Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၈) (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)


22 Jun,2023

မြင့်စိုး(နတလ)

ရေချမ်းပြင်သို့ ရောက်ခဲ့သည်

          ကုလားတန်မြစ်ကို ဂစ္ဆပနဒီသို့မဟုတ်ကစ္ဆပနဒီမြစ်ဟု ခေါ်ကြသည်။ မယူမြစ် သို့မဟုတ် မလ္လာနဒီဟု ရှေးကခေါ်တွင်လာကြသည့် မေယုမြစ်ဆိုတာကလည်း ရှိနေသေးသည်။ လေးမြို့မြစ် ကိုမူ အဥ္စနနဒီဟု ခေါ်ဆိုကြကြောင်း သိရသည်။ ရန္ဓနဒီ(ခေါ်)ရန်ချောင်း၊ သီရိမာနဒီ(ခေါ်)သရေ ချောင်းတို့သည်လည်း ရခိုင်ပြည်နယ်၏ ထင်ရှားသောမြစ်ချောင်းများထဲမှာ ပါဝင်နေကြသည်။ အဆိုပါမြစ်ချောင်းများသည် ရခိုင်ပြည်နယ်၏ အသက်သွေးကြောများဆိုလျှင် မမှားပေ။ ဤမည်သော မြစ်ချောင်းများစွာတို့ကို အမှီပြု၍ စားရေရိက္ခာပေါများခဲ့သည်။ သမိုင်းစဉ်တစ်လျောက် ဆန်ရေစပါး ပေါများကြွယ်ဝရာ အရပ်ဒေသဖြစ်ခဲ့ခြင်းကြောင့် ဓညဝတီဟူ၍ အမည်တွင်ခဲ့ခြင်းဖြစ်ကြောင်း သုတေသီများက ဆိုကြသည်။ ထို့ပြင်တဝ ပေ၊ ပရပိုဒ်၊ ကျောက်စာများတွင်ပါရှိသည့်အတိုင်း သေလာဂီရိ၊ မောရပဗ္ဗတ၊ သီရိဂုတ္တ၊ နီလာပဗ္ဗတ အစရှိသော တောတောင်အမည်နာမများဖြင့် ထေရဝါဒဗုဒ္ဓသာသနာယဉ်ကျေးမှုထွန်းကားရာ၊ သာသနာရောင်ဝါထွန်းလင်းတောက်ပရာဒေသဖြစ် ခဲ့ခြင်းကြောင့်လည်း ဓညဝတီကို ရွှေပြည်ငွေပြည်သို့မဟုတ်ရတနာရွှေမြေဟူ၍လည်း ခေါ်ဝေါ် သမုတ်ခဲ့ကြကြောင်း မှတ်သားခဲ့ဖူးပါသည်။

          ဝတီလေးရပ်အမည်နာမဖြင့် ထင်ရှားကျော်ကြားခဲ့သော ရခိုင်ပြည်နယ်သို့ ၁၉၉၇ ခုနှစ်တွင် စတင်ရောက်ဖူးခဲ့သည်။ ၂၀၁၃-၂၀၁၄ ခုနှစ်များတွင်မူ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ပေး နေသော နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကြောင်းပြု၍ မကြာမကြာရောက်ခွင့်ကြုံခဲ့သည်။ မယူ မြစ်(ခေါ်)မေယုမြစ်ကိုဆန်၍ ဘူးသီးတောင်သို့သွားရောက်ကာ ထိုမှတစ်ဆင့် ဘူးသီးတောင်- တောင်ဘဇာလမ်းဖောက်လုပ်နေမှု၊ တောင်ဘဇာမှ ဗန္ဓုလလမ်း ၄၅/၀ မိုင်ဖောက်လုပ်ရန် လျာထား ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုခဲ့ဖူးသည်။ မောင်တောဒေသတွင်မူ ဝေသာလီ-ဥဒေါင်း လမ်း ၁၃/၀ မိုင်ကို ကွန်ကရိလမ်းအဖြစ် ဖော်လုပ်ပေးထားပြီးဖြစ်သည်။ ဤမည်သော မောင်တော ဒေသကို ဘူးသီးတောင်မှတစ်ဆင့် သွားလာနိုင်သကဲ့သို့ စစ်တွေမှ ရေချမ်းပြင်ကူးတို့ဆိပ်သို့ သွားရောက်ပြီး စက်လှေဖြင့် ပင်လယ်ဝကိုဖြတ်၍ အငူမော်ဆိပ်ကမ်းဘက်သို့ကူးကာ အငူမော်မှ မောင်တော ၅၀/၀ မိုင်ကို ကားဖြင့် သွားရောက်နိုင်ပါသည်။ အငူမော်မှ ၂၄/၀ မိုင်ခန့်အကွာတွင် ကျောက်ပန္ဒုဟုအမည်ရသော ရွာလေးရှိနေပါသည်။ ထိုရွာလေးအနီးက ပင်လယ်ထဲမှာ ထီးထီး မားမားကြီး တွေ့မြင်နိုင်သော ကျောက်တုံးကြီးတစ်တုံးရှိနေပါသည်။ အဝေးကလှမ်းကြည့်လျှင် ဆေးတံခေါင်းကြီးနှင့်တူနေသောကြောင့် ရခိုင်စကားအရ ကျောက်ပန္ဒု၊ ကျောက်ဆေးတံကြီးဟု ခေါ်တွင်ခြင်းဖြစ်ကြောင်း သိရသည်။ ကျောက်ဆေးတံကြီးကို အနီးကပ်သွားရောက်ကြည့်ရှုလျှင် ထိုင်စရာပလ္လင်ကြီးတစ်ခုနှင့် တူနေပြန်သည်။ တစ်ချိန်က သီတာမင်းသမီးထိုင်ခဲ့ဖူးသော ပလ္လင် ဖြစ်၍ မဟ်သီတာပလ္လင်ဟူ၍လည်း ခေါ်ခဲ့ကြကြောင်း ဒဏ္ဍာရီတစ်ပုဒ်သဖွယ် ကြားသိရပါသေးသည်။

          တစ်ချိန်က မကြာခဏရောက်ခဲ့ဖူးသော ရေချမ်းပြင်ကူးတိုးဆိပ်သို့ ပြီးခဲ့သည့်ဇွန်လ ၄ ရက် နေ့က ပြန်လည်ရောက်ခွင့်ကြုံလာခဲ့ပါသည်။ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသမြို့နယ်များတွင် မိုးစပါးအမီထွန်ယက်စိုက်ပျိုးနိုင်ရန် အတွက် လယ်ထွန်စက်ကြီးများ ပေးပို့လာခဲ့ရာ စစ်တွေမြို့သို့ သင်္ဘောဖြင့် ရောက်ရှိလာခဲ့ပါသည်။ ၎င်းထွန်စက်များအနက် ၁၄ စီးကို ရေချမ်းပြင်ဆိပ်တွင် တပ်မတော်ကမ်းထိုးရေယာဉ်များပေါ်သို့ တင်ဆောင်ကာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့ ခွဲဝေပို့ဆောင်ပေးခဲ့သည်။ ယင်းသို့ပို့ဆောင်ပေးခြင်းကို စစ်တွေမြို့တွင်ရောက်ရှိနေသော နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သည့်အဖွဲ့က သွားရောက် အားပေးကြည့်ရှုခဲ့ကြခြင်းဖြစ်သည်။

သရုပ်ပြထွန်ယက်၊ မျိုးစပါးများပေးအပ်ခဲ့

          ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းသင့်ဒေသများတွင် အချိန်မီထွန်ယက်၍ မိုးစပါးစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရောက်ရှိ လာသော လယ်ထွန်စက်ကြီးများဖြင့် သရုပ်ပြထွန်ယက်ခြင်းနှင့် အထွက်တိုးစပါးမျိုးများ ပေးအပ်ပွဲ အခမ်းအနားကို ပြီးခဲ့သည့်ဇွန်လ ၇ ရက်နေ့က စစ်တွေမြို့နယ် ပျားလည်ချောင်းကျေးရွာ (ရွာဟောင်း)တွင် ပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းတို့က ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့ကြသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပန်းတိုင်အထွက်နှုန်း ရရှိစေရန် လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ အကြံပြုတိုက်တွန်းမှာကြားခဲ့သည်။ ဇွန်လ ၁၂ ရက်နေ့ကလည်း စစ်တွေမြို့နယ် ကွန်းတောင်ကျေးရွာတွင် သရုပ်ပြထွန်ယက်ခြင်းနှင့် မျိုးစေ့ပေးအပ်ပွဲပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး တို့လည်း တက်ရောက်အားပေးခဲ့ကြပါသည်။

မြို့နယ်အသီးသီးတွင် စက်မှုလယ်ယာကထွန်ယက်ပေးနေ

          စက်မှုလယ်ယာဦးစီးဌာနသည် မြို့နယ်အသီးသီးတွင် မူလကတည်းကရှိပြီး ထွန်စက် ၅၀ စီး၊ ထပ်မံရောက်ရှိလာသော ထွန်စက် ၃၃ စီး၊ စုစုပေါင်း ၈၃ စီးဖြင့် မိုးစပါးရာသီအမီ ထွန်ယက် ပေးလျက်ရှိရာ စစ်တွေမြို့နယ်တွင် ထွန်စက် ၃၅ စီး၊ ရသေ့တောင်မြို့နယ်တွင် ထွန်စက် ၁၄ စီး၊ ကျောက်တော်မြို့နယ်တွင် ၁၃ စီး၊ မြောက်ဦးမြို့နယ်တွင် ၄ စီး၊ မင်းပြားမြို့နယ်တွင် ၄ စီး၊ သံတွဲမြို့နယ်တွင် ၇ စီး၊ ကျောက်ဖြူမြို့နယ်တွင် ၂ စီး၊ အမ်းမြို့နယ်တွင် ၂ စီး၊ မောင်တော မြို့နယ်တွင် ၂ စီးတို့ဖြင့် ဖြန့်ခွဲထွန်ယက်ပေးနေကြောင်း သိရသည်။

စပါးမျိုးများ ပို့ဆောင်ပေးမည်

          မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့သော "မိုခါ"မုန်တိုင်းကြောင့် စစ်တွေမြို့ သိုလှောင်ရုံတွင် သိုလှောင်ထားသည့် စပါးမျိုးကောင်းမျိုးသန့် ၂၆၈၆၅ တင်းသည် သိုလှောင်ရုံပြိုကျ မှုနှင့်အတူ ပျက်စီးဆုံးရှုံးခဲ့ရသည်။ အလားတူ မုန်တိုင်းဒဏ်ကို အများဆုံးခံခဲ့ကြရသည့် ရခိုင်ပြည်နယ် ၁၀ မြို့နယ်အတွင်းရှိ တောင်သူများ၏ မျိုးစပါးများသည်လည်း နေအိမ်များအမိုးလန် ပျက်စီးမှုနှင့်အတူ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ သို့ဖြစ်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ခရိုင်၊ မြို့နယ်များအလိုက် မျိုးစပါး လိုအပ်မှုအခြေအနေကို ရယူခဲ့ရာ စစ်တွေခရိုင်၊ စစ်တွေမြို့နယ် ကျေးရွာအုပ်စု ၁၂ ခုရှိ တောင်သူ ၇၄၇ ဦးအတွက် မျိုးစပါး ၂၅၀၀ တင်း၊ ရသေ့တောင်မြို့နယ် ကျေးရွာအုပ်စု ၈၅ ခုရှိ တောင်သူ ၆၃၆၃ ဦးအတွက် မျိုးစပါး ၅၄၀၁၃ တင်း၊ ပုဏ္ဏားကျွန်းမြို့နယ် ကျေးရွာအုပ်စု ၃၅ ခုရှိ တောင်သူ ၁၆၄၀ ဦးအတွက် မျိုးစပါး ၈၇၄၂ တင်း၊ ပေါက်တောမြို့နယ် ကျေးရွာအုပ်စု ၂၀ ခုရှိ တောင်သူ ၆၀၇ ဦးအတွက် မျိုးစပါး ၄၅၀၀ တင်း၊ မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် ကျေးရွာအုပ်စု ၂၂ ခုရှိ တောင်သူ ၃၃၃ ဦးအတွက် မျိုးစပါး ၂၄၀၂ တင်း၊ ကျောက်တော်မြို့နယ် ကျေးရွာအုပ်စု ၅ ခုရှိ တောင်သူ ၉၃ ဦး အတွက် မျိုးစပါး ၄၀၀ တင်း၊ မောင်တောခရိုင် မောင်တောမြို့နယ် ကျေးရွာအုပ်စု ၅ ခုရှိ တောင်သူ ၇၃ ဦးအတွက် မျိုးစပါး ၂၄၀ တင်း၊ ဘူးသီးတောင်မြို့နယ် ကျေးရွာအုပ်စု ၁၁ ခုရှိ တောင်သူ ၂၄၉ ဦး အတွက် မျိုးစပါး ၆၀၀ တင်း၊ စုစုပေါင်း ခရိုင် ၃ ခု၊ မြို့နယ် ၈ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၉၅ ခုရှိ တောင်သူ ၁၀၁၀၅ ဦးအတွက် မျိုးစပါး ၇၃၃၉၇ တင်း လိုအပ်ကြောင်းသိရှိရသည်။ ယင်းလိုအပ် ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးရာတွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ၊ ဝါးခယ်မ၊ မော်လမြိုင်ကျွန်းဒေသထွက် ပေါ်ဆန်းရင် မျိုးစပါး ၃၇၀၆၇ တင်း၊ ဖျာပုံဒေသထွက် ကျားပျံမျိုးစပါး တင်း ၄၀၀၀၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးဒေသထွက် ပေါ်ဆန်းရင် တင်း ၃၀၀၀၊ ပဲခူးတိုင်း ဒေသကြီး ရေတာရှည်ဒေသထွက် နှံကောက်မျိုးစပါး ၃၉၃၀ တင်း၊ နေပြည်တော်မှ ဂရိတ်ဝေါ    GW-11 မျိုးစပါး တင်း ၂၀၀၀၀၊ စုစုပေါင်း တင်း ၆၇၉၉၇ ကို ဝယ်ယူထောက်ပံ့ပေးမည်ဖြစ်ပြီး ဂရိတ်ဝေါမှ GW-11 မျိုးစပါး တင်း ၅၀၀၀၊ ရေတာရှည် ယွန်းလျှံလယ်ယာအထောက်အကူပြုစခန်းမှ ဦးအောင်မျိုးဦးက နှံကောက်မျိုးစပါး တင်း၄၀၀၊ စုစုပေါင်း ၅၄၀၀ တင်း လှူဒါန်းကြပါသည်။

ခိုင်းကျွဲ၊ ခိုင်းနွားများ လိုအပ်ချက်ပေါ်ပေါက်လာ

          မိုခါ မုန်တိုင်းမဝင်ရောက်မီ လွန်ခဲ့သည့် ၃ လခန့်က ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းရှိ ငတောက်တဲ့ကျေးရွာ၊ ကျောက်တန်းကြီးကျေးရွာ၊ ပျားလည်ချောင်းကျေးရွာများသို့ ကျွန်တော် ရောက်ခဲ့သည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အဆိုပါကျေးရွာ ၃ ရွာအပါအဝင် ကျေးရွာ ၅ ရွာ၌ နွားမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်၊ ထိုသို့ဆောင်ရွက်ရာတွင် လွှတ်ကျောင်းစနစ်၊ လှန်ကျောင်းစနစ်မပြုလုပ်ဘဲ ခြံလှောင်စနစ်ဖြင့် မွေးမြူ၍ ထွက်ရှိလာသော စွန့်ပစ်နွားချေးများကို သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးချရန်၊ နွားစာအတွက် အဲဗားဂရင်း မြက် စိုက်ပျိုးရေးလိုအပ်သည်များ စီစဉ်ဆောင်ရွက်ရန် ညှိနှိုင်းမှာကြားဆောင်ရွက်ခဲ့ပါသည်။ မုန်တိုင်းဖြစ်ပေါ်သည့် မေလ ၁၄ ရက်နေ့က သမဝါယမအသင်းအဖွဲ့ပိုင် အဆိုပါနွားမွေးမြူရေးခြံ အချို့ ပျက်စီးခြင်း၊ နွားများသေဆုံး၊ ပျောက်ဆုံးခြင်းအချို့ ရှိခဲ့ပါသည်။ ညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်းမောင်ဦးစီးအဖွဲ့အား ၎င်းကျေးရွာများသို့ သွားရောက်စေပြီး မြေပြင်ကွင်းဆင်းစစ်ဆေး ကြည့်ရှုကာ လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

          အလားတူ ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းသင့်ဒေသများ၌ ကျွဲနွားနှင့် အခြားတိရစ္ဆာန် သေဆုံး၊ ပျောက်ဆုံးခြင်းများဖြစ်ပေါ်ခဲ့ပါသည်။ သည့်အတွက် လယ်ယာမြေများ ပြန်လည်ထွန်ယက် စိုက်ပျိုးနိုင်ရန် လယ်ထွန်စက်များ ပေးပို့ခြင်းအပြင် ခိုင်းကျွဲ၊ ခိုင်းနွားများ လိုအပ်ချက်အား ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ မြို့နယ်အလိုက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက် ကောက်ယူမှု ပဏာမစာရင်းအရ ခိုင်းကျွဲ ၈၆၃ ကောင်၊ ခိုင်းနွား ၁၉၈၇ ကောင်၊ စုစုပေါင်း ၂၈၅၀ ကောင် လိုအပ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအစီအစဉ်ဖြင့် ကျွဲနွားတိရစ္ဆာန်များ ကူးစက်ရောဂါကာကွယ်ဆေးထိုး အစီအစဉ်ကို ဆောင်ရွက်ပေးခဲ့ရာ မြို့နယ် ၁၀ မြို့နယ်အတွင်းရှိ ကျွဲနွား ၄၈၂၈ ကောင်၊ ဝက် ၁၁၇ ကောင်၊ ကြက် ၁၂၀၀ ကောင်တို့အား ထိုးနှံပေးခဲ့သည်။ မကျန်းမာသော ကျွဲနွား ၄၃၃ ကောင်၊ ဆိတ် ၂၉ ကောင်၊ ဝက် ၁၃၀ ကောင်ကို ကုသမှုများပြုလုပ်ပေးခဲ့ပါသည်။

ရေငန်တားတာ၊ လယ်သမားတာနှင့် ဆားငန်ခံမျိုးစပါး

          ကျွန်တော် ဧရာဝတီတိုင်းဒေသကြီး ဇာတိဖွား၊ လယ်ယာကိုင်းကျွန်းလုပ်ငန်းများနှင့် သိပ် မစိမ်းလှပါ။ သို့သော် အထက်ပါဝေါဟာရ ၃ မျိုးကိုတော့ဖြင့် မရင်းနှီးခဲ့တာအမှန်ပင်။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပေးထားသော ရေငန်တားတာ၊ လယ်သမားများကိုယ်တိုင် စိုက်ခင်းများသို့ ရေငန်မဝင်ရောက်ရေး ဆောင်ရွက်ထားသော လယ်သမားတာ၊ ပင်လယ်ရေငန်ဒဏ်ကို ခံနိုင်ရည်ရှိသော ဆားငန်ခံမျိုးစပါးဆိုသည့်အမည်များ ဖြစ်သည်။ ယခု ရခိုင်ခရီးစဉ်မှာ အများဆုံးကြားဖူးနားဝဖြစ်လာခဲ့သည်။ ရခိုင်ဒေသမှာ လာရောက် တာဝန်ထမ်းဆောင်စဉ် အထက်ဌာနခွင့်ပြုချက်ဖြင့် ပြီးခဲ့သည့်ဇွန်လ ၁၆ ရက်နေ့တွင် တပ်မတော် လေယာဉ်စီး၍ နေပြည်တော်သို့ပြန်၊ ဇွန်လ ၁၇ ရက်နေ့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ကိုတက်၊ ဇွန်လ ၁၈ ရက်နေ့ ရန်ကုန်ဆင်း၊ ဇွန်လ ၁၉ ရက်နေ့ မြန်မာ့လေကြောင်းဖြင့် ရန်ကုန်မှစစ်တွေသို့ ပြန်လည်ထွက်ခွာခဲ့သည်။ ပျံသန်းချိန် ၁ နာရီ ၁၀ မိနစ်။ ကျွန်တော့်စိတ်အထင် မိနစ် ၅၀ အကြာမှာ မြစ်ဝကျွန်းပေါ်ဒေသနှင့် အနောက်ရိုးမကို ဖြတ်ကျော်ပြီး ရခိုင်ကမ်းရိုးတန်းဒေသကို စတင်ထိတွေ့သည်။ ပင်လယ်နှင့်ကုန်းမြေအစပ်များ၊ ကျွန်းစုများကို မြင်နေရသည်။ ရှည်လျားသော တာရိုး၊ တာပေါင်သဏ္ဍာန်လေးများကို လှမ်းမြင် ရသောအခါ ဤသည်တို့ကား ရေငန်တားတာများဖြစ်နေမလား၊ လယ်သမားတာလေးများပေလား အတွေးပွား မိသည်။

          မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှ ထိန်းသိမ်းထားရှိသော ရေငန်တားတာ ၃၂ ခုအနက် မောင်တောမြို့နယ်အတွင်းက ခြံပြင်တာသည် ပေ ၁၀၀၀၀ ခန့်၊ မြောက်ဦးမြို့နယ်အတွင်းက ကုလားပုန်းကျွန်းပတ်တာသည် ပေ ၆၀၀၀ ခန့်၊ မြေပုံ မြို့နယ်အတွင်းက ငမန်းရဲကျွန်းတာ အပိုင်း ၁ သည် ပေ ၁၆၅၀၀ ခန့်နှင့် အပိုင်း ၂ သည် ပေ ၆၀၀၀ ခန့် ကျိုးပေါက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။ သို့ဖြစ်၍ ယင်းတာ ၄ ခုအား စိုက်ပျိုးချိန်မီ ပြန်လည်ပြုပြင်ရန်အတွက် သက်ဆိုင်ရာဦးစီးဌာနက မြေတူးစက် Back Hoe ၁၇ စီးဖြင့် မေ ၂၁ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ဇွန်လ ၂ ရက်နေ့တွင် လုပ်ငန်းအားလုံး ပြီးစီးခဲ့ပြီဖြစ်ပါသည်။ ယင်းသို့ဆောင်ရွက်ပေးမှုကြောင့် အဆိုပါတာများ၏ ရေဘေးကာကွယ်ဧရိယာ ၁၇၇၀၆ ဧက အတွင်း စိုက်ပျိုးရန်လျာထားသည့် မိုးစပါးနှင့်အခြားသီးနှံများ အောင်မြင်စွာစိုက်ပျိုးနိုင်မည် ဖြစ်သည်။ ထို့ပြင် ရသေ့တောင်မြို့နယ်အတွင်းက ကျီကျွန်းတာ ၄၉၉၅ ပေ၊ ပုဏ္ဏားကျွန်းမြို့နယ် အတွင်းက မက္ကလာကျတာ ၄၃၅၀ ပေ၊ တန်ခိုးတာ ၆၁၆ ပေ၊ စစ်တွေမြို့နယ်အတွင်းက ဝါဘို လယ်သမားတာ ၁၀၅၀ ပေတို့ကိုလည်း ပြုပြင်ပေးခဲ့သည်။

          ဆားငန်ခံစပါးမျိုးနှင့်ပတ်သက်၍လည်း ဖိလစ်ပိုင်မှာ ပိုကာလီစပါးမျိုးရှိသကဲ့သို့ မြန်မာနိုင်ငံ တွင်လည်း ဒေသမျိုးရင်းများဖြစ်သည့် လက်ရုံးကြီး၊ စာပစိတို့ရှိကြောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနခြံများက စမ်းသပ်ထုတ်လုပ်ထားသော ဧရာမောင်၊ ရွှေပြည်မင်း၊ ရွှေပြည်ဝင်း၊ ပြည်မြန်မာစိန်၊ ရွှေအာဆီယံ၊ YSTR-12 ၊ ဆားငန်ခံ-၅၊ ဆားငန်ခံ-၆နှင့် ဆားငန်ခံဆင်းသွယ်လတ်မျိုးများကို ယခုရခိုင်ဒေသ၌ စိုက်ပျိုးရန်လျာထားကြောင်း ဒုတိယဝန်ကြီး ဦးတင်ထွဋ်ထံမှ သိရှိရပါသည်။

သာလီစွပါရခိုင်သွေးချင်းတို့ရေ

          မုန်တိုင်းလွန်ကာလ၌ ပြန်လည်ထူထောင်ရေး၊ ကူညီထောက်ပံ့ရေးကိစ္စအဝဝကို ပြည်ထောင်စု ဝန်ကြီးများကိုယ်တိုင် ဦးစီးကွပ်ကဲကြပ်မတ်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စီမံဆောင်ရွက် ပေးနေပါသည်။ နေရေးထိုင်ရေး၊ စားရေးကိစ္စများ တဖြည်းဖြည်းအဆင်ပြေချောမွေ့လာသည် နှင့်အမျှ အခြားလုပ်ငန်းများနည်းတူ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်ကြရပေမည်။ ရခိုင်ပြည်နယ်အတွင်း၌ အထွက်တိုးစပါးမျိုးများ စိုက်ပျိုးကြရပါမည်။ ဥစားကြက်၊ အသားစားကြက်၊ အသားတိုးဝက်နှင့် ပုစွန်မွေးမြူခြင်းအပါအဝင် မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရပါဦးမည်။

  • ကြိုးစားမှုတိုင်း အောင်မြင်ကြပါစေ
  • မျှော်လင့်ခြင်းများဖြင့် ရှင်သန်နိုင်ကြပါစေ
  • ပျော်ရွှင်ခြင်းများကိုလည်း ပိုင်ဆိုင်ခွင့်ရကြပါစေ
  • သာလီစွပါ ရခိုင်သွေးချင်းတို့ရေ …

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm