Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၉) (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန)


27 Jun,2023

မြင့်စိုး(နတလ)

စာရေးသူ၏ ဆန္ဒမွန်

          ကျွန်တော်တို့ ငယ်စဉ်ကတည်းက နှစ်သက်စွာဖတ်ခဲ့ဖူးသည့် ကာတွန်းမြင့်သိန်း၏ ဇာတ်ကောင်စံရွှေမြင့် ပြောတာလား၊ ကာတွန်းတင်အောင်နီ၏ ဇာတ်လိုက် ကိုပြာလောင် ပြောတာလားကတော့ မသဲကွဲတော့ပါ၊ တိုးရင်းတိုးရင်းနဲ့ အလယ်ရောက်သွားတာပါ ဆိုသည့် စကားလို ရေးရင်းရေးရင်းနဲ့ ဆောင်းပါးအမှတ်စဉ် သို့ပင် ရောက်သွားပါပကောလား။ အမှတ်စဉ် မှာ ပြန်ကြည့်လျှင် ရခိုင်ပြည်နယ်သို့ မိုခါ မုန်တိုင်းမဝင်ရောက်မီ နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်ချက်များ၊ မုန်တိုင်းဝင်ရောက်ပြီး ကိုယ်တိုင်သွားရောက်ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးမှုများ၊ ဆက်လက်၍ အမြန် အကောင်အထည်ဖော်ရမည့် လုပ်ငန်းတာဝန်များကို ရေးသားတင်ပြခဲ့သလို ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှု၊ ဝန်ကြီးဌာနအလိုက် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ စစ်တွေသို့ ရောက်ရှိတာဝန်ထမ်းဆောင်မှု၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြိုတင်ပြင်ဆင်မှုများနှင့် စီမံခန့်ခွဲဆောင်ရွက်မှုများ၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကူညီပံ့ပိုးဆောင်ရွက်ပေးမှုများကို နိဒါန်းပျိုး၍ ရေးခဲ့သည်။

          ဤသို့ရေးသားရာတွင် စာရေးသူ၏ အဓိကရင်တွင်းဆန္ဒ နှစ်ခု ရှိပါသည်။ တစ်ခုက နိုင်ငံတော်အစိုးရ၏ စေတနာကို နိုင်ငံသူနိုင်ငံသားများ၊ အထူးသဖြင့် ရခိုင်ပြည်နယ်သူ ပြည်နယ်သားများ သိစေလိုသည်။ သဘောပေါက်စေလိုပါသည်။ မိုခါမုန်တိုင်းသင့်ဒေသများ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ယှဉ်တွဲ၍ ငြိမ်းချမ်းရေး၏ အန္တိမခရီးလမ်း အဆုံးကိုလည်း လှမ်း၍မြင်စေကြည့်စေချင်ပါသည်။ ကူညီကယ်ဆယ်ထောက်ပံ့ရေး သင်္ဘော ကြီးများ ဒလဟောဝင်ထွက်ဆိုက်ကပ်နေသော ကမ်းခြေဒေသများအပါအဝင် ရခိုင်ပြည်နယ် ရေမြေတောတောင်သဘာဝကို ဘုရားပေးသောဆုလာဘ်အဖြစ် သိမြင်ခံစားနားလည် စေလိုပါသည်။ ဒါကဆန္ဒတစ်ခု၊ နောက်တစ်ခုကတော့ အရေးကြီးလျှင် အလိုလိုသွေးနီး သွားတတ်သော မြန်မာလူမျိုးတို့၏ ဓလေ့စရိုက်လက္ခဏာများအတိုင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် အနယ်နယ်အရပ်ရပ်က အပြေးအလွှားရောက်ရှိလာကြသည့် ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများကို ဂုဏ်ပြုလို၍ ဖြစ်ပါသည်။ ရာထောင်ချီ၍ ရောက်ရှိလာကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လျှပ်စစ်ဝန်ထမ်းတွေ၊ ပို့/ဆက်ဝန်ထမ်း တွေ၊ သစ်တောဝန်ထမ်းတွေ၊ မိုးထဲလေထဲမှာ ညမှောင်မှောင်မဲမဲထဲမှာ သူတို့ဓာတ်တိုင် တွေပေါ် တက်နေကြသည်။ ဆက်သွယ်ရေးလိုင်းတွေ ပြန်ကောင်းအောင် လုပ်နေကြရသည်။ အလွန်လေးလံသော သွပ်ပြားတွေ၊ သံချောင်းတွေ၊ ဆန်အိတ်တွေအပါအဝင် ပစ္စည်းမျိုးစုံကို ထမ်းပိုးသယ်ယူ တင်/ချပေးနေရသည်။ လွှဝိုင်းတွေမှာ စက်သံတွေ ညံနေသည်။ နေပူ မိုးရွာမရှောင် ရေဖြန့်ဝေရေးလုပ်ငန်းတွေ လုပ်ကိုင်ပေးနေကြသည်။

          ဆိုတော့ကာ သူတို့အားလုံး အပင်ပန်းခံ၍ စိတ်ရင်းစေတနာကောင်းစွာ လုပ်ကိုင် ဆောင်ရွက်ပေးနေမှုများကို ကိုယ်တိုင်ကိုယ်ကျလည်း တွေ့မြင်နေရသည်မို့ ဂုဏ်ပြုရေးသား နေခြင်း ဖြစ်ပါသည်။ အရေးကြီးလုပ်ငန်းတာဝန်များ ထမ်းဆောင်နေကြရသည့် လျှပ်စစ်၊ ပညာရေး၊ ကျန်းမာရေးဝန်ကြီးဌာနများအကြောင်း အရင်ရေး၍၊ ပြီးမှ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကြားထဲမှာ အမှတ်စဉ် အဖြစ် အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ဖြတ်ဝင်သွားသည်ကတော့ ရခိုင်ပြည်နယ် ဇာတိဖွား၊ ၃၂ ကြိမ်မြောက် ဆီးဂိမ်းမှာ ငွေတံဆိပ်ဆုရ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ ကွင်းလယ် ကစားသမား၊ ကျောနံပါတ် နော်ထက်ထက်ဝေ၊ ဂျူဒိုနှင့် ပိုက်ကျော်ခြင်း အားကစားများ၌ ငွေနှင့် ကြေးတံဆိပ်ဆုရ အားကစားသမားများအား ဂုဏ်ပြုလို၍ ဖြစ်ပါသည်။ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အမှတ်စဉ် ၇၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက အမှတ်စဉ် ဖြစ်ပါသည်။

မှတ်တမ်းပြု ဖော်ပြအပ်ပါသည်

          အမှတ်စဉ် ကို စရေးလိုက်ကတည်းက တောင်းပန်စရာကိစ္စက ပေါ်လာပါတော့ သည်။ ဇွန်လ ရက်နေ့ထုတ် သတင်းစာတွေမှာ ဆောင်းပါး ပါလာပြီး မကြာခင် ဖုန်းတစ်ခု ဝင်လာပါသည်။ ဖုန်းဆက်သူက ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်။ ညီလေး - မင်းရေးတဲ့အထဲမှာ ငါ့နာမည်လည်း မပါဘူး….တဲ့။ ဟုတ်ပါ့ဗျာ၊ သွားရောပဲ…. စစ်တွေ တွင် လာရောက်တာဝန်ထမ်းဆောင်နေသော ဒုတိယဝန်ကြီးများ၏ အမည်နှင့် ဝန်ကြီးဌာန တွေကို ထည့်ရေးတဲ့နေရာမှာ အစည်းအဝေးခန်းမထဲ၌ ထိုင်နေသူ ဒုတိယဝန်ကြီးများကို အစဉ်လိုက်ရေတွက်ပြီး ချရေးလိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှာ အစ်ကိုကြီးရဲတင့်က နေပြည်တော်သို့ ခေတ္တပြန်ရောက်နေချိန်ဖြစ်၍ ကျန်သွားခြင်းပင်၊ ပြောရလျှင် ကျွန်တော်တို့ ထက်ပင် စစ်တွေသို့ စောရောက်နေပါသေးသည်။ ခွင့်လွှတ်ပါခင်ဗျား ဟူ၍သာ….

          ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ် ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါ်သက်သက်ခိုင်တို့ တာဝန်ဖြင့် နေပြည်တော်သို့ ခေတ္တ ပြန်လည်ရောက်ရှိနေခိုက်မှာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ရခိုင်ဒေသပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ကွပ်ကဲဆောင်ရွက်လျက် ရှိပါသည်။ ဒုတိယဝန်ကြီးများဖြစ်ကြ သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ်လူမွန်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးအေးထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ ဒေါက်တာအောင်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနမှ ဦးထွန်းအုံ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဦးအေးကျော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန မှ ဦးဝင်းဖေ၊ ပညာရေးဝန်ကြီးဌာနမှ ဒေါက်တာမိုးဇော်ထွန်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးစိုးကြည်တို့ကလည်း မိမိတို့ဝန်ကြီးဌာနအလိုက် ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ပူးပေါင်းဆောင်ရွက်နေပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်တိုးရီနှင့် ဗိုလ်ချုပ်ဇင်မင်း ထက်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်တို့လည်း လာရောက်တာဝန် ထမ်းဆောင်ခဲ့ပြီး ဖြစ်သည်။

          ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦး၊ ဦးမောင်မောင်အုန်း၊ ဒေါက်တာချာလီသန်း၊ ဦးမြင့်ကြိုင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာညွန့်ဖေ၊ ဦးအောင်သော်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးတင်ဦး၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ကလည်း စစ်တွေမြို့သို့ ရောက်ရှိလာကြပြီး ဝန်ကြီးဌာနအလိုက် လုပ်ငန်းတာဝန်များ၊ ရုံးများ ပြန်လည်တည်ဆောက် ပြုပြင်ရေးနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

 

ဂုဏ်ပြုလိုက်ရပါသည် ကိုဇော်လတ်

          ကျွန်တော် ဒီကနေ့ရေးသားတင်ပြမည့် အကြောင်းအရာမှာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည် ထူထောင်ရေး ကြိုးပမ်းဆောင်ရွက်ချက်များပဲ ဖြစ်ပါသည်။ ကိုဇော်လတ်က ယင်းဝန်ကြီးဌာန ဝန်ထမ်းတစ်ဦး၊ စစ်တွေမြို့သို့ ရောက်ရှိနေသော သစ်ထုတ်လုပ်ရေးအဖွဲ့တစ်ခုမှ ဝိုင်းဆရာ ဖြစ်သည်။ တာဝန်ကျနေရာ၌ လွှဝိုင်းများကို ကြီးကြပ်ဆောင်ရွက်နေစဉ် မေလ ၃၁ ရက်နေ့ ညနေ နာရီ ၃၅ မိနစ်အချိန်တွင် ဦးနှောက်သွေးကြောပြတ် ရောဂါဖြင့် ကွယ်လွန် သွားခဲ့သည်။ သူ၏နောက်ဆုံးခရီးကို အောင်လံမြို့ရှိ မိသားစုဝင်များက ပြုလုပ်ပေးနိုင်ရေး အတွက် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့က စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ကိုဇော်လတ်၏ မိသားစုဝင်များမှာ ဇနီးဖြစ်သူ ဒေါ်သိန်းသိန်းဌေး (မှီခို) သမီးကြီး ချိုသဲဦး (၂၀၂၃ ခုနှစ်-တက္ကသိုလ်ဝင်စာမေးပွဲအောင်) သမီးငယ် မေသဲဖူးဇော်(ပဉ္စမတန်း) တို့ဖြစ်ကြသည်။ သမီးကြီးချိုသဲဦး၏ ပညာရေးခရီးလမ်း အဆင်ပြေချောမွေ့စေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ဝိုင်းဝန်းကူညီစောင့်ရှောက် ပေးသွားမည် ဖြစ်သည်။ မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် မိမိဝန်ကြီးဌာနမှ တာဝန်ယူထားရသော သစ်ထုတ်လုပ်ရေးလုပ်ငန်းများကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရင်း ကွယ်လွန်ခဲ့ရသည့် ကိုဇော်လတ်အား ဤဆောင်းပါးဖြင့် လေးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

သစ်ခွဲသားများ ဖြည့်ဆည်းပေးနိုင်ရေး ကြိုတင်ပြင်ဆင်

          သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခြင်းခံရပါက ရခိုင်ဒေသ မြို့ရွာများ အနည်းနှင့်အများဆိုသလို ပျက်စီး ဆုံးရှုံးနိုင်ခြေကို ကြိုတင်တွက်ဆ၍ လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာ့သစ်လုပ်ငန်းအား တာဝန်ပေးခဲ့သည်။ မြန်မာ့သစ်လုပ်ငန်းအနေဖြင့်လည်း မေလ ၁၀ ရက်နေ့မှာပင် သစ်ခွဲသားများ ဖြည့်ဆည်းပေးရေးဦးစီးအဖွဲ့ကို ဖွဲ့စည်း၍ တာဝန်ရှိသူများ အား မေလ ၁၂ ရက်နေ့တွင် စစ်တွေမြို့သို့ ကြိုတင်စေလွှတ်ကာ သစ်ခွဲသားများ စုဆောင်း ထားရှိရေး မြေပြင်အကြိုလုပ်ငန်းစဉ်များ ဆောင်ရွက်စေခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာန၏ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ သစ်စက်များမှ လက်ရှိသစ်ခွဲသားများကိုလည်ကောင်း၊ သစ်ထုတ်လုပ်ရေးဌာန အစီအစဉ်ဖြင့် ခွဲသားဆိုဒ်စုံများကိုလည်ကောင်း ရန်ကုန်၌ အသင့်ရှိစေရေး စီစဉ်ဆောင်ရွက်ခဲ့ပါသည်။

ရွှေ့ပြောင်းသစ်စက်များအား စစ်တွေသို့ ပို့ဆောင်

          ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာန၏ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ သစ်စက်များမှ ရွှေ့ပြောင်းသစ်စက် (Mobile Sawmill) များအဖြစ် စစ်တွေမြို့သို့ ၁၀ စုံ ပေးပို့ ခဲ့ပါသည်။ ယင်းသို့ပေးပို့ခဲ့ရာတွင် ပဲခူးတိုင်းဒေသကြီး အမှတ် ၃၈ သစ်စက် ဘုရားလေး မှ ပေဝိုင်းခုံ စုံ၊ ပေဝိုင်းခုံ စုံ၊ အမှတ် ၉၆ သစ်စက် အောင်လံမှ ပေဝိုင်းခုံ စုံ၊ ပေဝိုင်းခုံ စုံ၊ အမှတ် ၃၀ သစ်စက် နတ်တလင်းမှ ပေဝိုင်းခုံ စုံ၊ ရခိုင်ပြည်နယ် အမှတ် ၉၉ သစ်စက် တောင်ကုတ်မှ ပေဝိုင်းခုံ စုံ၊ ပေဝိုင်းခုံ စုံ၊ ဧရာဝတီတိုင်းဒေသကြီး အမှတ် ၁၈ သစ်စက် ပုသိမ်မှ ပေဝိုင်းခုံ စုံ၊ အမှတ် ၁၀၆ သစ်စက် ရေကြည်မှ ပေဝိုင်းခုံ စုံ၊ စုစုပေါင်း ၁၀ စုံတို့ ဖြစ်ပါသည်။ ယင်းသစ်စက်များကို ရန်ကုန်ဆိပ်ကမ်းမှ သင်္ဘောဖြင့် လည်းကောင်း၊ ရန်ကုန်- အောင်လံ- ပြည်- ပဒန်း- အမ်းလမ်းနှင့် တောင်ကုတ်- စစ်တွေ ကားလမ်း များမှလည်းကောင်း ပို့ဆောင်ပေးခဲ့သည်။ ၎င်းရွှေ့ပြောင်းသစ်စက်များကို စစ်တွေ မြို့ရှိ ဘက်စုံသုံးဆိပ်ကမ်းတွင် စုံ၊ ပြည်နယ်အကူရဲတပ်ဖွဲ့ဝန်းထဲတွင် စုံ၊ သစ်ဆိုင်ဝန်း တွင် စုံ ဖြန့်ခွဲထားရှိ၍ လုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိပါသည်။

ဝန်ထမ်းများ စုဖွဲ့စေလွှတ်

          အထက်ဖော်ပြပါသစ်စက်များ လည်ပတ်ခွဲစိတ်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြည်တွင်း ရောင်းဝယ်ရေးနှင့် သစ်စက်ဌာန၊ မြန်မာ့သစ်လုပ်ငန်း ဝန်ထမ်းစုစုပေါင်း ၁၇၉ ဦးကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ စေလွှတ်ပေးခဲ့ပါသည်။ ဝန်ထမ်းအင်အား များပြားသလို ရာထူးအခေါ်အဝေါ်တွေကလည်း စုံလင်လှ၏။ ရာထူးကြီးတာငယ်တာ အပေါ်အောက်တွေ အသာထား၊ ကျွန်တော်လေ့လာမိသမျှ ရေးချရလျှင် အထွေထွေမန်နေဂျာ၊ ဒုတိယအထွေထွေ မန်နေဂျာ၊ လက်ထောက်အထွေထွေမန်နေဂျာ၊ ဒုလက်ထောက်ကြီးကြပ်ရေးမှူး၊ အငယ်တန်း လက်ထောက်၊ ဝိုင်းဆရာ၊ မီးသတ်တပ်ကြပ်၊ စက်ပြင်-၅၊ စက်မောင်း၊ လုပ်သား၊ သစ်စာရင်းကိုင်၊ ပစ္စည်းထိန်း၊ စက်မှုကျွမ်းကျင်၊ နေ့စားဝန်ထမ်း၊ မြဲလုပ်သား(အကူ) ဆိုတာ တွေ တွေ့ရသလို သစ်တောဘက်ကလည်း သစ်အုပ်၊ ချောင်းခေါင်းတွေ ပါသည်။ ဆင်ဦးစီးက ချည်းပဲ အယောက် ၂၀ တွေ့ရသည်။ ဆင်အုပ်နှင့် ဆင်ပဲ့ချိတ်ဆိုသော ရာထူးတွေကလည်း ခပ်ဆန်းဆန်းပင်။ နောက်ဆုံးမတော့ မည်သည့်ဖွဲ့စည်းပုံ၊ မည်သည့်ရာထူးနှင့်ပဲ ရောက် လာလာ၊ သူတို့၏ အဓိကလုပ်ငန်းတာဝန်မှာ မုန်တိုင်းသင့်ဒေသများရှိ ဆေးရုံများ၊ စာသင် ကျောင်းများ ပြန်လည်ပြုပြင်ရေး၊ သာသနိက အဆောက်အဦများ ပြန်လည်ပြုပြင်ရေး၊ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦများ ပြန်လည်ပြုပြင်ရေး၊ ပျက်စီးသွားသော တံတားများ ပြုပြင်တည်ဆောက်နိုင်ရေးတို့အတွက် လိုအပ်သောသစ်များကို အမြန်ခွဲစိတ်ပေးပို့သွားရန်ပဲ ဖြစ်ပါသည်။ သူတို့၏ စုပေါင်းစွမ်းအားကြောင့် စစ်တွေမြို့မှာ လွှဝိုင်းအသီးသီးက ထွက်ပေါ် လာသော စက်သံများဖြင့် ညံနေပါတော့သည်။

          အထက်ဖော်ပြပါလွှဝိုင်း ၁၀ စုံ၊ ဝန်ထမ်း ၁၇၉ ဦးတို့ဖြင့် ဒေသ၏ သစ်လိုအပ်ချက်များ ကို လုံလောက်အောင် ဆောင်ရွက်ပေးရန် မလွယ်ကူပါ။ သည့်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် စစ်တွေမြို့တွင် ရွှေ့ပြောင်းသစ်စက် များနှင့် သစ်ခွဲသားများ ခွဲစိတ်ခြင်း၊ ရန်ကုန်မြို့မှ သင်္ဘောများဖြင့် သစ်ခွဲသားများ တင်ပို့ခြင်း တို့အပြင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ အမ်း၊ မောင်တော၊ ပေါက်တော၊ တောင်ကုတ်နှင့် သံတွဲမြို့များမှ ပုဂ္ဂလိကပိုင် သစ်စက်များကို ငှားရမ်း၍ သစ်ခွဲသားများ ခွဲစိတ်ဖြန့်ဖြူးခြင်း လုပ်ငန်းကို စီမံဆောင်ရွက်ပေးနေပါသည်။ စုစုပေါင်းပုဂ္ဂလိကသစ်စက် ၂၂ ခုပါဝင်လုပ်ဆောင် လျက်ရှိကြောင်း တွေ့ရသည်။

သစ်ခွဲသားများ ဖြန့်ဖြူးပို့ဆောင်ပေး

          ရန်ကုန်မှ သစ်ခွဲသားများကို M.V AQUARIUS M.V FORTUNE MCL-5 MCL-3 M.V CHARITY ဝိရူပက္ခအစရှိသော ရေယာဉ်ကြီးများဖြင့် တင်ဆောင်၍ စစ်တွေသို့ ပို့ဆောင်ပေးပါသည်။ ထိုနည်းတူစွာ ရခိုင်ပြည်နယ်အတွင်းရှိ တောင်ကုတ်၊ သံတွဲ၊ အမ်းမြို့ များမှ သစ်ခွဲသားများကိုလည်း တပ်မတော်ရေယာဉ်များ၊ ပုဂ္ဂလိကပိုင်ရေယာဉ်များ၊ သစ်တင် ယာဉ်များဖြင့် စစ်တွေမြို့သို့အရောက် ပို့ဆောင်ပေးပါသည်။ ရောက်ရှိလာသော သစ်များ၊ စစ်တွေတွင် ခွဲစိတ်နေသော သစ်များကို မိုခါမုန်တိုင်းဒဏ်အများဆုံးခံခဲ့ရသည့် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦးနှင့် မောင်တောမြို့နယ် များသို့ စနစ်တကျ ဖြန့်ဝေပေးပို့လျက်ရှိသည်။

မြို့သန့်ရှင်းရေးအတွက် ကူညီဆောင်ရွက်

          သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့် လိုအပ်သော သစ်ခွဲသားများကို အချိန်မီ ထုတ်လုပ်ဖြန့်ဖြူးပေးရေးဆိုသည့် အဓိကလုပ်ငန်း တာဝန်အပြင် စစ်တွေမြို့ သန့်ရှင်းသာယာလှပရေးအတွက် ပြန်လည်ရှင်းလင်းဆောင်ရွက် နေသည့် လုပ်ငန်းများမှာလည်း ပါဝင်ထမ်းဆောင်နေပါသည်။ ထို့သို့ပါဝင်ဆောင်ရွက်နိုင်ရန် Loader ယာဉ် စီးကို ယာဉ်မောင်း ဦးဖြင့်လည်းကောင်း၊ Chain Saw/စက်လွှ ၂၄ လက် ကို ဝန်ထမ်း ၂၈ ဦးဖြင့်လည်းကောင်း ပါဝင်ထမ်းဆောင်လျက်ရှိပါသည်။

သစ်ပင်များပြန်လည်စိုက်ပျိုးရန် စီမံချက်ရေးဆွဲဆောင်ရွက်

          နိုင်ငံတော်အကြီးအကဲ၏ မေလ ၁၅ ရက်နေ့ ရခိုင်ပြည်နယ်ခရီးစဉ်၌ အုန်းပင်အပါအဝင် ဒေသနှင့်ကိုက်ညီသော မုန်တိုင်းဒဏ်ခံ အပင်များကို ပြန်လည်စိုက်ပျိုးသွားရန် လမ်းညွှန် မှာကြားခဲ့ပါသည်။ ယင်းလမ်းညွှန်ချက်အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနအနေဖြင့် ပြည်နယ်မြို့တော် စစ်တွေတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့် သစ်ပင်စိုက်ပျိုးရေးလုပ်ငန်းစီမံချက်ကို အောက်ဖော်ပြပါ ရည်ရွယ်ချက်များ နှင့်အညီ ရေးဆွဲခဲ့ပါသည် -

          (က)   စစ်တွေမြို့ ပြန်လည်စိမ်းလန်းစိုပြည်သာယာလှပလာစေရန်၊

          ()     ဆိုင်ကလုန်းမုန်တိုင်း အပါအဝင် အခြားသဘာဝဘေးအန္တရာယ်များအား တားဆီးကာကွယ်နိုင်ရန်၊

          ()    ရာသီဥတု ကောင်းမွန်မျှတပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူ ပြုစေရန်၊

          ()   ရခိုင်ပြည်နယ်၏ သစ်တောဖုံးလွှမ်းမှုကို တိုးတက်လာစေရန်

          ယင်းစီမံချက်အရ စစ်တွေမြို့နှင့်ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပစေရန်နှင့် သဘာဝဘေးဒဏ်ခံနိုင်ရန်အတွက် လေကာပင်များ၊ အရိပ်ရပင်များ၊ အမြဲစိမ်းအပင်များ၊ အကြီးမြန်သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်သည့်ပန်းပင်များ၊ ဒီရေတောပင်များ စုစုပေါင်း ၂၀၄၂၀၀ ပင် စိုက်ပျိုးသွားမည် ဖြစ်ပါသည်။ ရေသင်းဝင်၊ ပင်လယ်ကဗွီး၊ အုန်း၊ ဗန်ဒါ၊ ခရေ၊ သင်္ဘောတည်၊ ရေတမာ၊ ပျဉ်းမ စသည့်အပင်မျိုးများ၊ ဒီရေတောအပင်များဖြစ်သည့် ဗြူးခြေထောက်၊ သမဲ့ကြီး၊ လမု စသည့်အပင်များသည် အရွက်သေး၍ ရေသောက်မြစ် ရှည်ခြင်း၊ ဘေးမြစ်များ ရှည်လျားပြန့်ကားပြီး မြေဆီလွှာတွင် ခိုင်မြဲစွာကုတ်တွယ်နိုင်ခြင်း၊ ပင်စည်နှင့် ကိုင်းတက်များ ယိမ်းနွဲ့ကွေးညွတ်မှု အားကောင်းခြင်း၊ အပင်လတ် အမျိုးအစား ဖြစ်ပြီး သင့်တင့်သော ရွက်အုပ်အရွယ်အစား ရှိခြင်းတို့ကြောင့် လေပြင်းမုန်တိုင်းဒဏ် ခံနိုင်ပြီး ပျက်စီးမှုနည်းပါးကြကြောင်း သိရှိရပါသည်။ ထိုအပင်များကိုလည်း နေရာကိုက်ညီစွာ စိုက်ပျိုးပေးသွားမည် ဖြစ်သည်။

          သစ်ပင်ကိုခုတ်၊ သစ်များကိုထုတ်ပြီး ရခိုင်ပြည်နယ် မုန်တိုင်းသင့်ဒေသများ ပြန်လည် ထူထောင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြသလို ရခိုင်ဒေသတစ်ခွင် ပြန်လည် စိမ်းလန်းစိုပြည်သာယာလှပရေးအတွက်လည်း သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် သူတို့ကူညီပေး ကြပါဦးမည်။ ဖြစ်ထွန်းလာမည့် သစ်တောသစ်ပင်များကို ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းကြရင်း ရခိုင်တိုင်းရင်းသားသွေးချင်းများအားလုံးက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ဝန်ထမ်းများအား ကျေးဇူးတင်စွာ အမှတ်ရနေကြလိမ့်မည်ဟု ကျွန်တော် ယုံကြည်မိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm