Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်သူ-ပုဂ္ဂလိကပူးပေါင်းပါဝင် ကျေးလက်မီးလင်းရေးစနစ် ပိုမိုခရီးတွင်


21 Mar,2022

မယ်အိမ့် (ကျေးလက်)

မိုးရာသီဆိုတော့ကာ မြို့ပြမှာဆိုပေမယ့် မိုးနဲ့လေနဲ့မို့ မီးက ခဏတဖြုတ်တော့ ပျက်တတ်သည့် ကာလကိုယ့်မှာ သံယောဇဉ်သမားပီပီ တစ်ချိန်က ကိုယ် လှည့်လည် ကွင်းဆင်းခဲ့ဖူးသည့် အသေးစားဓာတ်အားစနစ်စီမံကိန်း ကျေးရွာလေးတွေ အဆင်မှ ပြေကြရဲ့လား စိတ်ပူမိရသည်။ စီမံကိန်းရွာပေါင်း ရာကျော်ရှိတဲ့ထဲ ကိုယ်သွားခဲ့ဖူးသည့်အထဲကမှ ကွင်းဆင်းရက်ကြာကြာဖြင့် သံယောဇဉ်ဖြစ်ရသည်က ရေစကြိုကျွန်း (၈)ရွာဆိုရမည်။ စိတ်က ပူသည်ဆိုသည်နှင့် လက်က ဖုန်းဆီရောက်မိပြီးသား။ ကွင်းဆင်းတုန်းခဏ ရင်းနှီးခင်မင်ခဲ့ရသည့် ရွာရဲ့ရပ်မိရပ်ဖ ဦးလေး တစ်ယောက်ဆီ လှမ်းမေးမိတော့

အဆင်ပြေတယ် မယ်အိမ့်ရေ၊ မီးပျက်တာ ဘာညာလည်း မရှိဘူးဗျဆိုမှ ကိုယ့်မှာ သက် ပြင်းချနိုင်သည်။ တစ်ပြိုင်တည်းမှာ ဒီမီး ဒီခရီးကို အစဦး ကမကထပြု မတည် ကြိုးစား ပေးခဲ့သည့် ကျွန်းရွာများရဲ့ကိုးကွယ်အားထားရာ ဆရာတော်ဘုရားကိုပါ စိတ်မှ ရည်မှန်း ဦးတင် မိရပြန်သည်။

ကျေးလက်ဦးစီးက ကျေးရွာဖွံ့ဖြိုးရေးအတွက် ဘာတွေ လုပ်ပေးနေတယ်၊ အသေးစားဓာတ်အားစနစ် (Mini-Grid) ဆိုတာက ဘာကိုခေါ်တယ်၊ အဲ့စီမံကိန်းလုပ်ချင်ရင် ရွာဘက်က ဘယ်လိုပူးပေါင်းပါဝင်ဖို့လိုတယ်ဆိုတာတွေကစ ကျုပ်က တရားပွဲတိုင်းမှာ ထည့်ဟောရင်း စည်းရုံးခဲ့ရတာဗျ

ဆရာတော့် စကားသံတွေ နီးနီးကပ်ကပ် ပြန်ကြားယောင်မိရသည်။ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြားမှာ အထီးတည်းတည်ရှိနေသည့် ကျွန်းပေါ်က ကျေးရွာများအတွက် လမ်းဆို လမ်း၊ မီးဆိုမီး ကျေးလက်ဦးစီးနှင့်ပူးပေါင်းပြီး ဖွံ့ဖြိုးရေးခရီးပြင်းကို နှင်းခဲ့ကြသူတွေ။

ဒီကျွန်းပေါ်မှာပဲ အိမ်သုံးဆိုလာစနစ်နဲ့ မီးရနေသည့် ကျေးရွာတွေရှိသလို ဆိုလာ အသေးစား ဓာတ်အားစနစ်နဲ့ မီးရနေသည့်ကျေးရွာတွေရှိသည်။ စနစ် (၂) ခုလုံးတွင် ကျေးရွာပြည်သူ့ထည့်ဝင်ငွေ အချိုးကျပါဝင်မှုဖြင့် ဆောင်ရွက်ထားခြင်းဖြစ်သည်။ ငွေဆိုပေမဲ့ ငွေမတတ်နိုင်လျှင် ငွေတန်ဖိုး နှင့်အချိုးညီမျှသော လုပ်အား (သို့) စီမံကိန်းတည်ဆောက်ရန် မြေနေရာ လှူဒါန်းပေးခြင်းဖြင့်လည်း ပါဝင်၍ရသည်။ လှူဒါန်းသည့်မြေတန်ဖိုးကို တန်ဖိုးသင့် တွက်ချက်၍ ကျေးရွာပြည်သူ့ ထည့်ဝင်မှုအဖြစ် သတ်မှတ်ပေးခြင်းဖြစ်သည်။

မည်သို့ဆိုစေ ကျေးရွာပြည်သူ၏ ပူးပေါင်းပါဝင်မှုအားဖြင့်သာ ဒီခရီး ဒီမျှတွင်ခဲ့သည် ဆိုရမည်။ ၂၀၁၆-၂၀၁၇ ခုနှစ်များဆီ ပြန်ကြည့်တော့ အသေးစားဓာတ်အားစနစ် ဆောင်ရွက်သည့် ရွာဆိုလို့ ပြေးကြည့်မှ လုပ်ငန်းက (၈)ခု၊ ရွာက (၁၀) ရွာသာ ရှိခဲ့သည်။ ရှေ့ဦးအစ ဆောင်ရွက်စ အချိန်ဆိုတော့ကာ ကျေးလက်ဦးစီးအတွက်ရော ကျေးရွာပြည်သူနှင့် ရင်းနှီးမြုပ်နှံသူ (Mini-Grid Developer) အတွက်ပါ အရာရာ မြေစမ်းခရမ်းစပျိုးရချိန်ကိုး။ ခုတော့ စီမံကိန်းလုပ်ငန်းပေါင်း (၁၂၁)ခုကို ကျေးရွာပေါင်း (၁၅၄)ရွာအတွက် ဆောင်ရွက် ပေးနိုင်လျက်ရှိတာ မျက်ဝါးထင်ထင် တွေ့မြင်နေရပါပြီ။ ပြည်သူ-ပုဂ္ဂလိက-ဦးစီးဌာနတို့ စုပေါင်းစွမ်းအားဖြင့် မဟာဓာတ်အားလိုင်းပြင်ပ စနစ်နဲ့ လျှပ်စစ်မီးရရှိသည့်ကျေးရွာတွေ တစ်စ တစ်စ တိုးပွားလာခဲ့ပြီ။ ထိုအခါ လျှောက်ခဲ့ရသည့် ခရီးရှည်ကို ပီတိဇောဖြင့် လည်ပြန်ကြည့် မိပြန်ချေသည်။

မဟာဓာတ်အားလိုင်းပြင်ပစနစ် ဘယ်ကစလဲ?

          မြန်မာနိုင်ငံလူဦးရေ၏(၇၀%)ကျော်သည် ကျေးလက်ဒေသတွင် နေထိုင်သည့်အတွက် ကျေးလက်ဒေသလျှပ်စစ်မီးရရှိရေး၊ တစ်နည်းဆိုရသော် ကျေးလက်မီးလင်းရေးသည် နိုင်ငံ၏ အဓိကဦးစားပေးလုပ်ငန်းအစီအစဉ်များတွင် တစ်ခု အပါအဝင်ဖြစ်ခဲ့သည်။ နိုင်ငံ၏မြေမျက် နှာသွင်ပြင်အနေအထားအရ နိုင်ငံတစ်ဝန်း လျှပ်စစ်မီးရရှိရေးအတွက် မဟာဓာတ်အားလိုင်းမှ ချိတ်ဆက်ပေးနိုင်ရန်မှာ တမုဟုတ်ချင်း ဆောင်ရွက်ပြီးစီးနိုင်မည်ကားမဟုတ်။ နှစ်ကာလ အတော်အတန် ကြာမြင့်ချေဦးမည်။ သည်နေရာတွင် မေးစရာ (၂) ခုရှိလာသည်။

မဟာဓာတ်အားလိုင်းရရှိချိန်အထိ ကြာမြင့်စွာ စောင့်ဆိုင်းမလား?”  သို့မဟုတ်

ကြားကာလ ဖြေရှင်းမှုအနေဖြင့် မဟာဓာတ်အားလိုင်း မရောက်ရှိမီ အကြိုမီးလင်းရေးစနစ် တစ်ခုခုကို အသုံးပြုမလား?

အရာရာတိုင်းတွင် အကျိုးနှင့် အပြစ်ရှိသည်မှာ ဓမ္မတာ။ မဟာဓာတ်အားလိုင်းမှ လျှပ်စစ် မီးရရှိမည်ဆိုပါက ဓာတ်အားခ သက်သာစွာ အသုံးပြုနိုင်ပြီး ရေရှည်အတွက် ကောင်းမွန်သည်။ သို့ရာတွင် လျှပ်စစ်မီးရရှိမှုသည် ကဏ္ဍစုံဖွံ့ဖြိုးရေးတွင် အခြေခံအကျအဆုံးလိုအပ်ချက်တစ်ခု ဖြစ်ရာ မဟာဓာတ်အားလိုင်းနှင့်ချိတ်ဆက်နိုင်ချိန်ထိ စောင့်ဆိုင်းနေမည်ဆိုပါက ဝေးလံခေါင်ဖျား ကျေးရွာများ ဖွံ့ဖြိုးမှု နောက်ကျကျန်ရစ်တော့မည်။

ထိုအခါ ဒုတိယမေးခွန်းသည် ကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းလာ စေရး၊ တန်းတူညီမျှ အကျိုးခံစားခွင့်ရရှိစေရေးတို့အတွက် အဖြေတစ်ခုဖြစ်လာခဲ့သည်။ ကြား ကာလ ဖြေရှင်းမှုအနေဖြင့် မဟာဓာတ်အားလိုင်းပြင်ပမီးလင်းရေးစနစ်ကို အကြိုမီးလင်းရေး စနစ်အဖြစ် ထည့်သွင်းစဉ်းစားလာရတော့သည်။

ထို့ကြောင့်ပင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မဟာဓာတ်အားလိုင်းနှင့် (၁၀)မိုင်အထက်ဝေးကွာသောဒေသများ၊ နောင် (၁၀)နှစ်/ (၁၅)နှစ်အတွင်း မဟာဓာတ်အား လိုင်း မရောက်ရှိနိုင်သောဒေသများကို မဟာဓာတ်အားလိုင်းပြင်ပဧရိယာ (Off-Grid)အဖြစ် သတ်မှတ်၍  ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး အိမ်သုံးဆိုလာစနစ်၊ ပြန်ပြည့်မြဲစွမ်းအင်အသုံးပြု အသေးစားဓာတ်အားစနစ်များဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (မဟာ ဓာတ်အား လိုင်းပြင်ပစနစ်) (NEP(Off-Grid))ကို ကမ္ဘာ့ဘဏ်ချေးငွေ၊ နိုင်ငံတော်ဘတ်ဂျက်နှင့် ပြည်သူ့ အချိုးကျထည့်ဝင်ငွေများ ပူးပေါင်းထည့်ဝင် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့တော့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်မီးလင်းရေးအတွက်မျှသာမဟုတ် ပြည်သူ-ပုဂ္ဂလိက ပူးပေါင်းပါဝင်မှု ဖွံ့ဖြိုးစေရေးကိုပါ ဦးတည်ရှေ့ရှု၍ ကျေးရွာမီးလင်းရေးအတွက် ဦးစီးဌာနနှင့် အတူလက်တွဲဦးဆောင်ဦးရွက်ပြုပါဝင်ရန် ကျေးရွာနေပြည်သူကိုယ်စားပြု စေတနာ့ ဝန်ထမ်းအဖွဲ့ အစည်းအဖြစ် ကျေးရွာလျှပ်စစ်မီးလင်ရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက် ခဲ့သည်။ ကျေးရွာ ပြည်သူ့အားကိုယူ၍ ခရီးပြင်းကို စ၍နှင်ခဲ့သည်ဆိုရမည်။ ခုတော့ အတော်အတန် ခရီးပေါက်နေ ချေပြီ။ မည်မျှခရီးပေါက်ခဲ့ပါသလဲဆိုလျှင် ကျေးရွာလျှပ်စစ် မီးလင်ရေးကော်မတီများပင်လျှင် တရားဝင်အဖွဲ့အစည်းဖြစ်လာစေသည်အထိ ဥပဒေပါပြဌာန်း ပေးနိုင်ခဲ့သည်လေ။

ကျေးရွာမီးလင်းရေးအတွက် ဦးဆောင်ဦးရွက်ပြုမည့် ကျေးရွာလျှပ်စစ်မီးလင်းရေးကော်မတီ

          ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်နေ့တွင် ပြဌာန်းခဲ့သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဥပဒေပါပုဒ်မ(၂၁)()အရ မဟာဓာတ်အားလိုင်းပြင်ပကျေးလက်မီးလင်းရေး ဆောင်ရွက်မည့် ကျေးရွာတိုင်းတွင် ကျေးရွာလျှပ်စစ်မီးလင်းရေး ကော်မတီဖွဲ့စည်း ဆောင်ရွက် ရမည်ဟုဆိုသည်။ ထို့အတူ ကျေးရွာလျှပ်စစ်မီးလင်းရေးကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် အချက်များ၊ လုပ်ငန်း တာဝန်များအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနည်း ဥပဒေ(မူကြမ်း)တွင် အကြမ်းအားဖြင့် ဤသို့ တွေ့ရှိရသည်-

          (က)    ကျေးရွာလျှပ်စစ်မီးလင်းရေးကော်မတီကို ဥက္ကဌ တစ်ဦးနှင့် အတွင်းရေးမှူး တစ်ဦး အပါအဝင် အဖွဲ့ဝင် ၉ ဦးထက်မနည်း မဂဏန်းဖြင့် နည်းဥပဒေ (၁၀၀)နှင့်အညီ ဖွဲ့စည်းရမည်။

          (ခ)     မီးလင်းရေးကော်မတီ၏ အောက်တွင် ဘဏ္ဍာရေးဆပ်ကော်မတီအား အဖွဲ့ဝင်( ၃) ဦး ဖြင့် ဖွဲ့စည်းထားရှိရမည်။

          (ဂ)     ကျေးရွာလျှပ်စစ်မီးလင်းရေးကော်မတီနှင့်  ဘဏ္ဍာရေးဆပ်ကော်မတီအား လိုအပ် ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

          ကျေးရွာလျှပ်စစ်မီးလင်းရေးကော်မတီ၏ လုပ်ငန်းတာဝန်များအနေဖြင့်မူ ဦးစီးဌာနမှ အခါအားလျော်စွာ ထုတ်ပြန်ထားသော စီမံကိန်းနှင့်ပတ်သက်သည့် ညွှန်ကြားချက်များကို ကျေးရွာသူ၊ ကျေးရွာသားများအား ပြန်လည်ရှင်းလင်းပြောပြပေးခြင်း၊ လျှပ်စစ်မီးရယူသုံးစွဲမည့် အိမ်ထောင်စုစာရင်းများ ပြုစုပေးခြင်း၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းရှင် များနှင့် ရပ်ရွာကိုယ်စား ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ပြည်သူထည့်ဝင်ငွေကောက်ခံ၍ မြန်မာ့ စီးပွားရေးဘဏ် သို့မဟုတ် ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်တစ်ခုခုတွင် စာရင်းရှင် ဖွင့်လှစ်အပ်နှံခြင်း၊ စီမံကိန်းမှ ဆောင်ရွက်ပေးထားသော အိမ်သုံးဆိုလာစနစ်၊ အသေးစား ဓာတ်အားစနစ်များ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက်မှုကို ဦးစီးဌာနသို့တင်ပြ ညှိနှိုင်းဆောင်ရွက်ခြင်း၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းဆိုင်ရာဆက်စပ်ပစ္စည်းများ ချို့ယွင်းပျက်စီး မှုဖြစ်ပေါ်ပါက ဦးစီးဌာနသို့လည်းကောင်း၊ လုပ်ငန်းဆောင်ရွက်သူသို့လည်းကောင်း ဆက်သွယ် ဆောင်ရွက်ပေးခြင်းနှင့် ပြည်တွင်း၊ ပြည်ပအကူအညီဖြင့်ဆောင်ရွက်သည့်  လုပ်ငန်းများတွင် ပြင်ဆင်ထိန်းသိမ်းစရိတ်ကာမိစေရန် ဓာတ်အားခနှုန်းထားကို ကျေးလက်နေပြည်သူများသို့ ပွင့် လင်းမြင်သာစွာ ချပြရှင်းလင်း သဘောတူညီချက်ရယူကာ ဦးစီးဌာန၏သတ်မှတ်ချက်နှင့်အညီ ဓာတ်အားခကောက်ခံနိုင်ခြင်း စသည်ဖြင့် တွေ့ရှိရသည်။

ကျေးရွာနေပြည်သူ၏ပူးပေါင်းပါဝင်မှုအခန်းကဏ္ဍ

          ကျေးလက်မီးလင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းများ ရေရှည် လည်ပတ် နိုင်စေရန်နှင့်  ပြည်သူမှ မိမိပိုင်ပစ္စည်းကဲ့သို့ တန်ဖိုးထား ထိန်းသိမ်းကြစေရန်ရည်ရွယ်၍ အထက်တွင် ဆိုခဲ့သည့်အတိုင်း ပြည်သူ့ထည့်ဝင်ငွေ သတ်မှတ်အချိုးကျ ထည့်ဝင်ဆောင်ရွက် စေသည့် နည်းလမ်းဖြင့် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ပြုပြင်ထိန်းသိမ်းရေးအတွက်ကိုပါ စနစ်တကျ သင်တန်းများပေးကာ တာဝန်ယူဆောင်ရွက်စေခြင်းဖြစ်သည်။

အိမ်သုံးဆိုလာစနစ် (SHS)

အိမ်သုံးဆိုလာစနစ် (SHS)စနစ် ရယူသူများအနေဖြင့် (၆၀) ဝပ်ဆိုလာစနစ်တစ်စုံလျှင် (၅၀,၀၀၀)ကျပ်နှင့် (၁၀၀) ဝပ်ဆိုလာစနစ်တစ်စုံလျှင် (၁၅၀,၀၀၀)ကျပ်ကို အရစ်ကျစနစ်ဖြင့် (၂) ကြိမ်ခွဲ၍ ပေးသွင်းရပြီး ကျန်ကုန်ကျငွေများကို စီမံကိန်းရန်ပုံငွေမှ ကျခံသုံးစွဲခြင်းဖြစ်သည်။ ထို့ပြင် စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးအဆောက်အဦနှင့် လမ်းမီးစသည့် အများသုံး ဆိုလာစနစ်များကိုမူ စီမံကိန်းရန်ပုံငွေမှ (၁၀၀%) ထောက်ပံ့ပေးခြင်းဖြစ်သည်။

အိမ်သုံးဆိုလာစနစ်များ ရေရှည်အသုံးပြုနိုင်စေရန်အတွက် စနစ်တကျ ကိုင်တွယ်အသုံး ပြုနည်းနှင့် ပြင်ဆင်ထိန်းသိမ်းနည်းကို  လုပ်ငန်းဆောင်ရွက်သူက သင်ကြား ပို့ချပေးရမည် ဖြစ်ပြီး ပြုပြင်ထိန်းသိမ်းခြင်းကို အသုံးပြုသူမှလည်းကောင်း၊ လမ်းမီးတိုင်များကို ကျေးရွာလျှပ်စစ် မီးလင်းရေးကော်မတီမှလည်းကောင်း၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးအဆောက် အဦတို့တွင်တပ်ဆင်ထားရှိသည့် အများသုံးဆိုလာစနစ်များအတွက်မူ သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများမှလည်းကောင်း တာဝန်ယူဆောင်ရွက်ကြရသည်။

အသေးစားဓာတ်အားစနစ် (Mini-Grid)

          အသေးစားဓာတ်အားစနစ်(Mini-Grid)ကို စီမံကိန်းရန်ပုံငွေမှ ၆၀%၊ ရင်းနှီးမြုပ်နှံသူ လုပ်ငန်းရှင် Developer မှ ၂၀%နှင့် ကျေးရွာနေပြည်သူမှ ၂၀% ထည့်ဝင် ဆောင်ရွက်နေခြင်း ဖြစ်ပြီး လုပ်ငန်းရှင်၏လုပ်ငန်းလုပ်ကိုင်ခွင့်ကာလအတွင်း၌မူ လုပ်ငန်းလည်ပတ်ခြင်းနှင့် ပြုပြင် ထိန်းသိမ်းခြင်းကို လုပ်ငန်းရှင်ဘက်မှ တာဝန်ယူဆောင်ရွက်ရသည်။

          လျှပ်စစ် ဓာတ်အားခကို လုပ်ငန်းရှင်၏ရင်းနှီးမြှုပ်နှံငွေနှင့် လုပ်ငန်းဆောင်ရွက်ခွင့် ကာလ၊ အရင်းပြန်ရ ကာလတို့အပေါ်မူတည်တွက်ချက်ရပြီး ကျေးရွာလျှပ်စစ်မီးလင်းရေး ကော်မတီ၏ သဘောတူညီချက်၊ ဦးစီးဌာန၏ခွင့်ပြုချက်တို့ရရှိပြီးမှသာ  နှုန်းထား အတည်ပြုသတ်မှတ်ကြရခြင်း ဖြစ်သည်။   သတ်မှတ်လုပ်ငန်းလုပ်ကိုင်ခွင့်ကာလ ပြည့်မြောက် ပါက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါပုဒ်မ (၂၃)နှင့်အညီ ကျေးရွာမီးလင်းရေး ကော်မတီသို့ လုပ်ငန်း လွှဲပြောင်းအပ်နှံရမည်ဖြစ်ပြီး လုပ်ငန်း လွှဲပြောင်းအပ်နှံခြင်းမပြုမီ သုံးစွဲနည်းနှင့် ပြုပြင်ထိန်း သိမ်းနည်းသင်တန်းများ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး သင်တန်းများပေးခြင်းတို့ကိုဆောင်ရွက် ပေးရမည်ဟု ဥပဒေအရပါ ပြဌာန်းပေးထားသည်။

          “ကျွန်တော်တို့အနေနဲ့ လုပ်ငန်းအဆိုပြုလွှာ မတင်ခင်ကတည်းက ကျေးရွာနဲ့ စပြီး ညှိနှိုင်း ရတာပေါ့နော်၊ သူတို့ဘက်က လိုအင် ဘယ်လိုရှိမလဲ၊ ကျွန်တော်တို့ဘက်က ဘာတွေ လုပ်ပေးနိုင် မလဲ၊ ဓာတ်အားခ ဘယ်လိုကောက်မလဲ စသဖြင့်ပေါ့၊ ရွာတွေဆိုတော့ မြို့မှာလို အိမ်တိုင်း လျှပ်စစ်ပစ္စည်း သုံးကြတာမဟုတ်ဘူးလေ…. ဒီတော့ အိမ်ထောင်စု တစ်စုချင်း အလိုက် ဘာတွေသုံးမယ်၊ ဓာတ်အားလိုအပ်ချက် ဘယ်လောက်ရှိမယ်၊ လျှပ်စစ်သုံးပြီး ဘာလုပ်ငန်းလေးတွေ လုပ်ဖို့ရှိမယ်၊ သူတို့ ဘယ်လောက်တတ်နိုင်မယ်၊ ဘယ်လိုလေး အရစ်ကျ ထည့်ဝင်ချင်တယ် ဆိုတာကအစ ဆွေးနွေးညှိနှိုင်း၊ Household Survey ဆင်း၊ ဓာတ်အား သုံးစွဲမဲ့ပမာဏအလိုက် သင့်တော်တဲ့ Package လေးတွေခွဲ၊ သူတို့ဘက်ကလည်း သဘောတူ၊ အဆိုပြုလွှာလည်း အောင်ဆိုရင်တော့ DRDရယ်၊ ရွာမီးလင်းရေးကော်မတီရယ်နဲ့ ကျွန်တော်တို့ သုံးဦးဆိုင် လုပ်ငန်း စာချုပ် ချုပ်၊ လုပ်ငန်း စလုပ်၊ ဒီနည်းနဲ့သွားနေတာပေါ့၊” ဟု လက်ရှိတွင် အသေးစားဓာတ်အား စနစ်ဆောင်ရွက်နေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

          ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့်မူ ထိုသို့ ရင်းနှီးမြုပ်နှံငွေ အချိုးကျထည့်ဝင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်နိုင်သည့်အပြင် ၁၀၀% ရင်းနှီးမြုပ်နှံ၍လည်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါပုဒ်မ(၂၂)အရဆိုလျှင် မဟာဓာတ်အား လိုင်းပြင်ပဧရိယာအတွင်း ကျေးလက်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်လိုသူသည် သတ်မှတ် ချက်များနှင့်အညီ ဦးစီးဌာနတွင် လျှောက်ထားနိုင်ကြောင်းတွေ့ရသည်။

ပြည်သူ-ပုဂ္ဂလိက ပူးပေါင်းပါဝင်မှုဟုဆိုရာတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် ရင်းနှီး မြုပ်နှံမှု အကျိုးစီးပွားတစ်ခုတည်းအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းမဟုတ်ဘဲ ကျေးရွာနေ ပြည်သူများ၏ ဆန္ဒသဘောထားကို ဦးစားပေး အလေးဂရုပြုဆောင်ရွက်လျက်ရှိပြီး ကျွဲကူးရေပါ ဆိုသလို လျှပ်စစ်မီးရရှိမှုနှင့်အတူ ပြည်သူ-ပုဂ္ဂလိက ပူးပေါင်းပါဝင်မှု ဖွံ့ဖြိုးစေရေးကိုပါ ဦးတည် ဆောင်ရွက်လျက်ရှိသည့်အတွက် မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးစနစ်သည် ရှေ့လျှောက် ပိုမို၍ခရီးတွင်ဦးမည့်မီးလင်းရေးစနစ်တစ်ခုအဖြစ် ရှုမြင်သုံးသပ်မိရသည်။

 

တစ်ရွာမှသည် တစ်ရာ..တစ်ရာမှသည် ထောင်သောင်းချီ အလင်းတရား ဆင့်ပွားလင်းနိုင်ကြစေချင်

ပြည်သူမပါဘဲ သွားရတဲ့ခရီးဟာ နွေအခါထဲ ရေဘူးမပါဘဲ ခရီးနှင်ရသည်နှင့်တူသည်။ ခရီး မတွင်သလို တာရှည်ရပ်တည်နိုင်ဖို့ရာလည်း ခဲယဉ်းလှသည်။ ယခုမူ ပြည်သူ့အားနှင့် စခဲ့သည့် ‌ကျေးလက်မီးလင်းရေးခရီးသည် အတော်အတန်ခရီးပေါက်ခဲ့ပြီမှာ မျက်မြင်ကိုယ်တွေ့ ဟုဆိုရပေမည်။ သည်ခရီး သည်လမ်း သည်အတိုင်းသာ ပြည်သူ့အားဖြင့် ရှေ့ဆက်ခရီးနှင် မည်ဆိုလျှင်မူ “၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားရရှိရေး”ဟူသည့် နိုင်ငံ၏ ပန်းတိုင်ဆီ မတိမ်းမဆောင်း လျှောက်လှမ်းနိုင်လိမ့်မည်ဟု ယုံကြည်စွာမျှော်လင့်မိပါတော့သည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm