် အလိုက်ပေးဆပ်ရမည့် ချေးငွေကျန်များ ကို ယခုဘဏ္ဍာနှစ်အတွင်းမှာ ပေးဆပ်သွားကြရန် လိုကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကျပ် (၆၃) ဘီလီယံ ပေးဆပ်ရမှာဖြစ်ပြီး ယနေ့ထိ ကျပ် (၁၉.၇၀) ဘီလီယံ ပေးသွင်းခဲ့သည့်အတွက် ပေးသွင်းရန်ကျန် ကျပ် (၄၃.၃၀) ဘီလီယံအပေါ် ဘဏ္ဍာနှစ် (၃)လပတ်အလိုက် ပေးသွင်းရန် သတ် မှတ်ထားသော ပမာဏများအတိုင်း သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်သမဝါယမအသင်းစုချုပ် များက အပြေအကြေ ပေးသွင်းသွားဖို့ ပြောကြားလိုကြောင်း၊ ဆီထွက်သီးနှံများ အောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်ကြရန်နှင့် နွားမွေးမြူရေးလုပ်ငန်းများကိုလည်း စနစ်တကျ မွေးမြူဆောင်ရွက် ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြသည်။ ထို့နောက် တက်ရောက်လာ ကြသည့် တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဗဟိုသမဝါယမ အသင်းကိုယ်စားလှယ်နှင့် သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌများက လုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်နေမှုများကို အသီးသီး ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်