Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၇) (အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန)


16 Jun,2023

မြင့်စိုး(နတလ)

ရခိုင်ပြည်နယ်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ

          စစ်တွေမြို့မှာရောက်ရှိနေခိုက် ရခိုင်ပြည်နယ်၏ အားကစားလှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်၍ စိတ်ဝင်စားစရာကောင်းတာလေးတွေ တွေ့လာရသည်။ မိုခါမုန်တိုင်းဒဏ်သင့်တာ မသင့်တာအပထား၊ မန္တလေးတွင် ကျင်းပနေသည့် U-19 အမျိုးသားဘောလုံးပြိုင်ပွဲမှာ စိတ်ဓာတ် ကောင်းစွာဝင်ရောက်ယှဉ်ပြိုင်နေသည်ကတော့ ချီးကျူးစရာကောင်းနေသည်။ ဇွန်လ ၈ ရက်နေ့မှ ၂၈ ရက်နေ့ထိ ယှဉ်ပြိုင်ကြမည်။ လာမည့် ဇူလိုင်လထဲမှာ နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ဖူဆယ်ပြိုင်ပွဲအတွက်လည်း ညှိနှိုင်းအစည်းအဝေးတက်ရောက်ရန် သွားရောက်ဖို့ရှိကြောင်း ရခိုင် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေဌေးက ဆိုလာသည်။ သူလည်းပဲ ပဏာမမြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအားကစားသမားတစ်ဦး ဖြစ်ခဲ့ဖူးသည်။ သူ့ဆရာညွှန်ကြားရေးမှူး ဦးဝင်းမောင်ကလည်း ဘောလုံးအားကစားသမားတစ်ဦးပင်။ သမီးခင်မေဌေးနှင့် စကားစပ်မိရင်း ရခိုင်ပြည်နယ်ဇာတိဖွား နိုင်ငံဂုဏ်ဆောင်ပြေးခုန်ပစ်အားကစား သမားညီအစ်ကိုများဖြစ်ကြသော ဦးကျော်မြ၊ ဦးဝင်းမြ၊ ဦးစိုးမြ၊ ဦးရဲမြတို့ ညီအစ်ကိုတွေအကြောင်း ပြောဖြစ်ခဲ့သည်။ တစ်ချိန်က သတင်းစာတွေထဲမှာတော့ ထိုပုဂ္ဂိုလ်များ၏ နာမည်များကို ရခိုင်တိုင်းရင်းသားအသံထွက်အတိုင်း တုတ်ထောက်ခုန်အားကစားသမား ဝင်းမရ၊ စိုးမရ စသည်ဖြင့် ဖော်ပြကြတာတွေကိုလည်း အမှတ်ရမိသည်။ မှတ်မှတ်ရရ ကျွန်တော် နယ်စပ်ရေးရာဝန်ကြီး ဌာနမှာ တာဝန်ထမ်းဆောင်စဉ်ကာလ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်အတူ သွားရောက်ခဲ့သော စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲခရီးစဉ်၌ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြလည်း လိုက်ပါလာသဖြင့် အားကစားအကြောင်းတွေ ပြောဖြစ်ကြသေးသည်။ ဦးဝင်းမြသည် ဆရာဝန်ကြီးတစ်ဦးဖြစ်သလို သံအမတ်ကြီးတာဝန်ကိုလည်း ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

          ခင်မေဌေးရေ… သမီးတို့ဆီမှာ ရခိုင်ဇာတိဖွား မြန်မာ့လက်ရွေးစင်အားကစားသမားတွေ စာရင်းရှိလား၊  ရှိသလောက်ရှာလာခဲ့စမ်းပါဟု တောင်းယူလေ့လာကြည့်လိုက်သောအခါဝယ်၊ ကျွန်တော်ငယ်စဉ်ကပင် ရင်းနှီးကျွမ်းဝင်နေသော နိုင်ငံကျော်အားကစားသမားများကို တွေ့လိုက် ရပါပြီ။ ဒေါ်ခင်ပုဆိုသောအမည်၊ ကျွန်တော်တို့ ၃ တန်း ၄ တန်းအရွယ် ၁၉၆၉ ခုနှစ် ကျွန်းဆွယ် အားကစားပြိုင်ပွဲတွေမှာ မခင်ပုဆိုသောအမည်က ပြေးခုန်ပစ်အားကစားနည်းနှင့်တွဲ၍ ကျော်ကြား ခဲ့သည်။ လှံတံပစ်ရွှေတံဆိပ်ဆုရှင်ဖြစ်သည်။ အလျားခုန်နှင့် မီတာ ၁၀၀ တာတိုအပြေးမယ် ဒေါ်မြသူဇာသည်လည်းပဲ ၁၉၇၉ ခုနှစ်က ရွှေတံဆိပ်ဆုရှင်ဖြစ်ကြောင်း၊ သူနှင့် ညီအစ်မတစ်ဝမ်းကွဲ တော်ကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံထံမှ သိရသည်။ ၁၉၇၅ ခုနှစ် အားကစားသမားကြီးများဖြစ်ကြသော ဦးခင်စိုး(မာရသွန်)နှင့် ဦးသက်ထွန်းကျော် (တုတ်ထောက်ခုန်)တို့ကိုလည်း အမည်စာရင်းထဲမှာ တွေ့လိုက်ရ၏။ သူယူလာသော စာရင်းထဲမှာ မြန်မာ့လက်ရွေးစင်အားကစားသမား ၈၀ ဦး၏ အမည်နာမများကို ဖော်ပြထားသည်။ ထိုအထဲက ကာယဗလ၊ ကရာတေးဒို၊ ဂျူဒို၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ခရစ်ကတ်၊ ဘတ်စကတ်ဘော၊ သုံးမျိုးစုံ၊ စက်ဘီး၊ မြားပစ်၊ ဝူရှူး၊ လှေလှော်၊ သေနတ်ပစ်၊ Squash၊ ကန်ပို၊ ဂေါက်သီး၊ နပန်း၊ လက်ဝှေ့အားကစားလက်ရွေးစင်များကမူ ကျွန်တော်နှင့် သိပ်မရင်းနှီးပါ၊ သူ့ကာလနှင့်သူ ရခိုင်ပြည် နယ်၏ ဂုဏ်ကို ဆောင်ခဲ့ကြသူများဟု ဆိုရမည်သာ။

          သို့သော် ဘောလုံးအားကစားသမားထဲမှာတော့ ကျွန်တော်ငယ်စဉ်က ရင်းနှီးခဲ့သော နာမည် တစ်ခုကို ထပ်မံတွေ့ရှိလိုက်ပြန်ပါပြီ။ ဦးမောင်မောင်ညွန့်၊ ၁၉၇၀-၇၁ အချိန်ကာလများဆီက ဂိုး-မောင်မောင်ညွန့်။ မြန်မာ့လက်ရွေးစင်ဂိုးသမားများဖြစ်ကြသော ဦးခင်မောင်ထွန်း၊ ဦးတင်အောင် တို့က စောလိမ့်မည်ထင်ပါသည်။ မာဒေးကားခေတ် လက်ရွေးစင်များဟု ပြောရမည်လားမသိ၊ ဒီဘက်ခေတ်ကို ရောက်လာတော့ ဦးမောင်မောင်ညွန့်တို့၊ မျိုးလှိုင်ဝင်း၏ ဖခင် ဂိုး-ဦးတင်ဝင်းတို့ ပေါ်ပေါက်လာကြသည်။ မြန်မာ့ဘောလုံးလောက တဖြည်းဖြည်းအရောင်မှိန်လာသောအခါ သန်းတိုးအောင်၊ မျိုးလှိုင်ဝင်း၊ ဝင်းအောင်၊ ကြည်လွင်၊ တင်မြင့်အောင်၊ စိုးမြတ်မင်းတို့နောက်ပိုင်း ဘောလုံးသမားအမည်များက ကျွန်တော့်ရင်ထဲသို့ ရောက်မလာတော့ပါ။ သို့သော် မိမိတို့ ဧရာဝတီ တိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ဇာတိဖွား မြန်မာ့လက်ရွေးစင်ဂိုးသမား- မေခင်ယမင်းကို တော့ဖြင့် သိနေပါသည်။ ကျွန်တော်တို့တိုင်းဧရာ၏ ဆောင်ပုဒ်ဖြစ်သော "ရိုးသားကြိုးစား ဧရာဝတီ သား"ထဲမှာ သူလည်းတစ်ယောက်အပါအဝင်ဖြစ်ကြောင်း ကြုံကြိုက်ရင်း ကြွားလိုက်ချင်ပါသေး၏။

မြေပုံကို ဂုဏ်ဆောင်သည့် နော်ထက်ထက်ဝေ

ရခိုင်ပြည်နယ်အတွက် ကျွန်တော် ဝင့်ဝင့်ကြွားကြွား ဂုဏ်ပြုစကားပြောကြားပေးလိုသော အမျိုးသမီးအားကစားသမားတစ်ဦးရှိနေပါသေးသည်။  သူကတော့ မကြာသေးမီကမှ ကျင်းပပြီးစီး ခဲ့သော ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သော မြန်မာ အမျိုးသမီးဘောလုံးအသင်း၏ ကွင်းလယ်အားကစားသမား၊ ကျောနံပါတ် ၆ နော်ထက်ထက်ဝေ ဖြစ်ပါသည်။ သူ့အစ်မတော် ကျောနံပါတ် ၇ သန်းသန်းထွေးကဲ့သို့ပင် ဘောလုံးဖြန့်ဝေမှုရော၊ ကွင်းလယ်အဖျက်ရော၊ တိုက်စစ်သို့လိုက်ပါကစားနိုင်မှုရော ကျွမ်းကျင်ပိုင်နိုင်စွာ ကစားနိုင်သည်ကို ဗီယက်နမ်နှင့် ဖိုင်နယ်ပွဲစဉ်မှာ မြင်ခဲ့ရသည်။ ဘောလုံးစကေးလည်းကောင်းပါသည်။ ရခိုင်ပြည်နယ် မြေပုံမြို့တွင် နေထိုင်လျက်ရှိပြီး နာမည်က နော်ထက်ထက်ဝေဖြစ်နေရသည့်အကြောင်းကိုလည်း စိတ်ဝင်စား၍ မေးမြန်းကြည့်မိသည်။ အဖိုးက စကောကရင်တိုင်းရင်းသား၊ ထို့ကြောင့် အဖေက ကရင်၊ အမေက ချင်းတိုင်းရင်းသူ၊ သည့်အတွက် ကရင်နှင့်ချင်းသွေးပါနေသည့် နော်ထက်ထက်ဝေကို မွေးဖွားလာခဲ့သည်။ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ကျောင်းပေါင်းစုံအားကစား ပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့၍ ပညာရေးဝန်ကြီးဌာန၏ YREO – FC တွင် ပါဝင်ကစားခွင့်ရခဲ့သည်။ ထိုမှ  U-19 လက်ရွေးစင်ဖြစ်ခဲ့ပြီး မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကြီးတွင် ပါဝင်ကစားနေပြီ ဖြစ်ကြောင်းသိရ၏။ ရခိုင်ပြည်နယ်အတွက် ဂုဏ်ယူမိပါသည်၊ သမီး နော်ထက်ထက်ဝေ……။

လူငယ်လူရွယ်တိုင်းအတွက် လမ်းညွှန်မှာကြားချက်

          ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်း အနားကို ပြီးခဲ့သည့်ဇွန်လ ၁ ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ခဲ့ပါသည်။ ယင်းအခမ်းအနားတွင် မိန့်ကြားခဲ့သည့် နိုင်ငံတော်အကြီးအကဲ၏ အမှာစကားများထဲက အောက်ပါအချက် ၂ ချက်ကို ကျွန်တော်သတိပြုမှတ်သားခဲ့မိသည်-

          "နိုင်ငံတကာပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် ဆုတံဆိပ်များ

ရယူပေးနိုင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင် ပေးရာရောက်သည့်အပြင် နိုင်ငံတကာအလယ်တွင် အမိ မြန်မာနိုင်ငံတော်အလံကို လွှင့်တင်ပြီး နိုင်ငံတော်သီချင်းသံ လွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူများဖြစ်သည့်အတွက် အုပ်ချုပ်သူနည်းပြများအပါအဝင် နိုင်ငံ့ဂုဏ်ဆောင်အားကစား မောင်မယ်များအား ယခုကဲ့သို့ ထိုက်ထိုက်တန်တန်ဂုဏ်ပြု ရခြင်း ဖြစ်ပါကြောင်း ……..."

"နိုင်ငံတော်ပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ယခုထက်ပိုမိုရရှိပြီး နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင် နိုင်ရေး၊ လူငယ်လူရွယ်တိုင်း အားကစားကို စိတ်ပါဝင်စားပြီး လေ့လာလိုက်စားရာမှတစ်ဆင့် ပြိုင်ပွဲဝင်နိုင်သည်အထိ လေ့ကျင့်ယှဉ်ပြိုင်နိုင်ရေးနှင့် အရှေ့တောင်အာရှအဆင့်မှသည် အာရှအဆင့်၊ ကမ္ဘာ့အဆင့်ထိ ထိုးဖောက်နိုင်စေရေး ရည်မှန်း ချက်ထားပြီး ဆက်လက်ကြိုးပမ်းအားထုတ်သွားကြရန်"

မိုခါအငွေ့အသက်တွေကြားက ထပ်ဆင့်ဂုဏ်ပြုပွဲလေးတစ်ခု

          (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစား နည်း ၁၉ နည်း၊ အားကစားသမား ၃၄၁ ဦး၊ အုပ်ချုပ်သူ/နည်းပြ ၁၀၄ ဦး၊ စုစုပေါင်း ၄၄၅ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေ ၂၁ ခု၊ ငွေ ၂၅ ခု၊ ကြေး ၆၈ ခု၊ စုစုပေါင်းဆုတံဆိပ် ၁၁၄ ခု ရယူပေးနိုင် ခဲ့ပါသည်။ အဆိုပါဆုတံဆိပ်ရှင်များထဲတွင် ရခိုင်ပြည်နယ်မှ အမျိုးသမီးဘောလုံးပြိုင်ပွဲ ငွေတံဆိပ် ဆုရှင် နော်ထက်ထက်ဝေ၊ 70kg နှင့် 52kg ၊ ဂျူဒိုပြိုင်ပွဲများတွင် ကြေးတံဆိပ်ဆုရရှိခဲ့ကြသော မဖြိုးဆွေဇင်ကျော်နှင့် မခင်ခင်စု၊ ပိုက်ကျော်ခြင်းနှစ်ယောက်တွဲပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့ကြသော ဦးအောင်မျိုးဆွေနှင့် ဦးအောင်မျိုးနိုင်တို့လည်း အပါအဝင်ဖြစ်သည်။

          အထက်ပါ အားကစားသမား ၅ ဦးအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနားကို ဇွန်လ ၈ ရက် နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မိုခါမုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် စစ်တွေမြို့တွင်ရောက်ရှိနေသော နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်မှတ်များပေးအပ်ခဲ့ကြ ပါသည်။ ဆုရအားကစားသမားများထဲမှ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်း အားကစားသမား များနှင့် နည်းပြများက ရခိုင်ပြည်နယ် မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အလှူငွေကျပ် သိန်း ၂၀ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသဖြင့် မုဒိတာပွား၍ ဝမ်းမြောက်ဝမ်းသာစွာ သာဓုခေါ်ဆို မိပါသည်။ သာလီစွပါ ရခိုင်ဇာတိဖွားအားကစားသမားများတို့ရေ ……..။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကျင်းပ

          အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွန်ချက်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ ကျောင်းသားလူငယ်များနှင့်ထိတွေ့ ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ၈၂ ကြိမ်၊ သရုပ်ပြပွဲ/EIM အားကစားလှုပ်ရှားမှု ၁၈၅ ကြိမ်၊ အားကစားပစ္စည်းထောက်ပံ့ မှု ၇၈ ကြိမ် ဟောပြောပို့ချဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လျာထားချက်တွင်မူ လူငယ်စကားဝိုင်းများကိုပါ ထည့်သွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

အစဉ်အလာကောင်းများနှင့်ရခိုင်အားကစား

          ၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးဘောလုံးပြိုင်ပွဲကို နေပြည်တော်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ အုပ်စုပွဲစဉ်အချို့ကို ကျွန်တော်ကြည့်ရှုခွင့်ရခဲ့သည်။ ရခိုင်ပြည်နယ်အသင်း၏ ပွဲစဉ်များ လည်းပါ၏။ ဖိုင်နယ်သို့တက်ရောက်လာပြီးနောက် ရှမ်းပြည်နယ်အသင်းနဲ့ဆုံသည်။ ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရကာ ပထမဒိုင်းဆုကြီးကို ရခိုင်ပြည်နယ်သို့ သယ်ဆောင်ခွင့်ရသွားခဲ့ကြသည်။ ရိုးရိုးကားဖြင့် သယ်သွားခြင်းမျိုးမဟုတ်၊ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ဆုဖလားကြီးကို ချီးမြှင့်ပေးအပ်ခဲ့ပြီး ငွေသားကျပ် ၂၅ သိန်းအပြင် စစ်တွေသို့ အပြန်ခရီးစဉ်အတွက် လေယာဉ်စီစဉ်ပေးခဲ့သည်။ အမျိုးသမီးဘောလုံးအသင်း၏ အိမ်အပြန်ခရီးက ခန်းနားထည်ဝါနေသလို စစ်တွေလေဆိပ်မှစ၍ ကြိုဆိုနေကြသော မြို့လူထု၏ အားပေးလက်ခုတ်သံ များကလည်း ဘဝဂ်သို့ ညံနေပေတော့သည်။ ဘောလုံးအားကစားအမျိုးသမီးလေးများ ပျော်လိုက်မည် ဖြစ်ခြင်း။ သူတို့လေးတွေသည် ရခိုင်လူငယ်များအတွက် အတုယူအားကျစရာဖြစ်သကဲ့သို့ ရခိုင်ပြည်နယ် အားကစားလောကဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အစဉ်အလာမှတ်တမ်းကောင်းများ ရေးထိုးခဲ့ကြ သည်ဆိုလျှင် မမှားတန်ရာ။

ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းလက်ထက် နပန်းပြို်ငပွဲ

          ၂၀၁၄ ခုနှစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း(ယခုပြည်ထောင်စုဝန်ကြီး၊ ပြန်ကြား ရေးဝန်ကြီးဌာန)လက်ထက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလားဖိတ်ခေါ်ပြိုင်ပွဲအဖြစ် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ နပန်းအဖွဲ့များ ဖိတ်ကြားခေါ်ယူယှဉ်ပြိုင်စေခဲ့သည်။

          ရခိုင်ရိုးရာကျင်ကိုင်ပွဲ၏ နည်းစနစ်ကျနမှု၊ သန်မာမှု၊ ဇွဲရှိမှုတို့ကြောင့်လားတော့မသိ ရခိုင် ပြည်နယ် မြို့နယ်အသီးသီးမှ ကျား၊ မ ကျင်သန်များသည် နပန်းပြိုင်ပွဲများတွင် ကီလိုတန်းအလိုက် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များစွာ ဆွတ်ခူးခဲ့ကြောင်း သိရှိရပါသည်။ ပုဏ္ဏားကျွန်းမြို့နယ်က ဆုရသူ အများဆုံး ဖြစ်သည်။ မြေပုံ၊ မင်းပြား၊ ကျောက်ဖြူတို့လည်းရကြသည်။ စစ်တွေ၊ အမ်း၊ ကျောက်တော်၊ ဂွမြို့နယ်များ ကတော့ တစ်ဦးစီပါဝင်ကြ၏။ နပန်းပြိုင်ပွဲ၏ တံခွန်စိုက်ဆုဖလားကြီးကိုတော့ ရခိုင်ပြည်နယ်ကပဲ ဆွတ်ခူးရယူသွားပါသည်။ ၂၀၁၇-၂၀၁၈ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီးနပန်းပြိုင်ပွဲ တွင်လည်း ရခိုင်ပြည်နယ်ကပဲ တံခွန်စိုက်ဆုဖလားကြီးကို ဆွတ်ခူးခဲ့သည်။

          နပန်းပွဲအကြောင်းစဉ်းစားရင်းက ရခိုင်ရိုးရာကျင်ကိုင်ပွဲကို မြင်ယောင်မိသည်။ ရန်ကုန်၌ရှိစဉ် တိုင်းရင်းသားကျေးရွာမှာ ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့က ဦးစီးကျင်းပသည့် ရခိုင်ရိုးရာကျင်ကိုင်ပွဲအား ကြည့်ရှုလေ့လာခွင့်ရခဲ့သည်။ ရှေးရခိုင်ဘုရင်များလက်ထက်က ကျင်ကိုင်ပွဲတွင် အနိုင်ရသော ကျင်သန်များကို ဘုရင့်ရေတပ်သားအဖြစ် ခန့်အပ်တာဝန်ပေးလေ့ရှိကြောင်း သိရ၏။

၂၀၂၃-၂၀၂၄ အားကစားနှစ်အတွက် ကြိုတင်ပြင်ဆင်

          ၂၀၂၃-၂၀၂၄ ခုနှစ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်မည့် အားကစားနည်း ၂၃ နည်း၊ အားကစားပြိုင်ပွဲ ၂၅ မျိုးတွင် ရခိုင်ပြည်နယ်အနေဖြင့် အားကစားနည်း ၁၉ နည်းပါဝင် ယှဉ်ပြိုင်မည်ဖြစ်ပါသည်။ တင်းနစ်နှင့် U-18 ပြေးခုန်ပစ်ပြိုင်ပွဲများအား ကျင်းပပြီးစီးခဲ့ရာ ပြေးခုန်ပစ်တွင် ရွှေ ၁၊ ငွေ ၁၊ ကြေး ၁ ရရှိခဲ့ပါသည်။ ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မြို့နယ်အလိုက် အားသွန်ကြိုးပမ်းဆောင်ရွက်ပေးနေပါသည်။ ထိုအထဲတွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထူးအလေးထား၍ ပြုပြင်စရာ ရှိသည်များကို ပြုပြင်၊ ပြိုင်စရာရှိသည်များကို ဇွဲ၊ စိတ်ဓာတ်ခိုင်မာစွာဖြင့် သွားရောက်ယှဉ်ပြိုင်လျက် ရှိပါသည်။ ရခိုင်ပြည်နယ် အားကစားလောကဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းသည် ရခိုင် လူငယ်ထု၏ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ခြင်းပဲဖြစ်ပါ၏။ ရှေးရှေးက မြန်မာ့လက်ရွေးစင်ကြီးများ၊ ယနေ့ခေတ် အောင်မြင်နေသော ရခိုင်တိုင်းရင်းသား၊ တိုင်းရင်းသူ မျိုးဆက်သစ်အားကစားသမားများကိုအတုယူလျက် နိုင်ငံ့ဂုဏ်ဆောင်၊ ပြည်နယ်ဂုဏ်ဆောင်၊ လူငယ်လူရွယ်များစွာ ထပ်မံပေါ်ထွက်မည်ဟု အလေးအနက်ယုံကြည်မိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm