Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“လူမှုစီးပွားဘဝကောင်းမွန်ရေးသမဝါယမဖြင့်တည်ဆောက်ပေး”


28 Jun,2022

“သမဝါယမ” ဟူသောစကားရပ်ကို အဓိပ္ပါယ်ဖွင့်ဆိုပြပါဆိုလျှင် “ဦးမောင်မောင်ပြား” ဆိုသူ နှင့် “ဦးမိုး” ဆိုသောပုဂ္ဂိုလ်ကြီးအား အစဆွဲထုတ်ရမည်ဖြစ်ပေသည်၊၊ “ဦးမောင်မောင်ပြား” သည် “Co-operative” ဆိုသည့်စကားရပ်အား “သမဝါယမ” ဟု၍ မြန်မာမှုဘာသာပြန်ဆိုခဲ့သူ တစ်ဦး ဖြစ်ပြီး  “ဦးမိုး”သည် မြန်မာနိုင်ငံ သမဝါယမအသင်းများ တည်ထောင်ဖွဲ့စည်းရာတွင် အစကနဦး ကတည်းကပင် ဦးစီးဦးဆောင်ပြုခဲ့သူတစ်ဦးဖြစ်သည်၊၊ ဦးမိုးအား 1867 ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ ဦးမိုးသည် ဒေါင့်ကြီးမြို့မနှင့်ကျေးလက်သမဝါယမ အသင်းများကိုဖွဲ့စည်း တည်ထောင်ခဲ့ရာတွင် ဦးစီးဦးဆောင်ပြုသူများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။  1904 ခုနှစ်  မြန်မာနိုင်ငံတွင် “သမဝါယမ” ဟူသည့်စကားရပ် စတင်ဝင်ရောက်လာခဲ့ပြီး  “သမဝါယမ ငွေစုငွေချေး အသင်းများ ဆိုင်ရာ အက်ဉပဒေ” အရ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် 1905 ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့က ပထမဦးဆုံး သမဝါယမ ငွေစုငွေချေး အသင်းကို ဖွဲ့စည်းခဲ့သည်မှ ယနေ့အချိန်ထိ နှစ်ပေါင်း(100) ကျော်တိုင်ကြာခဲ့ပြီ ဖြစ်ပြီး ယနေ့ခေတ်အချိန်တွင် သမဝါယမ လုပ်ငန်း များကို ဗဟို သမဝါယမ၊ သမဝါယမအသင်းစုချုပ်၊ သမဝါယမအသင်းစု နှင့်အခြေခံ သမဝါယမ အသင်းဟူ၍ ဖွဲ့စည်း၍ ပြည်သူအကျိုးပြု လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်၊၊

“သမဝါယမ” ဟူသော စကားရပ်သည် ပါဠိစကားရပ်တစ်ခုဖြစ်ပြီး ၎င်းကို အဓိပ္ပါယ်ဖွင့်ဆို ရပါလျှင် “သမ” ဟူသည်မှာ “အတူတကွပူးပေါင်းခြင်း” ဟု အဓိပ္ပါယ်ရပြီး “ဝါယမ” ဟူသည် အားအင်စိုက်ထုတ်၍ “ဆောင်ရွက်ခြင်း”ဟု အဓိပ္ပါယ်ရသောကြောင့် “သမဝါယမ” ဟူသည် “အတူ တကွပူးပေါင်းဆောင်ရွက်ခြင်း” ဟူ၍ ဆိုနိုင်ပေသည်။ တစ်နည်းဆိုရသော် “တစ်ဦး၏ အကျိုးကို အများက၊ အများ၏အကျိုးကိုတစ်ဦးက” ပူးပေါင်းဆောင်ရွက်ခြင်းသဘော( One for All , All for One) ကို ဖော်ညွှန်းခြင်းဖြစ်ပေသည်၊၊ သမဝါယမအသင်းများသည် လွတ်လပ်သည့် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး အသင်းသားများ၏ လူမှုရေး၊ ပညာရေး နှင့် ကျန်းမာရေး တို့ကို စောင့်ရှောက် ပေးလျှက်ရှိရုံမျှမကဘဲ အများအကျိုးသယ်ပိုးလိုသူများနှင့် ကိုယ်ကျိုးမဖက်ဘဲ   သူတပါး၏ အကျိုး ကို အောင်မြင်စေရန် ဆန္ဒရှိသူများအား အသင်းသားများအဖြစ် ပါဝင်ခွင့်ရှိပြီး

အသက် (၁၈)နှစ် ပြည့်ပြီးသောနိုင်ငံသားတိုင်း အသင်းသားအဖြစ်ပါဝင်ခွင့်ရှိပေသည်။ အသင်းသား များအနေဖြင့် ကုန်ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊  ဝန်ဆောင်မှုပေးခြင်းနှင့် အခြားသောအထွေထွေ လုပ်ငန်းများကို လုပ်ကိုင်လျက်ရရှိလာသော အကျိုးအမြတ်များကို အသင်းတွင်ပါဝင်သော အသင်းသား များမှ တန်းတူညီမျှစွာဖြင့် ဆောင်ရွက်ပေးခြင်းသည် ဒီမိုကရေစီနည်းလမ်းကျနေသည်ကို တွေ့မြင် ရမည် ဖြစ်သည်၊၊ “စည်းရုံးခြင်း (Organization)၊ ပညာပေးခြင်း (Educating)၊ ကြီးကြပ် ကွပ်ကဲခြင်း (Regulating)   ဟူသော သမဝါယမဦးစီဌာန၏ အဓိကလုပ်ငန်းတာဝန်ကြီး(၃) ရပ်ကို အလေးထား ဆောင်ရွက်လျက်ရှိပြီး “ရိုးသားခြင်း၊  ပွင့်လင်းခြင်း၊ လူမှုရေးစိတ်ဓာတ်ရှိခြင်း ၊အများအကျိုးကို အလေးထားခြင်း” ဆိုသည့် သမဝါယမကျင့်ဝတ်များနှင့်အညီ “ကိုယ့်အားကိုယ်ကိုးခြင်း၊ ကိုယ်တိုင် တာဝန်ယူ ဆောင်ရွက်ခြင်း၊ အများဆန္ဒနှင့်အညီစီမံခန့်ခွဲခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်း၊ စည်းလုံးညီညွတ်ခြင်း” ဟူသသော သမဝါယမ၏ အနှစ်သာရကို ရရှိခံစားစေရန် ဆောင်ရွက်လျှက် လည်းရှိပေသည်၊၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တွင် အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်လာပြီးနောက်တွင် အဖွဲ့ဝင်နိုင်ငံများမှ မြန်မာနိုင်ငံသို့လာရောက်ကြသည့် ခရီးသွားများသာမက စီးပွားရေးလုပ်ငန်းမျာ ပါဝင်ဆောင်ရွက်လာခဲ့ကြပြိီး ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ ဝင်ရောက် လာစေခြင်းဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဟိုတယ်များ၊ မိုတယ်များ၊ တည်းခိုခန်းများ ဖွင့်လှစ်ထားရှိပြီးဖြစ်ရာ တိုင်းပြည်၏ စီပွားရေးကိုသာမက အသင်းသားများ၏ အကျိုးစီးပွားကို လည်း အလေးထားဆောင်ရွက်လျက် ရှိသည်ကို တွေ့မြင်ရမည် ဖြစ်သည်၊၊

“သမဝါယမ” ဟူသည် မြန်မာလူမျိုးတို့၏ရိုးရာဓလေ့စရိုက်များနှင့် ကိုက်ညီသည်ဖြစ်ကြောင်း ကိုလည်း 1950 ပြည့်နှစ် စက်တင်ဘာလ 10 ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ခေါင်းဆောင်များနှင့် သမဝါယမခေါင်းဆောင်များတွေ့ဆုံသည့်အစည်းအဝေးတွင် နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုက ကျေးရွာတွေမှာအခုချိန်အထိ ကောက်စိုက်ကောက်ရိတ်လုပ်ကြပြီ ဆိုရင် အိုးစည်၊ ဗုံမောင်းတွေနဲ့စုပေါင်းပြီးလုပ်ကြတယ်၊ အိမ်ဆောက်ပြီဆိုရင်လည်း အားလုံးစုပေါင်းပြီး ဝိုင်းဝန်း ဆောက်ပေးကြတာကိုတွေ့နေရတယ်၊ အဲဒီစနစ်ကို ကျနော်တို့မပျောက်ပျက်အောင် ထိန်းသိမ်း ထားဖို့လိုတယ်၊ အဲလိုအတူတကွ လုပ်ဆောင်ကြတဲ့ စနစ်တွေက ကျုပ်တို့နိုင်ငံ တိုးတက်အောင် လုပ်ဆောင်နိုင်မယ့် သမဝါယမစနစ်ပဲ၊ ဒါ့ကြောင့်မို့ သမဝါယမစနစ်ဟာ ဗမာ့ယဉ်ကျေးမှုစနစ်ကိုလည်း ခိုင်မြဲအောင်လုပ်ပေးမယ့်စနစ် ဖြစ်ကြောင်း ကျုပ်ပြောလိုပါတယ်” ဟူ၍ မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားခဲ့သည် ကိုလည်း တွေ့ရှိရသည်၊၊

ယနေ့ခေတ်တွင် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့်ပြည်ထောင်စုနယ်မြေများတွင် သမဝါယမ ဦးစီး ဌာနရုံးများဖွင့်လှစ်ထားရှိ၍ သမဝါယမအသင်းစုချုပ်များ၊ မြို့နယ်အသင်းစုများ၊ အသင်းများ၊ အခြေခံ သမဝါယမအသင်းများနှင့် အတူတကွလက်တွဲလျက် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အကျိုးကို သာမကပဲ အသင်းသားများနှင့် ပြည်သူထူထု၏ အကျိုးစီးပွားများ တိုးပွားစေရန်အလို့ငှာ အတူတကွ ပူးပေါင်း လုပ်ဆောင်နေလျှက်ရှိသည်၊၊ တစ်နည်းဆိုရသော် သမဝါယမအသင်း (၁) သင်းဟု ဆိုလိုက် လျှင် စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိသော အဖွဲ့အစည်း တစ်ခုဟု မြင်ကြပေ လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သမဝါယမ၏ အခြေခံမူ (၁၀) ချက်ထဲတွင်လည်း “အသင်းသည် အသင်း၏စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်ရသော အဖွဲ့စည်း သာဖြစ်စေရမည်” ဟူ၍ ဆိုထားသည်ကို တွေ့ရှိကြရပေမည်။ စီးပွားရေးလုပ်ငန်းများကို မလုပ်ဆောင် ဘဲ သမဝါယမ အသင်းများကို ဖွဲ့စည်းမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင် ရခြင်းမှာ အဆိုပါလုပ်ငန်းများမှတဆင့် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်စေနိုင်ခြင်းကြောင့်ပင်ဖြစ်သည်။ ရှေ့တွင်ဖော်ပြခဲ့သော ဦးစီးဌာန အဓိကတာဝန်ကြီး () ရပ်ဖြစ်သည့်  “စည်းရုံးခြင်း (Organization ပညာပေးခြင်း ( Educating) ကြီးကြပ်ကွပ်ကဲခြင်း (Regulating) ဆိုသည့် အချက်(၃)ချက်တွင်  ပညာပေးခြင်း(Educating)   ဆိုသည်မှာ (Organization) ဖွဲ့စည်းခြင်း မှ ဆက်စပ်လာခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အတွင်းရှိ မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်း တစ်ဦးမှလည်း ကျွန်မရဲ့အတွေ့ အကြုံအရပြောရမယ်ဆိုရင် Organization လို့ခေါ်တဲ့ ဖွဲ့စည်းခြင်းကို လုပ်ဆောင်တဲ့နေရာမှာ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းပြီး စည်းရုံးဖွဲ့စည်း ရတာနဲ့ စိတ်ဝင်စားလို့ ဆန္ဒအလျောက် ဖွဲ့စည်းတာ ဆိုပြီးရှိပါတယ်၊၊ စည်းရုံးပြီးဖွဲ့စည်းရတာတော့ ကျွန်မတို့ CEB လို့ခေါ်တဲ့ China Exim Bank ကချေးငွေတွေရလာပြီး အဲဒီငွေတွေကို ထုတ်ချေး တော့မယ်ဆိုရင် သမဝါယမအသင်း တွေကိုဖွဲ့ရတယ်၊ အဲလိုအသင်းဖွဲ့ဖို့အတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာတာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေးမှူးတွေ နဲ့ ချိတ်ဆက်ပြီးရွာသူ၊ရွာသားတွေ အားလပ်တဲ့ အချိန်လေးမှာ ကွင်းဆင်းပြီး သမဝါယမ ရဲ့ သဘောတရားတွေ၊ ရည်မှန်းချက်တေွနဲ့လုပ်ငန်းစဉ်တွေကို ရှင်းလင်းပြောကြားပြီးဖွဲ့ခဲ့ရပါတယ်၊ ကွင်းဆင်းတဲ့ ရွာတိုင်း လည်း အဖွဲ့မဖွဲ့ဖြစ်ခဲ့ကြပါဘူး၊ ဖွဲ့ဖြစ်ခဲ့တဲ့ အသင်းတွေမှာဆိုရင်လည်း တချို့ အသင်းသားတွေဟာ သမဝါယမရဲ့ သဘောတရားတွေကိုသိချင်လို့၊ စိတ်ဝင်စားလို့ပါဝင် လာခဲ့ကြတာ ရှိသလို ကျွန်မတို့  CEB ကပေးတဲ့ချေးငွေကိုရယူချင်လို့  ပါဝင်ခဲ့ကြ တာတွေလည်းရှိပါတယ်၊ အဲဒါကြောင့် စည်းရုံးပြီးဖွဲ့ခဲ့ရတဲ့ အနေအထားမှာ လုပ်ငန်းတွေ လုပ်ဆောင် ရတဲ့အခါ အားနည်းချက် တွေအနည်းငယ်တွေ့ရှိခဲ့ပါတယ်၊၊ သမဝါယမရဲ့ သဘောတရားတွေ ကို သိချင်လို့စိတ်ဝင်စားလို့ စိတ်တူကိုယ်တူဆန္ဒတူသူများနဲ့ ကျွန်တော်၊ကျွန်မတို့ရွာလေးမှာ သမဝါယမ အသင်း ဖွဲ့ချင်ပါတယ် ဆိုပြီးတော့ ဦးစီးဌာနရုံးကို လာရောက်ဆက်သွယ်လို့ ဖွဲ့ပေးခဲ့ရတာ တွေလည်းရှိခဲ့ပါတယ်၊၊ အဲဒီလိုအသင်း တွေကြ တော့ အစကတည်းက သမဝါယမစိတ်ဓာတ်တွေ ရှိပြီးသားဖြစ်နေတဲ့အတွက် လုပ်ငန်းတွေ လုပ်ဆောင် ရတဲ့အခါတွေမှာ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်” ဟု ၄င်း၏ ကွင်းဆင်းလေ့လာရေး အတွေ့အကြုံများအရဆိုထား ပါသည်။

အချုပ်အားဖြင့်ဆိုရသော် သမဝါယမအသင်းများသည် အသင်းသားများ၏ အကျိုးစီးပွားကို ဆောင်ရွက်ပေးရသကဲ့သို့ အခြေခံအသင်း၏ ဖွံ့ဖြိုးခြင်းသည်လည်း အသင်းသားများ ပေါ်တွင် မှီတည်နေပေသည်။ အသင်းသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် အသင်း၏ လုပ်ငန်းများသည်လည်းအောင်မြင်လာမည်ဖြစ်ပေရာ၊သမဝါယမအသင်းများ အောင်မြင်လာ လျှင်လည်း အသင်းစုများ၊ အသင်းစုချုပ်များ အောင်မြင်လာမည်ဖြစ်ပေသည်။ ထိုမှတဆင့် ဗဟို သမဝါယမအသင်းအဆင့်ဆင့်ထိ အောင်မြင်တိုးတက်လာမည်ဖြစ်သည်၊၊ အပြန်အလှန် အားဖြင့် ဗဟိုသမဝါယမ အသင်း၏ သမဝါယမလုပ်ငန်းများ အောင်မြင်လာလျှင်  အသင်းစုများ၊ အသင်းများမှ တဆင့် အသင်းသားများ ၊ ပြည်သူများသို့ ဖွံ့ဖြိုးတိုးတက်သော နည်းစနစ်ကောင်းများဖြင့် အကျိုးပြု နိုင်မည် ဖြစ်ပေသည်၊၊ ဤသို့ဖြင့် သမဝါယမအသင်းများနှင့်အသင်းသား/ပြည်သူများ အတူတကွ လက်တွဲလုပ်ဆောင်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေ၊ လူမှုရေး လုပ်ငန်းများ အောင်မြင်တိုးတက်လာမည် ဖြစ်သည်၊၊ နိုင်ငံတစ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လျှင်ထိုနိုင်ငံသည် ကမ္ဘာ့အလယ်တွင် တင့်တယ် လာနိုင်သကဲ့သို့ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့အလယ် တွင် ယခုထက်မကပိုမို၍ မျက်နှာပွင့်လန်း လာစေရန် စဉ်ဆက်မပြတ် ဆက်လက်ကြိုးစား အကောင်အထည်ဖော်လျှက်ရှိရာ သမဝါယမ လုပ်ငန်းစဉ် များသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါကြောင်းနှင့် လူမှုစီးပွား ဘဝများ တိုးတက်ကောင်းမွန်လာစေရေးအတွက် သမဝါယမ လုပ်ငန်းစဉ်များဖြင့် အတူတကွ လက်တွဲ မြှင့်တင် ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း ဖော်ညွှန်းရေးသားလိုက်ရပါသည်၊၊    

                                                                                                                                                                               

ဇော်ဝင်းနိုင်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm