Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြန်မာ့လက်မှုအနုပညာရှင်များ မွေးထုတ်ပေးရာ ယွန်းပညာကောလိပ်(ပုဂံ)


23 May,2022

ခန့်ဇော် (ကျေးလက်)

“လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ (Social Enterprises Management- SEM)နဲ့ ဈေးကွက် ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ (Marketing Management-MM) ဘာသာရပ်တွေနဲ့‌ကျောင်းပြီးခဲ့တဲ့ ကျောင်းသားတွေထဲမှာဆိုရင် ယွန်းပညာကောလိပ်ကနေ ပေါင်းကူးလာတဲ့သူတွေလည်းရှိတယ် ဆရာ။ Business Plan Contestတွေလုပ်တဲ့အခါ ယွန်းပညာကောလိပ်က ပေါင်းကူးလာတဲ့ကလေးတွေဟာ သူတို့ရဲ့ကိုယ်ပိုင် Productsတွေနဲ့ Business Plan လုပ်ပြီးဝင်နိုင်ကြတဲ့အထိ Idea ရော Creativity ပါရှိ ကြတာ၊ လက်တွေ့ပြန်အသုံးချနိုင်ကြတာ တွေ့ရပါတယ်။”

          သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်ကျောင်းဆင်းများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ပတ်သက်ပြီးဆွေးနွေးဖြစ်ကြရင်း သန်လျင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်ပါမောက္ခချုပ်ထံမှ ယွန်းပညာကောလိပ်မှ ပေါင်းကူးလာသည့်ကျောင်းသားများ၏အရည်အသွေးကို စ၍ကြားဖူးခဲ့သည်။ ကြားလျှင် ကြားချင်းလည်း နှစ်ခြိုက်အားရ ဖြစ်မိရသည်။

          သင်ကြားသည့်ပညာကို  လက်တွေ့ပြန်လည်အသုံးချရာတွင် ကိုယ်ပိုင်ထုတ်ကုန်များပါ ထုတ်လုပ် ရောင်းချနိုင်စေသည့်ယွန်းပညာကောလိပ်ကဲ့သို့ သက်မွေးဝမ်းကျောင်းကောလိပ်မျိုးဆိုသည်က မိမိတို့ နိုင်ငံတွင် များများစားစား ရှိသည်မဟုတ်။ မြန်မာမှုအနုပညာတစ်ရပ်လည်းဖြစ်၊ ကိုယ်ပိုင်ထုတ်ကုန် ထုတ်လုပ်နိုင်သည့်ပညာရပ်လည်းဖြစ်သည့်အပြင် အသိအမှတ်ပြုဒီပလိုမာဘွဲ့ပါ ရရှိနိုင်သည်ဆိုတော့ … “တိုင်း၍ယက်သည့် ပက္ကလာ… မိုးရွာသည်နှင့် အခန့်သင့်” ဆိုသလိုပါပင်။

ယွန်းပညာကောလိပ်(ပုဂံ)၏အစ

          ပန်းယွန်းဟုခေါ်သည့် ယွန်းလက်မှုပညာသည် ၁၅၅၅- ၁၅၆၂ ခုအတွင်း၊ ဘုရင့်နောင်မင်းကြီး လက်ထက်ကတည်းက စတင်ထွန်းကားလာခဲ့သည်ဟု မှတ်တမ်းမှတ်ရာများတွင် တွေ့ရသည်။  လွန်ခဲ့ သောရာစုနှစ်များစွာကပင်တည်ရှိခဲ့သည့်ယွန်းထည်လုပ်ငန်းအတတ်ပညာနှင့် နည်းစနစ်များ တိမ်ကော ပပျောက်မှုမရှိစေရန်၊ မြန်မာ့ယွန်းထည်လုပ်ငန်းအတတ်ပညာများ ရှာဖွေဖော်ထုတ် ထိန်းသိမ်း မြှင့် တင်ရန်၊ မြန်မာ့ရိုးရာယွန်းထည်နည်းစနစ်များ မပျက်ယွင်းစေဘဲ ခေတ်မီနည်းစနစ်များဖြင့် တိုးတက် တီထွင်ပြီး ရရှိသည့်နည်းပညာများကို ဖြန့်ဖြူးပေးရန်၊ ယွန်းအတတ်ပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်ပျိုးထောင်ပေးရန်၊ ယွန်းထည်လုပ်ငန်း အတတ်ပညာသင်ကြားရေးကို ပညာသင်ကြားမှု နည်းလမ်းများနှင့်အညီ တိုးတက်အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ စီးပွားရေးပညာတတ်ကျွမ်း နားလည်သော ယွန်းအတတ်ပညာရှင်များ ပေါ်ထွန်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် အစိုးရ ယွန်းထည်လုပ်ငန်းအတတ်သင်ကျောင်းကို ၁၉၂၄ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၅ခုနှစ်တွင် မြန်မာ့ ယွန်းသိပ္ပံအဖြစ်လည်းကောင်း၊ ၂၀၀၃ခုနှစ်တွင် ယွန်းပညာကောလိပ်အဖြစ်လည်းကောင်း အဆင့် မြှင့်တင် ဖွင့်လှစ်ခဲ့သည်။

သင်ကြားလျက်ရှိသည့်ဘာသာရပ်များနှင့် ကာလတိုသင်တန်းများ

          ယွန်းပညာရပ်ဆိုင်ရာသက်မွေးဝမ်းကျောင်းကာလတိုသင်တန်းများအနေဖြင့်“ဂျပန်ယွန်းထည် နည်းပညာဆင့်ပွားသင်တန်း၊ ဝါးတာရှည်ခံသင်တန်း၊ ဝါးလက်မှုအနုထည်သင်တန်း၊ အနက်ထည် ယွန်းပညာသင်တန်း၊ ရွှေဇဝါယွန်းပညာသင်တန်း၊ ကညစ်ယွန်းပညာသင်တန်း၊ သားရိုးပန်းကြွယွန်း နည်းပညာသင်တန်း၊ ရွှေပြားခတ်နည်းပညာသင်တန်းများ” ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

          ယွန်းအတတ်ပညာဒီပလိုမာ (၂)နှစ်၊ ဘွဲ့လွန်ဒီပလိုမာ (၁)နှစ် ပုံမှန်သင်တန်းများတွင်မူ ယွန်း ပညာဆိုင်ရာဘာသာရပ်များအနေဖြင့်

          (၁) အခြေခံထည်(သစ်/ဝါး)ဘာသာရပ်                  (၂) အနက်ထည်ဘာသာရပ်

          (၃) ကညစ်ယွန်းဘာသာရပ်                                (၄) ရွှေဇဝါယွန်းဘာသာရပ်

          (၅) သားရိုးပန်းကြွယွန်းဘာသာရပ်                      (၆) ပန်းချီဘာသာရပ်

          (၇) ပန်းပုဘာသာရပ်                                        (၈) အခြေခံထုပ်ပိုး၊ နိုင်ငံတကာယွန်း

          (၉) ဓါတုဗေဒ၊ ရုက္ခဗေဒဘာသာရပ်များ သင်ကြားပေးလျက်ရှိပြီး သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်ပေါင်းကူးဘာသာရပ်များအနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ICT၊ စီးပွားရေး ပထဝီ၊ မြန်မာ့ရေးရာ၊ သမဝါယမပညာ၊ ဘောဂဗေဒ၊ စီမံခန့်ခွဲမှုပညာ၊ စာရင်းအင်းပညာနှင့် စာရင်းကိုင် ပညာဘာသာရပ်များ သင်ကြားပေးလျက်ရှိသည်။

နိုင်ငံခြားတက္ကသိုလ်နှင့် ယွန်းနည်းပညာ ပူးပေါင်းဖလှယ်မှုများ

          ထို့ပြင် ယွန်းပညာကောလိပ်သည် ယွန်းပညာရပ်များ ခေတ်နှင့်အညီတိုးတက်လာစေရန်အတွက် ဂျပန်နိုင်ငံ၏ Utsunomiya University၊ Tokyo University of Art ၊ Kanazawa Arts University၊ Tokyo National Research Institute for Cultural Properties၊ ထိုင်းနိုင်ငံရှိ Rajamangala University of Technology Lanna နှင့် အီတလီနိုင်ငံရှိ Albertina Academy of Fine Arts of Turin စသည့် နိုင်ငံခြားတက္ကသိုလ်များနှင့်လည်း ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်မှုများ၊  ပြုလုပ်ပေးလျက်ရှိ သကဲ့သို့ ဂျပန်နိုင်ငံ၏ Asia Lacquer Craft Exchange Research Project တွင် ပါဝင်ဆောင်ရွက် ခဲ့သည်ကိုလည်း တွေ့ရသည်။

ပေးအပ်သည့်ဘွဲ့၊ ဒီပလိုမာ

          ယွန်းအတတ်ပညာဒီပလိုမာ (၂)နှစ် သင်တန်း/ (၁)နှစ်သင်တန်း တက်ရောက်အောင်မြင်ပါက Diploma in Lacquerware Technology(Dip. L.T) ယွန်းအတတ်ပညာဒီပလိုမာဘွဲ့ ပေးအပ်ပါသည်။

ယွန်းအတတ်ပညာဒီပလိုမာသင်တန်း တက်ရောက်ရန်လိုအပ်သည့်ပညာအရည်အချင်း

          ယွန်းအတတ်ပညာဒီပလိုမာ (၂)နှစ်သင်တန်းကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ တက် ရောက်နိုင်ပြီး ယွန်းအတတ်ပညာဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma) (၁)နှစ်သင်တန်းကို တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိပြီးသူများ တက်ရောက်နိုင်ပါသည်။

ယွန်းအတတ်ပညာဒီပလိုမာ (၂)နှစ်သင်တန်းတက်ရောက်ပြီးသူများ၏ ပညာဆက်လက်ဆည်းပူးခွင့်

          ယွန်းအတတ်ပညာဒီပလိုမာ (၂) နှစ်သင်တန်း တက်ရောက် အောင်မြင်ပြီးသူများအနေဖြင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ၏ တတိယနှစ်သင်တန်းသို့ ပေါင်းကူးတက်ရောက်ခွင့် ရှိသည့်အပြင် အဝေးသင်တက္ကသိုလ်၊ ဝိဇ္ဇာ(စီးပွားရေး)သို့ တက်ရောက်လိုပါကလည်း ဆက်လက် တက်ရောက်နိုင်ပါသည်။

           (၂)နှစ်တာခန့် အချိန်ပေးလိုက်ရုံဖြင့် ဒီပလိုမာဘွဲ့တစ်ခုရရှိရုံသာမက အသက်မွေးဝမ်းကျောင်း ပညာရပ် (၁)ခု တတ်မြောက်သွားကာ လက်တွေ့ပြန်လည်အသုံးချလုပ်ကိုင်နိုင်မည့်အပြင် သမဝါယမ နှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်သို့ဖြစ်စေ၊ အဝေးသင်တက္ကသိုလ်၊ ဝိဇ္ဇာ(စီးပွားရေး)သို့ဖြစ်စေ ဆက်လက် တက်ရောက်လိုပါက တက်ရောက်နိုင်ခြင်းသည် ယွန်းကောလိပ်၏အားသာချက်ဖြစ်သည်။ သမဝါယမ နှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်သို့ ပေါင်းကူးတက်ရောက်မည်ဆိုပါက စီးပွားရေးသိပ္ပံဘွဲ့(B.BSc)ကို လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ(Social Enterprises Management- SEM)၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုပညာ(Regional Development-RD)၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ (Accounting and Finance- AF)၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ(Marketing Management-MM)၊ အသုံးချ စာရင်းအင်းပညာ(Applied Statisitics-AS)စသည့်အထူးပြုဘာသာရပ် (၅)မျိုးအနက် နှစ်သက်ရာ အထူးပြုဘာသာရပ်ဖြင့် တက်ရောက်ရယူနိုင်မည်ဖြစ်သည်။

ယွန်းပညာကောလိပ်တက်ရောက်လျှင် ရရှိနိုင်သည့်ဝန်ဆောင်မှု

          ယွန်းပညာကောလိပ်တက်ရောက်ခြင်းဖြင့် အဆောင်နေထိုင်ခွင့်နှင့် ရေ၊ မီး အခမဲ့သုံးစွဲခွင့်၊ ကျောင်းဝင်းအတွင်း အင်တာနက် အခမဲ့သုံးစွဲခွင့်၊ Multi- Media Room အား အခမဲ့ အသုံးပြုခွင့်၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ လက်သန့်ဆေးရည်စသော အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ထုတ်လုပ်သော လူသုံးကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲခွင့် စသည့် ဝန်ဆောင်မှုများ ရရှိနိုင်ပြီး အစားအသောက်အတွက်ကိုလည်း ကျောင်းသား/ ကျောင်းသူ၏ သဘော ဆန္ဒအတိုင်း စားရိပ်သာကော်မတီမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

          ထိုသို့သော ကျောင်းအိပ်ကျောင်းစား ကောလိပ်ကျောင်းသားတစ်ယောက်၏ ရပိုင်ခွင့်များ အပြင် ပုဂံမြေမှာနေရင်း စာသင်ကြားခွင့်ရခြင်းကလည်း ကုသိုလ်တစ်မျိုးထူးသည် ဆိုရပါမည်။ ပုဂံမြေ ဆိုသည်က “မြန်မာမှန်လျှင် ပုဂံရောက်ဖူးရမည်” ဟုပင် ဆိုရိုးရှိရသည့်နယ်မြေ။ ပွင့်လင်းရာသီ ရောက်ပြီဆိုမှဖြင့် နိုင်ငံခြားသားများသာမဟုတ် မြန်မာပြည်အရပ်ရပ်က ဘုရားဖူးဧည့်သည်များပါ ပုဂံမြေတွင် ခြေချင်းလိမ်ကြပြီ။ သည်သို့သောပုဂံ၊ အစဉ်အလာသမိုင်းကြီးသည့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမှာနေရင်း ပုဂံဘုရားတွေ စိတ်ကြိုက် ဖူးမြော်ခွင့် ရခြင်းကလည်း ယွန်းပညာကောလိပ်ကျောင်းသားများအတွက် အခွင့်ထူးတစ်ရပ်ပါပင်။

          စာသင်ကြားရင်း ဒေသန္တရဗဟုသုတရော၊ သမိုင်းအမွေအနှစ် ယဉ်ကျေးမှုပြယုဂ်များဖြင့်ပါ ထိတွေ့ခွင့်ရနိုင်မည့်အခွင့်အရေးသည် ယွန်းပညာကောလိပ်တွင်သာ ရနိုင်မည်ဖြစ်သည်။

နှစ်စဉ်လက်ခံနိုင်သည့် ကျောင်းသားဦးရေနှင့် ယွန်းအတတ်ပညာရှင်များမွေးထုတ်ပေးနိုင်မှု

          ယွန်းပညာကောလိပ်အနေဖြင့် နှစ်စဉ်ကျောင်းသားဦးရေ (၂၀၀) ခန့် လက်ခံသင်ကြားပေး နိုင်ပြီး လက်ရှိအချိန်အထိ ယွန်းအတတ်ပညာဒီပလိုမာဘွဲ့ရ (၁၃၁၆) ဦး၊ ယွန်းအတတ်ပညာဘွဲ့လွန် ဒီပလိုမာဘွဲ့ရဦးရေ (၅၀)ဦး၊ အခြေခံယွန်းပညာသင်တန်းဆင်း (၁၀၆၅) ဦး၊ အထက်တန်းယွန်းပညာ သင်တန်းဆင်း (၁၃၃) ဦးခန့် မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်။

ယွန်းထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ

          သည်ပညာတတ်မြောက်ခြင်း၊ သည်ပညာဖြင့် အသက်မွေးခြင်းသည် တစ်ဖက်တွင် နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်၊ ရိုးရာလက်မှုပညာကို ထိန်းသိမ်းရာရောက်သလို တစ်ဖက်တွင်လည်း ကိုယ်ပိုင် စီးပွားရေးလုပ်ကိုင်နိုင်မှုမှသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံခြားဝင်ငွေရရှိမှု၊ နိုင်ငံရပ်ခြား ပို့ကုန်တင်ပို့နိုင်မှုနှုန်း တိုးမြင့်စေမှုတို့အတွက် များစွာအထောက်အကူပြုနိုင်တာ တွေ့ရသည်။  နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံသားတို့၏လုပ်ငန်းစွမ်းဆောင်ရည်၊ စီးပွားရေးလုပ်ငန်းများ ချဲ့ ထွင်လုပ်ကိုင်နိုင်မှု၊ တစ်ဦးချင်းဝင်ငွေ တိုးတက်မှုတို့အပေါ်တွင် မှီတည်နေသည်။ သွင်းကုန် တင်သွင်း ရမှုထက် ပို့ကုန် တင်ပို့နိုင်မှုနှုန်းမြင့်မားမည်ဆိုလျှင် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်သည်။

          စံချိန်စံညွှန်းပြည့်မီသော ခေတ်မီယွန်းထည်ပစ္စည်းများ ဆန်းသစ်ထုတ်လုပ်နိုင်ခြင်းအားဖြင့် နိုင်ငံခြားသို့ တင်ပို့ရောင်းချရန် အခွင့်အလမ်းများပြားစေသည့်အပြင် နိုင်ငံခြားသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ ထောက်ကူပေးနိုင်မည်ဖြစ်သည်။ ပုဂံဒေသသည် နိုင်ငံခြားခရီးသွားများ အထူးအာရုံစိုက်သွားလာလည်ပတ်သည့်နေရာဖြစ်သည့်အပြင် ပုဂံရှိ ယွန်းပြတိုက်၊ ယွန်းထည်လုပ်ငန်းလုပ်ကိုင်သည့်ပုဂံ-မြင်းကပါရွာ၊ မုံရွာ-ကျောက္ကာမြောက်ရွာတို့သည် နိုင်ငံခြားသားများ လာရောက်လေ့လာရန် ဖိတ်ခေါ်နိုင်သည့်နေရာများဖြစ်ပေသည်။

          မိမိ၏တစ်ကိုယ်ရေ/ မိသားစုဘဝရပ်တည်မှု၊ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ကိုင်မှုမှသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအထိ ဦးတည်မျှော်မှန်းဆောင်ရွက်နိုင်ခြင်းသည် ယွန်းထည်လုပ်ငန်း၏အားသာချက် တစ်ခုပင်ဖြစ်သည်။ ထို့ပြင် နိုင်ငံ၏ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသား တိုင်းတွင် တာဝန်ရှိသည်ဖြစ်ပေရာ ယွန်းထည်လက်မှုပညာဖြင့် အသက်မွေးသူ၊ ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူများမှာ “ကျွဲကူး ရေပါ”ဆိုသကဲ့သို့ပင် လုပ်ငန်းလုပ်ကိုင်ရင်းဖြင့် နိုင်ငံသားတာဝန် ကျေပွန် လျက်ရှိချေသည်။

မျက်မှောက်ခေတ်ရှိ ယွန်းလက်မှုပညာ ထွန်းပေါက်မှုအခြေအနေ

          သည်ပညာရပ်ကို မိရိုးဖလာ လက်ဆင့်ကမ်းသင်ယူ လုပ်ကိုင်နေသူတွေရှိသလို ယွန်းထည် လုပ်ငန်း အတတ်သင်ကျောင်းသို့ တက်ရောက်သင်ယူပြီး လုပ်ငန်းလုပ်ကိုင်နေသူများလည်းရှိပါသည်။ သို့ရာတွင် သည်ပညာရပ်ဖြင့် လုပ်ကိုင်အသက်မွေးမှု၊ လက်ဆင့်ကမ်း ထိန်းသိမ်းသယ်ဆောင်လာမှု အခြေအနေကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြည့်မည်ဆိုလျှင် နည်းပါးနေသည်ကို တွေ့ရသည်။ ယဉ်ကျေးမှုအမွေကို ထိန်းသိမ်းဖို့ရန် နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါသည်။ အဆင့်ဆင့် လက်ဆင့် ကမ်းသယ်ဆောင်ပြီး နည်းပညာပိုင်းအရ အဆင့်မီမီ ခေတ်မီတိုးတက်အောင် ဆန်းသစ်ဖန်တီးနိုင်မှ သာလျှင် ယွန်းထည်လက်မှုအတတ်ပညာ မတိမ်ကော မပပျောက်မည်ဖြစ်သည်။

          သို့ဖြစ်ရာ မျိုးဆက်သစ် ယွန်းထည်လက်မှုအတတ်ပညာရှင်များ အမြောက်အမြား ပေါ်ထွက် လာအောင် မွေးထုတ်ပေးနိုင်ဖို့၊ ပြုစုပျိုးထောင်ပေးနိုင်ဖို့ လိုပေသည်။ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်၊ ကောလိပ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ယွန်းပညာကောလိပ်သည် ယွန်းထည် အတတ်ပညာရှင်များမွေးထုတ်ပေးနိုင်မည့်၊ ယွန်းလက်မှုပညာရပ်များ မတိမ်ကော မပပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်သည့် မြန်မာနိုင်ငံ၏တစ်ခုတည်းသော ယွန်းလက်မှုပညာအတတ်သင် ကျောင်းဖြစ်ပါသည်။

ယွန်းပညာကောလိပ်သို့ တက်ရောက်လိုလျှင်

          ယွန်းပညာကောလိပ် တက်ရောက်ရန်စိတ်ပါဝင်စားသည့် ဝန်ထမ်းမိသားစုများ၏သား/ သမီးများ အပါအဝင် တိုင်းရင်းသားပြည်သူ၊ မည်သူမဆို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးလျှင်ဖြစ်စေ၊ တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးလျှင်ဖြစ်စေ လျှောက်ထားတက်ရောက်နိုင်ပါသည်။ လိုအပ်သည်များကို အသေးစိတ် သိရှိလိုပါက ဖုန်း- ၀၆၁-၂၄၆၀၂၆၇၊ ၀၉-၂၅၆၀၉၆၆၉၊ ၀၉-၄၀၂၆၈၈၇၆၃ တို့သို့ဖြစ်စေ၊ www.ltcbagan.edu.mmမှဖြစ်စေ၊ lacquerwaretechnologycollege@gmail.comသို့ဖြစ်စေ၊ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါကြောင်း ထပ်လောင်းအသိပေးရင်း လက်မှုအနုပညာဝါသနာပါသူ၊ လုပ်ငန်းခွင် အမြန်ဝင်ရောက်လိုသူ၊ မြန်မာ့ယဉ်ကျေးမှု လက်မှုပညာအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက် လက်ဆင့်ကမ်းသယ်ဆောင်လိုသူ မျိုးဆက်သစ်လူငယ်များအတွက် ယွန်းပညာကောလိပ်သည် ရွေးချယ် တက်ရောက်သင့်သည့်ကောလိပ်တစ်ခုဖြစ်ပါကြောင်း အကြံပြု တိုက်တွန်းလိုက်ရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm