Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၆) (ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန)


13 Jun,2023

မြင့်စိုး(နတလ)

ဖျတ်ကနဲ အမှတ်ရလိုက်မိသော မှတ်တမ်းဓာတ်ပုံလေးများ

          မိုခါမုန်တိုင်းဒဏ်သင့် စစ်တွေမြို့ကြီး မေလ ၁၄ ရက်နေ့မှစ၍ မီးအမှောင်ကျသွားခဲ့သည်။ တာဝန်ရှိသူများ၏ စီမံကွပ်ကဲမှု၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဝန်ထမ်းများ၏ ကြိုးပမ်းမှုတို့ဖြင့် မေလ ၂၅ ရက်နေ့တွင် လောကာနန္ဒာစေတီတော်ကြီးအား လျှပ်စစ်မီးပူဇော်နိုင်ခဲ့သလို စစ်တွေ မြို့တွင်း လမ်းမကြီးများကို မီးလင်းစေခဲ့သည်။ 500 KVA မီးစက်ဖြင့် ယာယီပေးခဲ့ခြင်းဖြစ်၏။ တစ်ပြိုင်တည်းမှာပင် တယ်လီဖုန်းများ အားသွင်းရန်၊ အိမ်သုံးလျှပ်စစ်မီးအိမ်များ အားသွင်းရန်နေရာ ၈ ခု သတ်မှတ်၍ စီစဉ်ဆောင်ရွက်ပေးခဲ့ရာ ညစဉ်ညတိုင်းလာရောက်အားသွင်းသူ ရာထောင်ချီ၍ ရှိခဲ့သည်။ ကိုယ်ပိုင်မီးစက်မသုံးနိုင်သူများအဖို့တော့ ၁၀ ရက်ခန့်အကြာမှာ လျှပ်စစ်မီးကို ပြန်မြင် ရခြင်း၊ ဖုန်းအားသွင်းနိုင်ခြင်းသည် ကမ္ဘာဦးလူတို့ နေနှင့်လကို စမြင်လိုက်ရသကဲ့သို့ အံ့ဩဝမ်းသာ ဖြစ်မိကြမှာမလွဲပေ။ လူတစ်ဦးချင်းစီအတွက်၊ မိသားစုအတွက်၊ မိမိတို့လုပ်ငန်းဆောင်တာများ အတွက်  ဆက်သွယ်ရေးကဏ္ဍသည် မရှိမဖြစ်လိုအပ်နေသည်မဟုတ်ပါလား။

          ထိုနေ့ထိုရက်များက ယဉ်ကျေးမှုပြတိုက်ရှေ့မှာ၊ ကားကြီးဝင်းမှာ စစ်တွေမြို့သူမြို့သားများစွာ တယ်လီဖုန်းအားသွင်းရန် စုဝေးရောက်ရှိနေသည့် မှတ်တမ်းဓာတ်ပုံလေးများကိုမြင်လိုက်ရသောအခါ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှာ တာဝန်ထမ်းဆောင်ခဲ့စဉ် စုဆောင်သိမ်းဆည်းထားသော မှတ်တမ်းဓာတ်ပုံလေးများကို အမှတ်ရမိသည်။ ၁၉၈၉ ခုနှစ် မေလ ၉ ရက်နေ့၌ 'ဝ'တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ချိန်မှစ၍ 'ဝ'ဒေသ ဝိန်းကောင်၊ ပန်ဆန်း၊ မိုင်းမောဒေသများတွင် နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည်။ ဟိုပန်-မိုင်းမော-ပန်ဆန်းလမ်းက တစ်ကြောင်း ထိုးမြေလမ်းသာသာအဆင့်မျှသာ၊ တာကော်အက်-ဝိန်းကောင်-ပန်ဆန်းလမ်းကလည်း ဖောက်လုပ်ဆဲ။ ထိုကဲ့သို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ့သည့်အချိန်မှာပင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည် ဖော်ရေးဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီတို့၏လမ်းညွှန်မှုဖြင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းဆပ် ကော်မတီသည် ပန်ဆန်းမြို့ (၁၉၈၉ ခုနှစ်က ပန်ဆန်းကျေးရွာ)သို့ ရုပ်ရှင်ပြစက်များပို့ဆောင်ကာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုသတင်းမှတ်တမ်းကားများပြသပေးခြင်း၊ အပေါ်စက်အောက်စက်ဟု ခေါ်သည့် ဗီဒီယိုပြစက်များဖြင့် ဗီဒီယိုဇာတ်ကားများပြသပေးခြင်း၊ သတင်းနှင့်စာနယ်ဇင်းအဖွဲ့များ စေလွှတ်၍ ဆောင်းပါးများရေးသားခြင်း၊ နယ်စပ်ဖွံ့ဖြိုးရေးဆိုင်ရာရုပ်သံအစီအစဉ်များ ရိုက်ကူး ပြသခြင်းတို့ ဆောင်ရွက်စေခဲ့ပါသည်။ ကိုးကန့်ဒေသ၊ ကျိုင်းတုံအရှေ့ဒေသ(မိုင်းလားဒေသ)များ ဆီသို့လည်း အလားတူစေလွှတ်ပေးခဲ့သည်။

            ထိုအချိန်ကာလတုန်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ပင်တိုင်ဓာတ်ပုံဆရာ များဖြစ်သော ကိုအောင်တင်၊ ကိုသန်းအောင်၊ ကိုခင်မောင်ကျော်၊ ကျော်ဆွေမိုး၊ မိုးမင်းလှိုင်တို့၏ လက်ရာတွေပဲလားတော့မသိ၊ ပန်ဆန်းမြို့ဘုန်းတော်ကြီးကျောင်းမှာ ဗီဒီယိုဇာတ်ကားပြသနေသည်ကို 'ဝ'တိုင်းရင်းသားတိုင်းရင်းသူ ၂၀၀ ခန့် ဝိုင်းအုံကြည့်ရှုသဘောကျရီမောနေလိုက်ကြတာများ၊ ရိုက်ထား တာအသက်ဝင်လှသည်။ မိုင်းလားဒေသမှာလည်း ထိုနည်းတူစွာပင် သက်ငယ်မိုးထရံကာ မိုင်းလား အ.မ.ကကျောင်းလေးရှိရာသို့ ကျောင်းတက်ရန်သွားနေကြသော ကျောင်းသားလေးများကို ရိုက်ထား သည့်ပုံ၊ ယခင်မိုင်းလားကျေးရွာငယ်လေးပုံစသည်တို့ကို မှတ်တမ်းတင်ခဲ့ကြသည်။ ယနေ့အချိန်အခါ မှာတော့ ပန်ဆန်းသည်လည်းကောင်း၊ မိုင်းလားသည်လည်းကောင်း၊ ကိုးကန့်ဒေသလောက်ကိုင်မြို့ သည်လည်းကောင်း ဟည်းဟည်းထနေသည့် မြို့ကြီးများအဖြစ်သို့ ရောက်ရှိနေပြီဆိုတော့ကာ၊ ကျွန်တော်တယုတယသိမ်းဆည်းထားသော အဆိုပါဓာတ်ပုံလေးများက ပန်ဆန်းရွာ၊ မိုင်းလားရွာလေး များအကြောင်း၊ ငြိမ်းချမ်းရေး၏ အသီးအပွင့်များအကြောင်း ပြန်ပြောင်းပြောပြကြပါလိမ့်မည်။ "မိုခါ" မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေး နေသည့် လုပ်ငန်းဆိုင်ရာမှတ်တမ်းဓာတ်ပုံများသည်လည်း တစ်ချိန်မှာ ရခိုင်တိုင်းရင်းသားများအတွက် အမှတ်တရရှိနေကြပါလိမ့်မည်။ စကားပြောသော ဓာတ်ပုံလေးများ ဖြစ်လာကြပါလိမ့်မည်။

ဆက်သွယ်ရေးကဏ္ဍကြိုတင်စီစဉ်ဆောင်ရွက်မှုများ

            မုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီဆိုလျှင် လျှပ်စစ်မီးများပြတ်တောက်သွားမှာဖြစ်သလို ဆက်သွယ် ရေးကဏ္ဍသည်လည်း အနည်းနှင့်အများထိခိုက်ပျက်စီးမှုများနှင့် ကြုံတွေ့ရတော့မည်မှာ မလွဲပေ။ သည့်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် အကောင်းဆုံးကြိုတင်ပြင်ဆင်စီမံ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းတွေ့ရသည်။ အကယ်၍ မုန်တိုင်းဒဏ်ကြောင့် မိုက္ကရိုဝေ့ဗ်နှင့် ဖိုင်ဘာ ဆက်ကြောင်းများ ပြတ်တောက်မှုဖြစ်ပေါ်ခဲ့သော် အရေးပေါ်ဆက်သွယ်ဆောင်ရွက်နိုင်ရန် တယ်လီဖုန်း ၄ လုံးနှင့် အင်တာနက်စနစ်အသုံးပြုနိုင်သော ဂြိုဟ်တုဆက်သွယ်ရေးစနစ်သုံး Satellite Termanal    ၁၀ စုံကို ရခိုင်ပြည်နယ်အတွင်း၌ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပေါက်တောနှင့် စစ်တွေမြို့များတွင်လည်ကောင်း၊ ချင်းပြည်နယ်အတွင်းက မတူပီနှင့် မင်းတပ်မြို့များတွင်လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကိုကိုးကျွန်းတွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင်လည်းကောင်းကြိုတင်ပို့ဆောင်ထားရှိခဲ့ပါသည်။ အလားတူ မိုဘိုင်းယာဉ် ၄ စီးကို ရန်ကုန်၊ စစ်တွေ၊ ကျောက်ဖြူ၊ ပုသိမ်မြို့များတွင် ဖြန့်ခွဲထားရှိခဲ့ပြီး တိကျသော မိုးလေဝသခန့်မှန်းချက်များ ထွက်ပေါ်လာချိန်တွင် စစ်တွေမြို့သို့ ၄ စီးစလုံးပို့ဆောင်ထားရှိပေးခဲ့သည်။ MPT Satellite Terminal စနစ်များနှင့် မိုဘိုင်းယာဉ်များကို ဒေသအလိုက်ကြိုတင်စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခဲ့ကြပါသည်။

မိုဘိုင်းဖုန်းများမှ သတိပေးစာတိုများပေးပို့ခဲ့

            မိုခါမုန်တိုင်းမဝင်ရောက်မီအကြိုကာလများတွင် ရခိုင်ပြည်နယ်အပါအဝင် ဧရာဝတီ၊ ချင်း၊ မကွေး၊ စစ်ကိုင်းတို့သည်လည်း အခြေအနေအရပ်ရပ်ကို ကြိုတင်မျှော်တွေးလျက် ပြင်ဆင်ဆောင်ရွက် ခဲ့ကြရသည်။ သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေးချက်များရရှိလာချိန်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်းသုံးစွဲသူများထံသို့ သတိပေးစာတို(Shot Message SMS)များကို အချိန်နှင့် တပြေးညီပေးပို့ခဲ့သည်။ မှတ်တမ်းများအရ မေလ ၈ ရက်နေ့မှ ၁၄ ရက်နေ့ နံနက်ခင်းထိ ရန်ကုန်တိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးမှ မိုဘိုင်းဖုန်းသုံးစွဲသူ    ၃၁ သန်းကျော်ထံသို့ ၁၁ ကြိမ်တိတိ SMS ပေးပို့ထားကြောင်းသိရှိရပါသည်။

'မိုခါ'ဝင်ရောက်တိုက်ခတ်ပြီးနောက်ထိခိုက်ပျက်စီးမှုများ

            မေလ ၁၄ ရက်နေ့ ရခိုင်ပြည်နယ်အတွင်းသို့ မိုခါဝင်ရောက်လာပြီးနောက် ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် ၎င်းနှင့်ဆက်စပ်နယ်မြေ မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်အတွင်း ပင်မဖိုင်ဘာ ကေဘယ်လ်ပြတ်တောက်မှု ၅ နေရာဖြစ်ပေါ်ခဲ့သည်။ စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် မောင်တောမြို့များတွင် တာဝါတိုင် ၁၀ တိုင်ပြိုလဲခြင်း၊ မြို့တွင်းဖိုင်ဘာကေဘယ်လ်များ ပြတ်တောက်ခြင်း၊ မြို့တွင်းနှင့်အဝေးဆက်သွယ်ရေးမိုက္ကရိုဝေ့ဗ်ဆက်ကြောင်းများပြတ်တောက်ခြင်း တို့ကြောင့် ဆက်သွယ်ရေးစခန်းများထိခိုက်ပျက်စီးခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း၌ မိုဘိုင်းစခန်း ၁၂၃၃ ခု ရှိသည့်အနက် စခန်း၉၀၄ ခု ဆက်သွယ်မှုပြတ်တောက်သွားပြီး ကျန်စခန်း ၃၂၉ ခုသာ ဝန်ဆောင်မှု ပေးနိုင်တော့သည့်အခြေအနေဖြစ်ပေါ်ခဲ့သည်။ တစ်နည်းအားဖြင့် ၂၆ ဒဿမ ၆၈ ရာခိုင်နှုန်းသာ ကောင်းမွန်ပါတော့သည်။ စစ်တွေမြို့တွင်း၌လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများ၏ ကွန်ကရစ်တိုင် စုစုပေါင်း ၄၅၀ တိုင်နှင့် ကေဘယ်လ်ကွန်ရက်၏ ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးချို့ယွင်းသွားခဲ့ပါသည်။

ကြီးကြပ်ကွပ်ကဲရေးတာဝန်နှင့်စုဖွဲ့မှု

            မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများ အနီးကပ်ကြီးကြပ် ကွပ်ကဲရန်အတွက် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ တာဝန်ပေးခြင်းခံရသည်။ မေလ ၁၅ ရက်နေ့တွင် ကွပ်ကဲမှုစတင် ရယူခဲ့ကြသည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးမင်းဦးတို့အတူပါရှိလာသလို အခြားသောဦးစီးဌာန၊ လုပ်ငန်းများမှ တာဝန်ရှိသူများလည်း အင်နှင့် အားနှင့်ရောက်ရှိလာကြသည်။ လေကြောင်းပို့ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးနှင့် အဖွဲ့ဝင် ၁၂ ဦး၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအထွေထွေမန်နေဂျာ ဦးဝင်းကိုအောင်နှင့် ၄ ဦး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်နှင့် ၁ ဦး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်နှင့် ၂ ဦး၊ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်နှင့် ၂ ဦး၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနွေမိုးငြိမ်း၊ မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူး သူရဦးအောင်မျိုးမြင့်နှင့် ၂ ဦး၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခမ်းအောင်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဒုတိယထွေထွေမန်နေဂျာ ဦးရဲမင်းဦးတို့ပါဝင်သည်။

            ရခိုင်ပြည်နယ် ဆက်သွယ်ရေးကဏ္ဍပုံမှန်အတိုင်း ပြန်လည် လည်ပတ်နိုင်ရေးအတွက် ဝန်ထမ်း အင်အားစုဖွဲ့ပြင်ဆင်မှုကလည်း အားရစရာကောင်းလှသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၃၁၇ ဦး၊ Ooredoo မှ ၅၈ ဦး၊ ATOM မှ ၈၂ ဦး၊ Telecom International မှ ၇၉ ဦး၊ စုစုပေါင်း ၅၃၆ ဦး ပါဝင် ထမ်းဆောင်လျက်ရှိပါသည်။ တစ်ဖက်က အော်ပရေတာများအလိုက် ဆက်သွယ်မှုအမြန်ပြန်ရစေရန် မိုဘိုင်းယာဉ်များနှင့် Satellite Terminal များကို သက်ဆိုင်ရာမြို့အလိုက် အရေးကြီးနေရာများတွင် တပ်ဆင်ခြင်း၊ ချို့ယွင်းသွားသော ပင်မဖိုင်ဘာများနှင့် မိုက္ကရိုဝေ့ဗ်ဆက်ကြောင်းများပြုပြင်ခြင်း၊ အခြား လမ်းကြောင်းများမှ ပြောင်းလဲချိတ်ဆက်ခြင်း၊ ချို့ယွင်းပစ္စည်းများကို အရန်ပစ္စည်းများနှင့် အစားထိုး လဲလှယ်ခြင်း၊ မြို့တွင်းကေဘယ်လ်ကွန်ရက်များအား ပြုပြင်းခြင်းတို့ ဆောင်ရွက်ခဲ့သည်။ အခြား တစ်ဖက်မှာလည်း မြို့တွင်းကေဘယ်လ်များ ပြန်လည်ကောင်းမွန်စေရန် ကျိုးကျပျက်စီးသွားသော ကွန်ကရိတိုင်များနှင့် ကေဘယ်လ်များအား ဖယ်ရှားရှင်းလင်းခြင်း၊ အသစ်သွယ်တန်းခြင်းတို့ ဆောင်ရွက် ခဲ့ကြရသည်။ ကျိုးကျပျက်စီးသွားသော ကွန်ကရိတိုင်များနေရာတွင် ၈ မီတာတိုင် ၄၀၀ အစားထိုး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ပျက်စီးသွားသော ကော့ပါးကေဘယ်လ်များနေရာတွင် ဖိုင်ဘာ ကေဘယ်လ် ၆၃၀၀၀ မီတာဖြင့် အစားထိုးတပ်ဆင်ပေးမည်ဖြစ်ရာ လာမည့်ဇူလိုင်လလယ်တွင် ပြီးစီး မည်ဖြစ်ပါသည်။ ယင်းကဲ့သို့ ဝန်ထမ်းအင်အား စုဖွဲ့မှုအားကောင်းစွာဖြင့်လည်းကောင်း၊ ယာဉ်နှင့် ကရိန်းကားအစီး ၃၀ အသုံးပြု၍လည်းကောင်း ဆောင်ရွက်ခဲ့ခြင်းကြောင့် ဇွန်လ ၁၂ ရက်နေ့ထိ မိုဘိုင်းစခန်း ၁၂၁၇ ခု၊ ရာခိုင်နှုန်းအားဖြင့် ၉၈ ဒဿမ ၇၀ ရာခိုင်နှုန်း ပြန်လည်၍ ဝန်ဆောင်မှုပေးနေပြီ ဖြစ်ပါသည်။

 

အလှူဒါနပြုကြသူငှာ SMS မှာ

            မိုခါမုန်တိုင်းသင့် ရခိုင်ဒေသပြည်သူများအတွက် အော်ပရေတာအသီးသီးထံသို့ SMS များ ပေးပို့လှူဒါန်းလျက်ရှိရာ ၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ထိ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသို့ ၅၇၅၄၅၀၀ ကျပ်၊ Telecom International Myanmar သို့ ၁၃၈၂၅၀၀ ကျပ်၊ Atom Myanmar သို့ ၈၂၁၅၀၀ Ooredoo သို့ ၂၆၆၅၀၀ ကျပ်၊ စုစုပေါင်း ၈၂၂၅၀၀၀ ကျပ် ထည့်ဝင်လှူဒါန်းကြပြီးဖြစ်ပါသည်။ ထို့အပြင် ဆက်သွယ်ရေးအော်ပရေတာများကိုယ်တိုင်သည်ပင်လျှင် မိုခါမုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ MPT က သိန်း ၁၀၀၀၊ ATOM က သိန်း ၁၀၀၀၊ Telecom International Myanmar(Mytel)က သိန်း ၁၀၀၀ နှင့်ညီမျှသည့် စားသောက်ဖွယ်ရာများ၊ Ooredoo က ကျပ်သိန်း ၂၀၀ ပါဝင်လှူဒါန်းခဲ့ပါသည်။

အဓိကအကျဆုံးသော သယ်ယူပို့ဆောင်ရေးအခန်းကဏ္ဍ

         ထိုကဏ္ဍကိုတင်ပြရလျှင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတစ်ခုတည်းကိုသာ ဖော်ပြ၍ မရတော့ပေ။ နိုင်ငံတော်ဝန်ကြီးချုပ်ထံ အချိန်နှင့်တပြေးညီတင်ပြနေရသော အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသည်လည်းကောင်း၊ ရန်ကုန်မြို့မှ လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းဖြင့် ကယ်ဆယ်ကူညီထောက်ပံ့ရေးပစ္စည်းများကို နိစ္စဓူဝ စီစဉ်ပို့ဆောင်ပေး နေရသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည်လည်းကောင်း၊ ရောက်ရှိလာသော အဆိုပါ ပစ္စည်းများကို အမိုးအကာအောက်သို့ အချိန်မီရောက်ရှိရေး၊ သက်ဆိုင်ရာမုန်တိုင်းဒဏ်သင့်ဒေသများသို့ အမြန်ဖြန့်ဝေပေးပို့နိုင်ရေး စီမံဆောင်ရွက်နေရသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည်လည်းကောင်း၊ တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)တို့၏ အခန်း ကဏ္ဍသည်လည်းကောင်း၊ ပစ္စည်းများကို ပင်ပန်းကြီးစွာထမ်းပိုးသယ်ချမတင်ပေးနေကြသည့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဂ္ဂလိကပိုင်ရေယာဉ်ကြီးများ၏ အခန်းကဏ္ဍသည်လည်း ကောင်း၊ အရေးကြီးသောနေရာများမှ အသီးသီးအသကပါဝင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန များကအစ မိုးလေဝသပညာရှင်များပါမကျန် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတာဝန်များကို အောင်မြင် အောင် တက်ညီလက်ညီကြိုးပမ်းထမ်းဆောင်လျက်ရှိကြသည်။

ကယ်ဆယ်၊ ကူညီ၊ ထောက်ပံ့ပစ္စည်းများရောက်ရှိလာမှု

            မုန်တိုင်းလွန်ကာလဖြစ်သော မေလ ၁၅ ရက်နေ့မှ ဇွန်လ ၁၂ ရက်နေ့ထိ တပ်မတော်(လေ)၏  Y-8 လေယာဉ်ဖြင့် ၃၆ ခေါက် သယ်ယူပေးခဲ့ပြီး ပစ္စည်းတန်ချိန် ၁၄၂ ဒဿမ ၆၈၀ တန် ရောက်ရှိ လာခဲ့သည်။ ATR လေယာဉ်ဖြင့် ၈၂ ခေါက်ထိ သယ်ယူပေးခဲ့ပြီး ပစ္စည်းတန်ချိန် ၂၄၇ ဒဿမ ၆၆၃ တန် ရောက်ရှိပြီးဖြစ်သည်။ စုစုပေါင်း ၃၉၀ ဒဿမ ၃၄၃ တန် သယ်ဆောင်ပေးခဲ့ကြသည်။ အဆိုပါရက်များ အတွင်း ရေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးနိုင်မှုအခြေအနေမှာ တပ်မတော်ရေယာဉ် ၁၀ စီးဖြင့် ကုန်တန်ချိန် ၄၀၃၃ ဒဿမ ၆ တန်ကို သယ်ယူပေးခဲ့သည်။ ပုဂ္ဂလိကပိုင် ကုန်တင်ရေယာဉ် ၉ စီးဖြင့် ကုန်တန်ချိန် ၁၄၈၈၅ တန် သယ်ယူခဲ့ရာ စုစုပေါင်း ၁၈၉၁၈ ဒဿမ ၆ တန်ကို သယ်ယူပေးခဲ့ပါသည်။

ကြီးမားသောရေယာဉ်ကြီးများ

            အမှန်ပြောရလျှင် ပင်လယ်ကမ်းနားနှင့် သိပ်မနီးစပ်ခဲ့သော ကျွန်တော့်အနေဖြင့် စစ်ရေယာဉ် မုတ္တမကဲ့သို့သော၊ အရပ်ဘက်ရေယာဉ်ကြီးများဖြစ်ကြသည့် MV Aquarius၊ MV Fortune၊ MV Sunshine တို့ကဲ့သို့သော အလွန်ကြီးမားသည့် ရေယာဉ်ကြီးများနှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိခဲ့ပေ။ နီးနီးစပ်စပ် မမြင်ဖူးခဲ့။ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၏ ဖိတ်ကြားခေါ်ယူမှုကြောင့် ကျွန်တော်တို့အားလုံး စစ်ရေယာဉ် မုတ္တမပေါ်သို့ တက်ရောက်လေ့လာခွင့်ရခဲ့သည်။ ဤရေယာဉ်ကြီးကို ၁ နှစ်အတွင်း တည်ဆောက်ရေချ နိုင်အောင် စီစဉ်ဆောင်ရွက်နိုင်ခဲ့သည်ဟုဆို၏။ ကြီးမားထည်ဝါလှပါဘိ၊ တိုက်တိုက်ဆိုင်ဆိုင် ၂၀၀၈  နာဂစ်မုန်တိုင်းဝင်ရောက်ခဲ့စဉ်က ဦးစီးဌာန၏တာဝန်ပေးချက်အရ ရန်ကုန်လေဆိပ်တွင် တာဝန်တစ်ခု ထမ်းဆောင်ခဲ့ရဖူးသည်။ ထိုစဉ်ကာလ အတွေ့အကြုံကတစ်မျိုး။ အလွန်ကြီးမားသည့် ကုန်တင် လေယာဉ်ကြီးများကို မြင်ခဲ့ဖူးခြင်းပင်။ အိမ်တစ်လုံးနီးပါးရှိသော လေယာဉ်ကိုယ်ထည်ကို မဆိုထားနှင့် လူတစ်ရပ်ခန့်မြင့်သည့်လေယာဉ်ဘီးကြီးတွေကြားမှာ ဝင်ရောက်သွားလာပြီး ပါလာသည့်ပစ္စည်းစာရင်း တောင်းယူကောက်ခံခဲ့ကြသည်ကို အမှတ်ရမိသည်။

တည်ဆောက်ရေးပစ္စည်းများ ထိန်းသိမ်းဖြန့်ဖြူးရေးလုပ်ငန်းကော်မတီ

            ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင် ဦးဆောင်သော အဆိုပါကော်မတီ အနေဖြင့်လည်း ပေးအပ်ထားသည့်လုပ်ငန်းတာဝန်များ အောင်မြင်အောင်ကြိုးစားဆောင်ရွက် နေသည်ကို တွေ့မြင်ခဲ့ရသည်။ တည်ဆောက်ရေးပစ္စည်းများဟုဆိုခဲ့သည့်အတိုင်း သင်္ဘောကြီးများ ပေါ်မှာ ပါလာသည့်ပစ္စည်းများအမြန်ချနိုင်ရေး ဆိပ်ကမ်းအသီးသီးတွင် စနစ်တကျဆိုက်ကပ်၍ လုပ်ငန်းများတွင်ကျယ်စွာဆောင်ရွက်နိုင်ရေးတို့အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဦးဆောင် ညွှန်ကြားရေးမှူးဦးနီအောင်၊ ရေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးတို့နှင့် ညှိနှိုင်းဆောင်ရွက် ရသလို သင်္ဘောပေါ်တွင်ပါလာသော သစ်၊ သံ၊ သွပ်၊ ဘိလပ်မြေအစရှိသည့် တည်ဆောက်ရေးသုံး ပစ္စည်းများကို တပ်မတော်(ရေ)ကမ်းထိုးရေယာဉ်များ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ကုလားတန် ၂ ၊ ၃ ၊ ၄ ၊ ၅ ၊ ၆ ရေယာဉ်များဖြင့် ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ပေါက်တော၊ မောင်တော၊ မြေပုံ၊ မင်းပြားမြို့နယ်များသို့ အချိန်မီပို့ဆောင်နိုင်ရေး စီမံ ဆောင်ရွက်ကြရသည်။ တည်ဆောက်ရေးပစ္စည်းများအပြင် စားသောက်ကုန်များ၊ အထွေထွေပစ္စည်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လယ်ထွန်စက်များလည်းပါဝင်ပါသည်။

အမှတ်တရ စစ်တွေ - ရေချမ်းပြင် RBE ရထားခရီးစဉ်

            ပြန်တွေးကြည့်တော့ ကျွန်တော် ရထားမစီးဖြစ်ခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခုမကပင် ရှိနေပါပ ကောလား။ ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့မှာတော့ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ဒုတိယဝန်ကြီးများ၊ DG၊ MD များ လိုက်ပါ၍ RBE ရထားတွဲ ၂ တွဲဖြင့် စစ်တွေပြည်တော်သာဘူတာမှ ရေချမ်းပြင်ဘူတာထိ စီးနင်းလိုက်ပါ ခဲ့ကြသည်။ စိတ်ထဲမှာ ငယ်စဉ်ကစီးခဲ့ဖူးသော သာရဝေါ - ရန်ကုန်ရထားကိုပဲ လွမ်းရတော့မလိုလို၊ မိသားစုနှင့်စီးခဲ့သော ရန်ကုန် - မန္တလေးခရီးကိုဘဲ သတိရသလိုလိုဖြစ်ခဲ့မိသည်။ စစ်တွေ - ရေချမ်းပြင် ခရီးကမဝေးလှပါ၊ ၁၁ မိုင်စွန်းစွန်းမျှသာ။ ပတ်ဝန်းကျင်ကျေးရွာသူကျေးရွာသားများ၏ သွားလာရေး၊ ရောင်းဝယ်ဖောက်ကားမှုအဆင်ပြေစေရေးနှင့် စစ်တွေနည်းပညာတက္ကသိုလ်သို့ တက်ရောက်နေကြ သော ကျောင်းသားကျောင်းသူများ သွားလာရေးအဆင်ပြေအောင် ဤရထားလမ်းကို ဖောက်လုပ်ပေး ခဲ့ခြင်းဖြစ်တန်ရာသည်။

            ခြုံငုံသုံးသပ်တင်ပြရလျှင် မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသပြန်လည်ထူထောင်ရေးအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အကြီးအကဲများနှင့် ဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှု များက မှတ်တမ်းတစ်ခုအနေဖြင့် ဂုဏ်ယူဖွယ်ရာတင်ကျန်ရစ်နေမည်မှာ သေချာလှပေသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm