Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒေသထွက်ပစ္စည်းများအား စီးပွားဖြစ်ထုတ်လုပ်ပြီး ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်


22 Apr,2022

နေပြည်တော် ဧပြီ ၂၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်ရှိ အသေးစားစက်မှု လက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပါသည်။

          ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ကိုကိုးကျွန်းမြို့နယ်၊ မြို့တော်ခန်းမသို့ ရောက်ရှိ၍ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သင်တန်းသားများနှင့် တွေ့ဆုံပြီး အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲက ကိုကိုးကျွန်းမြို့နယ်တွင် အဓိကထွက်ရှိသော အုန်းထွက် ပစ္စည်းများအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်း ရှင်များနှင့် ပေါင်းစပ်၍ ယခုထက်ပိုမို စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးနှင့် ထုတ်ကုန်များအား ဈေးနှုန်း သက်သာစွာ ရောင်းချနိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်ထားပါကြောင်း၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ဆရာ/ ဆရာမများက အုန်းအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်သည့် သင်တန်း၊ အုန်းလက်မှုထည် ထုတ်လုပ်သည့် သင်တန်းများကို (၂) ပတ် ကြာ သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းများအနက် ကိုယ်ပိုင်လုပ်ငန်း ထူထောင်တဲ့သူများရှိသည်ဟု သိရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ သင်တန်းပြီးစီး၍ လုပ်ငန်းထူထောင်နေသူများ၏ ထုတ်ကုန်များ ဈေးကွက်ရရှိရေး၊ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း၊ တစ်နိုင်တစ်ပိုင် ဆောင်ရွက်သည်ထက် အသင်းအဖွဲ့ဖြင့် ဆောင်ရွက်ပါက ပိုမိုအောင်မြင် နိုင်မည်ဖြစ်သဖြင့် သမဝါယမစနစ်ဖြင့် စုပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ အုန်းဆံကြိုးစက်ရုံ ထူထောင်ပြီး လိုအပ်သည့် စက် (၄) မျိုးကို ဝန်ကြီးဌာနက ထောက်ပံ့ပေးခြင်းဖြင့် ဒေသခံများ အလုပ်အကိုင် ပိုမိုရရှိစေမှာဖြစ်ပါကြောင်း၊ ဒါ့အပြင် အုန်းဆံများ အသုံးပြုပြီး လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာသင်တန်းများ ပို့ချပေးသွားမည် ဖြစ်ပါကြောင်း၊ ကိုကိုးကျွန်းဒေသမှာ အုန်းအခြေခံ ကုန်ထုတ်လုပ်ငန်းငယ်များ ပေါ်ပေါက်ပြီး သင်တန်းများပေးခြင်း၊ စက်ပစ္စည်းများ ထောက်ပံ့ပေးခြင်းသည် အုန်းသီး ပေါများစွာထွက်ရှိသော ကိုကိုးကျွန်းဒေသ ဖွံ့ဖြိုးလာစေရန် အတွက် မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ကိုကိုးကျွန်းဒေသကဲ့သို့ အခြားတိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဒေသခံများအနေဖြင့် နားလည်သဘောပေါက်ပြီး မိမိတို့နှင့် ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန်နှင့် လိုအပ်ချက်များ ရှိပါကလည်း တင်ပြပေးစေလိုပါကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကိုကိုးကျွန်းဒေသ၊ အုန်းဆံကြိုးစက်ရုံ တည်ဆောက် နေမှုအားလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် စားသောက်ကုန် သင်တန်း တက်ရောက်အောင်မြင်ပြီးသူများ၏ တစ်ပိုင်တစ်နိုင် ဆောင်ရွက်နေသည့် “ပြည့်စုံ” စားသောက်ကုန်လုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။ ဆက်လက်၍ ရေတပ်အခြေစိုက်စခန်းမှ ဖွင့်လှစ်ထားသော အုန်းဆံကြိုးစက်ရုံ၊ အလှဆင်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်းနှင့် ဆေးဖက်ဝင် အဆီကျအုန်းဆီသန့် ထုတ်လုပ်မှုစက်ရုံအား ကြည့်ရှုလေ့လာပါသည်။

          ထို့နောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ရန်ကုန်မြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဝန်ထမ်းများနှင့်လည်းကောင်း၊ သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများနှင့်လည်းကောင်း တွေ့ဆုံ၍ ယခုဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အချိန်မီ ပြီးစီးရန်နှင့် ဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှုအားကောင်းစွာဖြင့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားပါသည်။

            ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုးဦးပန်း အထွေထွေရောင်းဝယ်ရေးသမဝါယမ အသင်းလီမိတက်၏ ဒေသထွက်ကုန်အရောင်းဆိုင်အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm