Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ မြို့ရေပေးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး


14 Mar,2022

နေပြည်တော် မတ် ၁၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ မြို့ရေပေးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ ကို သက်ဆိုင်ရာ ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ အကောင်ထည်ဖော်ဆောင်ရွက်သည့် မြို့ရေပေးရေး စီမံကိန်းသို့ ရောက်ရှိကာ သက်ဆိုင်ရာတာဝန်ရှိသူများက စီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ရေဖြန့်ဝေပေးမည့် အစီအစဉ်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မြို့ရေပေးရေးလုပ်ငန်းများ ပုံမှန်လည်ပတ်မှု ရှိစေရေး၊ ဆောင်ရွက်ရန်လုပ်ငန်းများ အမြန်ပြီးစီးရေး၊ တပ်ဆင်ရန်ကျန်ရှိသည့် ရေမီတာများအား အမြန်တပ်ဆင်နိုင်ရေး၊ ချေးငွေဖြင့် ဆောင်ရွက်ရသည်ဖြစ်၍ ရေပေးဝေမှုလုပ်ငန်းများ အမြန် အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ပြင်ဆင်ထိန်းသိမ်းရေးကိစ္စရပ်များအား ပုံမှန်ဆောင်ရွက်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ အမြဲမပြတ် ကြီးကြပ်စစ်ဆေးသွားကြရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သက်ဆိုင်ရာဌာနများမှ တာဝန် ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြည်တွင်းစာသုံးဆီဖူလုံစေရေး နေကြာတိုးချဲ့ စိုက်ပျိုးရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးမည့် အစီအစဉ်များဖြစ်သည့် မတည်ရန်ပုံငွေလုပ်ငန်း၊ သွင်းအားစုလုပ်ငန်း၊ ဆိုလာစနစ်ရေရရှိရေး လုပ်ငန်း ဆွေးနွေးမှာကြားပြီး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ နေကြာဖြစ်ထွန်းအောင်မြင်နိုင်မည့် ဒေသများကို စနစ်တကျ လေ့လာရွေးချယ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ အကောင်ထည်ဖော်ဆောင်ရွက်သည့် မြို့ရေပေးရေး စီမံကိန်းဖြစ်သည့် ကန်တော်ကြီးဆည်မှ ရေကို Plastic Filter Media နှင့် Gravel Media တို့ဖြင့် ရေသန့်စင်ခြင်း၊ အနှေးရေစစ်ကန်၌ Down Flow စနစ်ဖြင့် ရေသန့်စင်ခြင်း၊ ကလိုရင်းဆေးခတ်သန့်စင်ခြင်းစသည့် အဆင့်(၆)ဆင့်ဖြင့် သန့်စင်ပြီး ပဲခူးမြို့ပေါ်ရှိ ရပ်ကွက် ၁၂ ရပ်ကွက်၊ လူဦးရေ ၁၁၇၀၀ ဦးအတွက် နေ့စဉ်ရေဂါလံ ၈ ဒသမ ၁ သိန်းအား အိမ်တိုင်ရာရောက် ရေဖြန့်ဝေပေးနိုင်မည့် မြို့ရေပေးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး၊ ကဝမြို့နယ်၊ သပြုကျေးရွာရှိ သပြုစက်မှုလက်မှုကုန်ထုတ်သမဝါယမအသင်းမှ ထွက်ရှိသော ဒေသ ထွက်ကုန်ပစ္စည်းများ ရောင်းချနေမှုအခြေအနေအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm