ကမ္ဘာလောကကြီးကို စိမ်းလန်းသော တောကြီးများ၊ တောင်စဉ်တောင်တန်းများနှင့် အသက်ရှင်နေထိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သော ရေအရင်းအမြစ် ၊ မြစ်ချောင်း ၊ ပင်လယ်ပြင် ကြီးများဖြင့် ၀န်းရံလျှက်ရှိပါသည်။ထိုသို့ အလှအပရှုခင်းများစွာပြည့်စုံလျှက်ရှိသော ကမ္ဘာကြီးက နှစ်ပေါင်းများစွာ လူသားတို့အတွက် တန်ဖိုးမဖြတ်နိုင်သော သဘာ၀သယံဇာတများစွာကို အထောက်အပံ့ပေးလျှက်ရှိပါသည်။အဆိုပါ သဘာ၀သယံဇာတများကို လူသားတို့သည် ထုတ်ယူ သုံးစွဲလျှက် စား၀တ်နေရေးဟူသော အဓိကလိုအပ်ချက်များကို ဖြည့်တင်းလျှက်ရှိပါသည်။
ကမ္ဘာကြီးသည် ၂၃.၅ ဒီဂရီစောင်း၍ လှည့်ပတ်နေကာ နေ့နှင့်ည ၊ ညနှင့်နေ့ ဟူသည့် ရာသီစက်၀န်းကိုဖြစ်ပေါ်စေပါသည်။ လူသားတို့သည်လည်း ရာသီစက်၀န်းကိုမှီလျှက် သယံဇာတ များကို ထုတ်လုပ်စားသုံးကြပါသော်လည်း ချမ်းသာသူက ချမ်းသာပြီး ဆင်းရဲသူက ဆင်းရဲလျှက် ရှိနေပါသည်။ နိုင်ငံများတွင်လည်း ဆင်းရဲသော နိုင်ငံ နှင့် ချမ်းသာသော နိုင်ငံဟူ၍ ကွဲပြားခြားနား လာသည်။ နိုင်ငံတိုင်းတွင် ချမ်းသာသူ နှင့် ဆင်းရဲသူဟူ၍ မတူညီကွဲပြားသော်လည်း ချမ်းသာ သောနိုင်ငံများတွင်မူ ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်းမှာ နည်းပါးပါသည်။ ဆင်းရဲသော နိုင်ငံများဖြစ် သော ဖွံ့ဖြိုးဆဲနိုင်ငံများအထူးသဖြင့် အာရှနိုင်ငံများနှင့် အာဖရိကနိုင်ငံများ၌ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်းမှာ အတော် များပြားပါသည်။ အာရှဒေသမှ ဆင်းရဲနွမ်းပါးသူများ၏ ၉၀ ရာခိုင်နှုန်းမှာ ကျေးလက် ဒေသ တွင်ရှိပါသည်။ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုမြင့် တက်လာ သည်နှင့်အမျှမြို့ပြသို့ ပြောင်းရွေ့ နေထိုင်အခြေချမှုကြောင့် မြို့ပြဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်းမှာ မြင့်မား လာစေပါသည်။ ကျေးလက် ဒေသအခြေခံ အဆောက်အအုံကို လျှစ်လျှူရှုထားခြင်း ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်အစိုးရအသုံးစရိတ်ရာခိုင်နှုန်းနည်းပါးခြင်း၊ လယ်ယာ မြေများကို အတင်းအဓမ္မ သိမ်းယူ ခြင်းစသည့်အုပ်ချုပ်ရေးယန္တရား လစ်ဟာချက်ကြောင့်လည်း ကျေးလက်ဒေသတွင် ဆင်းရဲနွမ်းပါး မှုမြင့်တက်လာရပါသည်။
ကျေးလက်ဒေသတွင်နေထိုင်ကြသည့် ဆင်းရဲနွမ်းပါးသူများ၏ ၀င်ငွေ ၊ အလုပ်အကိုင် အသုံးစရိတ်အားလုံးသည် စိုက်ပျိုးမွေးမြူရေး ၊ တံငါ နှင့် ကျေးလက်အခြေပြု စက်မှုလုပ်ငန်း
၀န်ဆောင်မှု စသည်များအပေါ်တွင် တည်မှီနေပြီး အများစုမှာ စိုက်ပျိုးရေးကဏ္ဍတွင်ဖြစ်ပါသည်။ ထိုကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းတွင်တည်မှီနေခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍ၏ ကြိုတင်မမြင်နိုင် သောအခက်အခဲများဖြစ်သည့် ရာသီဥတုဖောက်ပြန်မှု ၊ မိုးခေါင် ရေရှားမှု ၊ လေမုန်တိုင်းကျမှု ၊
ရေကြီးမှု စသည်တို့ဖြစ်ပွားပြီး လယ်ယာမြေများပျက်စီးသွားသည့် အခြေအနေများဖြစ်ပွားလာ သည့်အခါတွင်လည်းဒေသခံပြည်သူများ၏စား၀တ်နေရေးကိုထိခိုက်လာတတ်ပါသည်။ကျေးလက် ဒေသထုတ်ကုန်များကို မြို့ပြသို့တင်ပို့သည့်အခါ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ကြီးမြင့်မှု ကြောင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှု ကျဆင်းကာ၀င်ငွေနည်းလာစေပါသည်။
ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုတွင်လည်းဆင်းရဲနွမ်းပါးမှုသဏ္ဏာန်များမှာကွဲပြားခြားနား မှုရှိပါသည်။ မြို့ကြီးများနှင့် နီးစပ်သည့် ကျေးလက်ဒေသများတွင်လည်း ဈေးကွက်များသို့ ၀င်ရောက်နိုင်မှုအခွင့်အလမ်းများပြားခြင်း၊ အခြေခံအဆောက်အအုံနှင့် ၀န်ဆောင်မှုများရှိခြင်း စသည်တို့ကြောင့်ဝေးလံခေါင်ဖျားကျေးလက်ဒေသများတွင် ဖြစ်ပွားတတ်သည့် ဆင်းရဲနွမ်းပါးမှု သဏ္ဏာန်များကွဲပြားခြားနားပါသည်။စစ်မက်ဖြစ်ပွားသော ဒေသတွင် နေထိုင်ကြသည့်ကျေးလက် ပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုကလည်း အခြားဒေသများထက် ပိုပြီးဆိုးရွားမှု ရှိနိုင်ပါသည်။
ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုကို ပိုမိုဆိုးရွားစေသည့် အရာများမှာလည်းဓနရှင်မြေပိုင် ရှင်များ၏ခေါင်းပုံဖြတ်မှု အစိုးရ၏လယ်ယာမြေမူဝါဒဆိုင်ရာ အားနည်းချက်များ၊လယ်ခွန် ယာခွန် ကောက်ခံမှုများလယ်ယာမြေများကို မတရားသိမ်းယူမှု ၊ လယ်ယာထုတ်ကုန်များကို လက်ဝါးကြီး အုပ်မှုအစရှိသည်များဖြစ်ပါသည်။ အာရှနိုင်ငံများတွင် ဖြစ်ပွားလေ့ရှိသည့် rural duolison ပြဿနာကြောင့်ကျေးလက်နေပြည်သူအများအပြားမှာအတိဒုက္ခရောက်ခဲ့ကြပါသည်။ ကျေးလက် ဒေသများတွင် လယ်သမား ၊ယာသမားများနှင့် Subsistence Farming System အပြင် မြေပိုင်ရှင်ကြီးများ၏ commercial production System တွေကပါ အတူတကွယှဉ်တွဲ လျှက် တည်ရှိနေပါသည်။အကျိုးဆက်မှာကား ဆင်းရဲနွမ်းပါးသည့် လယ်သမား ၊ယာသမားများ သည် အရင်းရှင် ၊ မြေရှင်များ ၊ ငွေတိုးချေးစားသူများ၏ သွေးစုပ်ခြယ်လှယ် အနိုင်ကျင့် ဗိုလ်ကျ မှုများကို ခါးစည်းခံကြရခြင်းပင်ဖြစ်ပါသည်။
ထိုကဲ့သို့သော အခြေအနေဆိုးများကို လာဘ်ပေးလာဘ်ယူမှုများ နှင့် ပြည့်နှက်နေသည့် ဗျူရိုဂရက် ယန္တရား က အားဖြည့်လိုက်သည့်ပမာ ကျေးလက်ဒေသ ဆင်းရဲနွမ်းသူများသည် ဆင်းရဲတွင်းကနေ ရုန်းထွက်နိုင်ရန် ခဲယဉ်းလာကြရပါတော့သည်။ တရားဥပဒေစိုးမိုးမှု အားနည်း
ခြင်း ၊ ဥပဒေဘက်တော်သားများက မြေရှင် ၊ အရင်းရှင်များဘက်မှ ဘက်လိုက်ခြင်း ၊ ဆင်းရဲ နွမ်းပါးသူများ၏ အသံများကို အလေးမထားခြင်း ၊ ပြည်ပပို့ကုန်များအား ဦးစားပေး စိုက်ပျိုးစေ
ခြင်း အစရှိသည်များသည် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှု သံသရာလည်စေသည့် အကြောင်း တရားများဖြစ်ပါသည်။
ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုသည် နိုင်ငံ၏ စီပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့် အတားများဖြစ်ရာ ဆင်းရဲနွမ်းပါးမှု လျော့ချရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်ရန်လိုအပ်လာပါ သည်။ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်မှသာလျှင် ကမ္ဘာလောကကြီးသည် ပိုမိုကောင်းမွန်လာမည်ဖြစ် ပါသည်။
ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် မူဝါဒများ ချမှတ်အကောင်အထည် ဖော်ကြသော်လည်း ကာလဒေသနှင့်လျှော်ညီသည်မှာ သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်း တည်ဆောက်ခြင်းပင်ဖြစ်ပါသည်။
သမဝါယမဆိုသည်မှာအားလုံးနှင့်ဆိုင်သည်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယနေ့ခေတ်အချိန် အခါ၌ ကမ္ဘာ့နိုင်ငံ အားလုံးလိုလို၌ သမဝါယမကို ဖွဲ့စည်းဆောင်ရွက်နေကြပါသည်။စားသောက် ကုန်များရောင်းချရန် ၊ လယ်ယာနှင့်သားငါးကဏ္ဍအတွက် ကုန်ထုတ်လုပ်မှုတွင် လိုအပ်သည့် သွင်းအားစုများဖြည့်ဆည်းပေးရန် ၊ မိသားစုနှင့်အိမ်ထောင်စုများ၏ လိုအပ်ချက်များကို ဝယ်ယူ ပေးရန် ၊ အလုပ်သမားများနှင့် လက်မှုပညာသည်များ ပြုလုပ်သည့် ကုန်ပစ္စည်းများရောင်းချပေး ရန် ၊ လူ့အဖွဲ့အစည်းအတွက် ၀န်ဆောင်မှုများဖြည့်ဆည်းပေးရန် ဆိုသည့် ရည်ရွယ်ချက်များ ထားရှိ၍ သမဝါယမကို နည်းလမ်းများစွာဖြင့် အသုံးပြုနေကြပါသည်။
သမဝါယမသည် အသင်းသားအားလုံးက ပူးပေါင်းပိုင်ဆိုင်ကြပြီး အများဆန္ဒဖြင့် စီမံခန့်ခွဲ အုပ်ချုပ်သော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။သမဝါယမအသင်းများသည် ကုန်စည်နှင့် ၀န်ဆောင်မှုများ ထောက်ပံ့ပေးခြင်းအားဖြင့် အမြတ်ရရှိအောင် ဆောင်ရွက်သော ကုန်သွယ်မှု လုပ်ငန်းများဖြစ်ပါသည်။သို့သော် ရင်းနှီးမြှုပ်နှံသူ တော်တော်များများမှ ပိုင်ဆိုင်သော လုပ်ငန်း
ဖြစ်သောကြောင့် ၄င်းအသင်းမှ ရရှိသော အမြတ်များသည် ပြင်ပအစုရှင်များနှင့် မသက်ဆိုင်ဘဲ အသင်းအားလုံး၏ အများဆန္ဒအရ အမြတ်များအား ဘယ်လိုအသုံးပြုမည်ဆိုသည်ကို ဆုံးဖြတ်
ကြသည်။ သမဝါယမအသင်းများသည် အသင်း၏ လုပ်ငန်းတွင် ပြန်လည်ရင်းနှီးမြှုပ်နှံရန် လူမူ ရေးဆိုင်ရာ ရည်ရွယ်ချက်များဆောင်ရွက်ရန် ၊ အသင်းသားများ၏ ပညာရေး လုပ်ငန်းများ
ဆောင်ရွက်ရန် ၊ မိမိတို့၏ လူမူအဖွဲ့အစည်း (သို့မဟုတ်)မိမိတို့၏ ပတ်၀န်းကျင် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရန် နှင့် ဝေးလံသော လူမူအဖွဲ့အစည်းများ၏ ကောင်းကျိုးများ ဆောင်ရွက်ပေးရန်တို့တွင် ၄င်းတို့၏ အမြတ်များကို အသုံးပြုကြပါသည်။
သမဝါယမအသင်းများသည် ကိုယ်အားကိုယ်ကိုးခြင်း ၊ ကိုယ်တိုင်တာဝန်ယူဆောင်ရွက် ခြင်း ၊ အမျာဆန္ဒနှင့်အညီ စီမံခန့်ခွဲခြင်း ၊ သာတူညီမျှမှုနှင့် တရားမျှတမှုရှိခြင်း ၊ စည်းလုံးညီညွှတ် ခြင်းစသည့်အနှစ်သာရများပေါ်တွင်အခြေခံ၍ဆောင်ရွက်ကြသည်။သမဝါယမ အသင်းသား များ သည် လည်းရိုးသားခြင်း၊ပွင့်လင်းခြင်း၊လူမူရေးစိတ်ဓါတ်ရှိခြင်းနှင့်အများအကျိုးကို အလေးထား ခြင်း စသည့် လူမူကျင့်ဝတ်များကို ယုံကြည်လက်ခံဆောင်ရွက်ကြသူများဖြစ် ကြသည်။
သမဝါယမအသင်းများသည် ၄င်းတို့၏ အနှစ်သာရများကို လက်တွေ့လုပ်ကိုင်ဆောင်ရွက် ရာတွင် (၁) ဆန္ဒအလျှောက် လွတ်လပ်စွာ အသင်းသားအဖြစ် ပါဝင်ခွင့်ရှိခြင်း ၊ (၂) အသင်းသား များ၏ အများဆန္ဒနှင့် အညီ စီမံခန့်ခွဲခြင်း ၊ (၃) သမဝါယမအသင်း၏ စီးပွားရေးလုပ်ငန်းများ တွင် အသင်းသားများပူးပေါင်းပါ၀င်ဆောင်ရွက်ခြင်း ၊(၄) ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် လွတ်လပ်မှု ရှိခြင်း (၅) ပညာပေးခြင်း ၊ လေ့ကျင့်သင်ကြားခြင်း ၊ သတင်းပေးခြင်း ၊ (၆) သမဝါယမအသင်းများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းနှင့် (၇) အခြေခံလူ့အဖွဲ့အစည်း တိုးတက်ရေးအတွက် တာ၀န်ယူဆောင်ရွက်ခြင်း ဆိုသည့် သမဝါယမ၏အခြေခံမူများကို လုပ်ငန်းလမ်းညွှန်မျာအဖြစ် ထားရှိဆောင်ရွက်ကြပါသည်။
သမဝါယမကို နိုင်ငံအသီးသီးရှိ လူအမျိုးမျိုးမှ အဓိပ္ပါယ် အမျိုးမျိုးဖွင့်ဆိုထားကြပါသည်။ သို့သော် ယခုအခါတွင် ကမ္ဘာတစ်၀န်းလုံးရှိ သမဝါယမလောကသားအားလုံးက ၁၉၉၅ ခုနှစ် အင်္ဂလန်နိုင်ငံ ၊ မန်ချက်စတာမြို့၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် ရာပြည့် ညီလာခံတွင် တင်သွင်းသည့် သမဝါယမပုံရိပ်လွှာ စာတမ်းတွင် ပါဝင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်
ကိုသာ လက်ခံထားကြသည်။၄င်းအဓိပ္ပါယ်ဖွင့်ဆိုချက်မှာ “သမဝါယမအသင်းသည် ဆန္ဒ အလျှောက် ပူးပေါင်းကြသူတို့က ၄င်းတို့၏ အများနှင့် သက်ဆိုင်သည့် စီးပွားရေး ၊ လူမူရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်များနှင့် မျှော်မှန်းချက်များ ဖြည့်ဆည်းရန် အလို့ငှာ လုပ်ငန်း
များကို ပူးတွဲပိုင်ဆိုင်ခြင်း ၊ အများဆန္ဒနှင့် အညီ စီမံခန့်ခွဲခြင်း စသည့် နည်းလမ်းများဖြင့် ပူးပေါင်း ဆောင်ရွက်သောကိုယ်ပိုင်အုပ်ချုပ်သည့်အဖွဲ့အစည်းဖြစ်ပါသည်”ဟု အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။
သမဝါယမဆိုသည်မှာ ကမ္ဘာတွင် ကျော်ကြားသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။သမဝါယမ စတင်ပေါ်ပေါက်လာရခြင်းသည်လူများ၏ နေထိုင်မှု ဘဝအခက်အခဲများကို ကျော်လွှားနိုင်အောင် စုပေါင်းဆောင်ရွက်ကြသည့် နည်းလမ်းမှတစ်ဆင့် သန္ဓေတည်လာခဲ့ခြင်းဖြစ်ပါသည်။ပူးပေါင်း ဆောင်ရွက်ခြင်း ( Co-operation) သည် ကမ္ဘာတွင် လူဟူ၍ မပေါ်ပေါက်ခင်ကတည်းက တည်ရှိခဲ့သော်လည်း ၁၉ ရာစုတွင် လူတို့သည် မိမိတို့၏ အခြေခံလိုအပ်ချက်များဖြည့်ဆည်းရန် ကိုယ်အားကိုယ်ကိုးသော လူများ ပူးပေါင်းဆောင်ရွက်ကြရာမှ “သမဝါယမ” သည်ထူးခြားသော လူမူရေးနှင့် စီးပွားရေးဆိုင်ရာ အရေးပါမှု တစ်ခု ဖြစ်လာခဲ့ပါသည်။
ကမ္ဘာလောကကြီးတွင် ဆင်းရဲသူနှင့်ချမ်းသာသူများရှိသည် ဆင်းရဲသော နိုင်ငံနှင့် ချမ်းသာ သောနိုင်ငံဟူ၍ ကွဲပြားသော်လည်း ကျေးလက်ဒေသတွင် နေထိုင်သူများသည်ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်းအတော်များနေသည်။ ဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်းလျော့ချရေးအတွက် သမဝါယမသည် အံ၀င်ဂွင်ကျဖြစ်နေသည်။
ကမ္ဘာ့နိုင်ငံများတွင် သမဝါယမများ အောင်မြင်နေသည် သမဝါယမလုပ်ငန်းများက တိုင်းပြည်စီးပွားရေးကို ဦးဆောင်နေကြသည် ၊ စားသုံးသူဈေးကွက်တွင် နေရာယူထားကြသည် များက သမဝါယမများဖြစ်နေကြသည်။ သမဝါယမများသည် အသင်းသားများ၏ လူမူစီးပွားဘ၀ ကိုလည်းများစွာအထောက်အကူပြုနေပါသည်။ နိုင်ငံ၏စီးပွားရေးဘဏ္ဍများတွင်လည်း အရေးပါ သော ကဏ္ဍများ၌ရပ်တည်နေပါသည်။ ၁၈၉၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော အပြည်ပြည် ဆိုင်ရာသမဝါယမအဖွဲ့ချုပ် (International Co. operative Alliance – ICA) သည် အဖွဲ့နိုင်ငံများ ရှိ အသင်းအဖွဲ့များတွင် ပါ၀င်သော အသင်းသားများ၏ လူမူစီးပွားဘ၀ကို ဖြည့်ဆည်းပေးလျှက် ရှိပါသည်။ ကမ္ဘာ့ကုလသမဂ္ဂကြီးကလည်း စီးပွားရေးနှင့်လူမူရေး အကျိုးပြုကဏ္ဍများတွင် ဦးဆောင်ဦးရွက်ပြုနေသည့် ICA ကို လေးနက်စွာ ထောက်ခံသည့် အနေဖြင့် ကုလသမဂ္ဂ
အထွေထွေညီလာခံကြီး၏ ဆုံးဖြတ်ချက်ဖြင့်် နှစ်စဉ်ဇူလိုင်လ ပထမပတ် စနေနေ့ကို ICA Day (အပြည်ပြည်ဆိုင်ရာသမဝါယမနေ့) အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။ ထိုနေ့ကို ကမ္ဘာ့သမဝါယမ မိသားစုများက ခမ်းနားထည်ဝါစွာ ကျင်းပလျှက်ရှိပါသည်။
သမဝါယမစနစ် ၊ မူဝါဒ နှင့် သဘောတရားများသည် ခေတ်သစ်လူမူစီးပွားရေး မျက်နှာစာ တွင် အရေးပါမှုတစ်ရပ်အဖြစ် တွင်ကျယ်လာနေပါသည်။ တူညီစွာ ပူးပေါင်းပါ၀င်လုပ်ဆောင်ခဲ့ပြီး
အများဆန္ဒဖြင့် စီမံ ခန့်ခွဲအုပ်ချုပ်သည့် အခန်းကဏ္ဍများကို ကမ္ဘာသူ ကမ္ဘာသားတို့က လက်ခံ ယုံကြည်ခဲ့ကြသည်။ သာဓကများသည် ကမ္ဘာဂြိုလ်ကြီး မပျောက်ကွယ်သရွေ့ ရှင်သန်ရပ်တည် နေမည်ဖြစ်သည်။ သမဝါယမ၏ မူလဇစ်မြစ်သည် လိုအပ်ချက် (တစ်နည်း-လိုအင်) ကြောင့် ဖြစ်ပေါ်လာခဲ့ရခြင်းဖြစ်ပြီး အခြေခံလူတန်းစားများ (ဆင်းရဲနွမ်းပါးသူများ) အတွက် အားကိုးအားထားပြုရမည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းကို ကမ္ဘာ့ခေါင်းဆောင်များနှင့် နိုင်ငံ အသီးသီးက အသိအမှတ်ပြုလက်ခံထားပါသည်။ညီမျှခြင်း၊မညီမျှခြင်း(ဆင်းရဲခြင်း၊ချမ်းသာခြင်း) များပြည့်လျှံနေလျှက် ရှိသည့် မျက်မှောက်ခေတ်တွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအတွက် သမဝါယမသည် အလွန်တရာ လိုအပ်ကြောင်း သိရှိလာကြပြီဖြစ်ပါသည်။၂၀၀၈ခုနှစ် ကမ္ဘာ့စီးပွား ရေး ပျက်စီးရိုက်ခတ်မှုဒဏ်ကို သမဝါယမအဖွဲ့အစည်းများက ကြံ့ကြံ့ခံနိုင်ကာ ကျော်လွှားနိုင်ခဲ့ သည်မှာ ဖွဲ့စည်းမှု ၊ စီမံခန့်ခွဲမှု နှင့် ပွင့်လင်းမြင်သာသည့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ပြီး ရရှိသည့် အကျိုးအမြတ်များကို မျှဝေခံစားခဲ့ကြခြင်း၏ အကျိုးကျေးဇူးပင်ဖြစ်ပါသည်။
ညီညွတ်မျှတပြီး စုပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုရလာဒ်ကောင်းများကို ပိုင်ဆိုင်နေ သည့် သမဝါယမသည် ( ၃-၁-၁၉၀၅ ) ရက်နေ့ စစ်ကိုင်းခရိုင် ၊ မြင်းမူ ငွေစုငွေချေးသမဝါယမ အသင်းစတင်ဖွဲ့စည်း ထူထောင်ခဲ့သည့်နေ့မှစ၍ မြန်မာတို့ ထိတွေ့ယဉ်ပါးလာခဲ့ကြသည်။ ကိုလိုနီ နယ်ချဲ့အစိုးရ လွတ်လပ်ရေးတိုက်ပွဲ၀င်ချိန် ၊ ဖဆပလ ခေတ် အိမ်စောင့်အစိုးရ ၊ တော်လှန်ရေး ကောင်စီခေတ် ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အုပ်ချုပ်မှု အချိန် ၊ ဒီမိုကရေစီ တိုက်ပွဲ၀င်ချိန် ၁၉၈၈ အရေးအခင်းကာလ ၊ န၀တ - နယက ခေတ်ကာလ ၊ ယနေ့ဒီမိုကရေစီခေတ်ကာလများ တွင် မြန်မာ့သမဝါယမများသည် သူ့နည်းသူ့ဟန်ဖြင့် အခြေခံ လူတန်းစားအသင်းသားများကို တတ်စွမ်းသမျှ ကူညီပံ့ပိုးခဲ့ကြပါသည်။ ယနေ့ကာလတွင်လည်း သမဝါယမသည် တိုင်းပြည်၏
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် ဆောင်ရွက်သည့် လုပ်ငန်းစဉ် များတွင် တော်တော်များများ ပါ၀င်ဆောင်ရွက်လျှက်ရှိပါသည်။
သမဝါယမကဆောင်ရွက်နေသည့် အသေးစားအရင်းအနှီးချေးငွေ( Micro Capital Loan) လုပ်ငန်းသည်ပြည်သူများပြင်ပမှ အတိုးကြီးပေး၍ ငွေချေးနေရမှုမှ လတ်တလောသက်သာစေရန်
နောင် (၄/၅)နှစ် ကြာသည့် အခါတွင် ပြင်ပမှ ငွေချေးစရာမလိုတော့ဘဲ မိမိပိုင်ငွေကြေးဖြင့် မိမိဘာသာရပ်တည်လာနိုင်စေရန် (Self Reliance )နှင့် ယင်းမှတစ်ဆင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု (Sustainable Development ) အခြေအနေသို့ ရောက်ရှိစေရန် မျှော်မှန်းဆောင်ရွက် လျှက်ရှိပါသည်။ လုပ်ဆောင်ပုံမှာ ဖွဲ့စည်းပြီး သမဝါယမအသင်းများမှ အသင်းသားများသို့ငွေ၁၀၀ ကျပ်လျှင် တစ်လအတိုးနှုန်း ၁.၅၀ ပြားဖြင့် ထုတ်ချေးပေးခြင်းဖြစ်ရာ အသေးစားအရင်းအနှီးချေးငွေကို အမှန်တကယ်အကျိုးခံစားရသည်မှာ သမဝါယမအသင်းများ ပင်ဖြစ်သည်ကိုတွေ့ရှိနိုင်ပါသည်။ ပြင်ပတွင်ချေးငှား၍ ပေးနေရသော အတိုးနှုန်းသည် သမဝါယမချေးငွေနှင့် မည်မျှကွာဟသည်ကို တွေ့မြင်နိုင်ပါသည်။သို့သော် တစ်ပါးသူ ၊ အချို့အဖွဲ့ အစည်းများ၏ ပယောဂ ကြောင့် အသင်းသားများသည် အရိပ်နေနေ ၊ အခက်ချိုးချိုး ဆိုသကဲ့သို့ မပြုလုပ်ကြရန် အထူးလိုအပ်ပါသည်။ ကျေးလက်ဒေသရှိဆင်းရဲနွမ်းပါးမှု လျော့ချနိုင် ရေး ကို သမဝါယမမှ တစ်ဖက်တစ်လမ်းမှ ပါ၀င်ဆောင်ရွက်ခြင်းဖြစ်ပါသည်။
သမဝါယမလုပ်ငန်း၏ ပန်းတိုင်သည် လောကီငြိမ်းချမ်းမှုဖြစ်သည်။လောကီငြိမ်းချမ်းမှု ဆိုသည်မှာ လူတို့အဖို့ မရှိမဖြစ်သည့် အစားအသောက်ပေါများမှု ၊ အ၀တ်အထည်ပေါများမှုနှင့် နေရာထိုင်ခင်းပေါများမှုဟူသော ပေါများမှု (၃)ခုနှင့် မပြည့်စုံသမျှ ကာလပတ်လုံး လူတို့သည် ဆင်းရဲနွမ်းပါးမှု အစဉ်ဖြစ်ကာ ငြိမ်းချမ်းမှုကို မရရှိနိုင်ကြချေ ။
သမမျှတခြင်းမရှိသော စီးပွားရေးစနစ် ထွန်းကားနေသမျှကာလပတ်လုံး လူအများသည် ပေါများမှု (၃)ခုနှင့်ကြုံတွေ့ခံစားရမည်မဟုတ်ချေ ၊ ပေါများမှု (၃)ခု ပြည့်စုံရန် သမမျှတသော သမဝါယမလုပ်ငန်းအောင်မြင်ဖို့လိုအပ်လေသည်။သမဝါယမပန်းတိုင်ကိုဆွတ်ခူးနိုင်ရန် သမဝါယမလုပ်ငန်းတွင် အချုပ်အားဖြင့် အောက်ပါလုပ်ငန်းစဉ် (၅)ရပ် ရှိလေသည် -
(၁) ကုန်စားသုံးသူများနှင့်လက်မူပညာကုန်လုပ်သမားလေးများအားအရင်းရှင်အင်အား စုများ၏ သွေးစုပ်မှု ၊ လက်ဝါးကြီးအုပ်မှုများမှ ကာကွယ်ပေးခြင်း၊
(၂) အသင်းသားများအား အနည်းငယ်စီ ချွေတာစုဆောင်းနိုင်စေကြပြီးလျှင်ထိုသို့ စုဆောင်းမိသောဘုံပိုင်ရင်းနှီးငွေဖြင့်အသင်းသားများ၏ရင်းနှီးငွေကိုဖန်တီးပေးခြင်း၊
(၃) တိုင်းသူပြည်သားတို့၌ တွေ့ကြုံတတ်သော စီးပွားရေးဆိုင်ရာ အခက်အခဲပြဿနာ ကို ဖြေရှင်းရန် နည်းကောင်းတစ်ခုဖြစ်စေခြင်း၊
(၄) အဆင့်အတန်းနိမ့်ကျသော နိုင်ငံများတွင် နေထိုင်မှု အဆင့်အတန်း မြင့်အောင် စုရုံး ဆောင်ရွက်ခြင်း၊
(၅) စီးပွားရေး ဒီမိုကရေစီခေါ် လူအများလုပ်ရသော စီးပွားရေးလုပ်ငန်းအကြောင်းကို လူအများလက်တွေ့လေ့လာ ဆည်းပူးနိုင်စေရန် ဆောင်ရွက်ရခြင်း။
အထက်ပါ လုပ်ငန်းစဉ်(၅)ရပ်ကို မျက်ခြည်မပြတ်ဆောင်ရွက်နိုင်မှသာ သမဝါယမပန်းတိုင် သို့ အောင်မြင်စွာရောက်နိုင်ကြပေမည်။ သမဝါယမလုပ်ငန်းများသည် လူတစ်ဦးတစ်ယောက် တည်းအကျိုးအတွက် ပြုလုပ်သည်မဟုတ်ဘဲ လူအများသာတူညီမျှ အကျိုးခံစားရေးအတွက် ဗလ ငါးတန် ဖွံ့ဖြိုးမှု ကို ရှေးရှု၍ လုပ်ကိုင်ကြသော လုပ်ငန်းဖြစ်သဖြင့် အစိုးရတို့က အထူးအားပေး ရ မည်ဖြစ်သည်။ သို့မှသာလျှင် သမဝါယမလောကသားများသည် ယခုထက်ပိုမို၍ အသင်းသား ပြည်သူများ၏အကျိုး၊ပြည်သူများ၏ ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းများကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်မည်သာဖြစ်သည်။
ထို့အတွက် သမဝါယမလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် မြန်မာအပါအ၀င် ကမ္ဘာပေါ်ရှိ ဆင်းရဲနွမ်းပါးမှုများလျော့နည်းပပျောက်သွားမည်ဖြစ်သည်။ ဆင်းရဲနွမ်းပါးမှု လျော့နည်းပပျောက် မှသာလျှင်အစားအသောက်ပေါများမှု ၊ အ၀တ်အထည်ပေါများမှု နှင့် နေရာထိုင်ခင်းပေါများမှု ဟူသော ပေါများမှု (၃)ခု ပြည့်စုံသည့် လောကီငြိမ်းချမ်းမှုကို လူတိုင်းရရှိလာမည်ဖြစ်သည်။ သို့မှသာလျှင် ကမ္ဘာလောကကြီးသည် သာယာ၀ပြောလျှက် ယခုထက် ပိုမိုကောင်းမွန်စွာငြိမ်းချမ်း လာမည်ဖြစ်ပါသည်။ထို့ကြောင့် “ကမ္ဘာလောကပိုမိုကောင်းမွန်ရေး သမဝါယမများက တည်ဆောက်ပေး” ဟူသော ၂၀၂၂ ခုနှစ်၊ဇူလိုင်လ(၂)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာ သမဝါယမနေ့၏ ဆောင်ပုဒ်နှင့်အညီ သမဝါယမလောကသားများ ဝိုင်း၀န်းကူညီ တည်ဆောက်ပေးခြင်းဖြင့် ကမ္ဘာလောကကြီး ပိုမိုကောင်းမွန် ငြိမ်းချမ်းလာမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
မောင်မင်းထင်(မြစ်၀ကျွန်းပေါ်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်