Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ကလောမြို့နယ် ဘော်နင်းခေတ်မီစံပြကျေးရွာ (Smart Village) အား သွားရောက်ကြည့်ရှုစစ်ဆေး


19 May,2024

နေပြည်တော် မေ ၁၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် မေလ ၁၉ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဟိုပုံးမြို့နယ်၊ လွယ်အွန့်ကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်စီးပွားမြင့်မားရေး RBF ရန်ပုံငွေဖြင့် ဝက် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှု စစ်ဆေးကာ အစုအဖွဲ့ဖြင့် ဆောင်ရွက်သောလုပ်ငန်းဖြစ်၍ မိသားစုဝင်ငွေတိုးရေး၊ ဒေသ၏ အသားငါး ဖူလုံရေးတွင် အထောက်အကူဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟိုပုံးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးသို့သွားရောက်ပြီး ဆီဆိုင်ဒေသမှ ယာယီတွဲဖက်ထားသော ဝန်ထမ်းများ၊ ဝန်ကြီးဌာန အောက် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဒုတိယဝန်ကြီးက ဆီဆိုင်ဒေသတွင် မိမိတို့ဦးစီးဌာနအလိုက် ပြန်လည်ပြုပြင်တည်ဆောက်ရမည့် ရုံးများ၊ ဝန်ထမ်းအိမ်ရာများ ရှိလာမည်ဖြစ်ရာ ပျက်စီးဆုံးရှုံးမှု အခြေ အနေကို တာဝန်ရှိသူအဆင့်ဆင့်က စိစစ်တင်ပြသွားရန်၊ ဆီဆိုင်ဒေသတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းမိသားစုဝင်များ၏ အခက်အခဲများကို ဝိုင်းဝန်းကူညီဖြေရှင်းပေးရန် မှာကြားသည်။ ဆက်လက်ပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အားပေးစကား ပြောကြားသည်။ ယင်းနောက် ဝန်ထမ်း များအတွက် ထောက်ပံ့ငွေများပေးအပ်ကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့သည်။ ဆက်လက်ပြီး ဟိုပုံးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ RC (၂) ထပ် ရုံးသစ် တည်ဆောက်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး လက်ရက်ကန်း (၆) လ သင်တန်းတက်ရောက်နေသော သင်တန်းသူများ၏ လက်တွေ့သင်ယူနေမှုအား ကြည့်ရှုအားပေးသည်။ ဆက်လက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ နိုင်ငံတော် အစိုးရအနေဖြင့် ဝါစိုက်ပျိုးရေးနှင့် ချည်မျှင်ထုတ်လုပ်ရေးလုပ်ငန်းကို အားပေးဆောင်ရွက်လျက်ရှိရာ ရက်ကန်း သင်တန်းကျောင်းများအနေဖြင့် ချည်ထည်ရက်လုပ်ခြင်းနှင့် ဆိုးဆေးလုပ်ငန်းတို့တွင် သုတေသန တီထွင်စမ်းသပ်ထုတ်လုပ်မှုများ အောင်မြင်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား သည်။ ယင်းနောက် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရက်ကန်းသင်တန်းကျောင်းများအတွက် ထောက်ပံ့ပေးမှုများ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကယားပြည်နယ်မှ ယာယီတွဲဖက်ထားသော ဝန်ထမ်းများ၊ ပအိုဝ်းကိုယ်ပိုအုပ်ချုပ်ခွင့်ရဒေသနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှ ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်၊ ဘော်နင်း ခေတ်မီစံပြကျေးရွာသို့ သွားရောက်ပြီး ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေးကို အခြေခံသော စံပြကျေးရွာ အဖြစ် ပတ်ဝန်းကျင်ကျေးရွာများက အတုယူအားကျလောက်အောင် ကြိုးပမ်းဆောင်ရွက်ရန်၊ IT ခန်းမနှင့်တွဲ၍ ကျေးရွာစာကြည့်တိုက် ဖွင့်လှစ်ရန် တိုက်တွန်းမှာကြားပြီး စာအုပ်စာစောင်များ ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ် ပေးခဲ့သော မော်တော်ဆိုင်ကယ်ပြုပြင်နည်းသင်တန်း တက်ရောက်အောင်မြင်ပြီးသူများက ဖွင့်လှစ်နေ သော မိုးသောက်ကြယ် ဆိုင်ကယ်ပြုပြင်ရေးနှင့် Shan Star ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းတို့ကို သွား ရောက်အားပေးကြည့်ရှုသည်။ အဆိုပါလုပ်ငန်းရှင် လူငယ်များသည် ရာသီသီးနှံများ စိုက်ပျိုးခြင်းအပြင် ဆိုင်ကယ်ပြင်လုပ်ငန်းမှလည်း လစဉ်အပိုဝင်ငွေ ကျပ်တစ်သိန်းခွဲခန့် ရရှိကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm