Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စလင်းမြို့နယ် ခင်ပလူကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ နဝမအကြိမ် ထုတ်ချေးပေး


22 Apr,2022

ဧပြီ ၂၁ရက် ၂၀၂၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စလင်းမြို့နယ်၊ခင်ပလူကျေးရွာနေ ပြည်သူများ တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးပေးခြင်းကို စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်နှင့် ဝန်ထမ်းများက ဧပြီ ၂၀ ရက်နေ့ မွန်းလွဲတစ်နာရီက အဆိုပါကျေးရွာ အုပ်ချုပ်ရေးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဉီးစွာ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးခိုင်က မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေဖြင့် တပိုင်တနိုင် အသေးစားစီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အတိုးနှုန်း သက်သာစွာ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ရရှိလာသော ချေးငွေများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြား ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများတွင် ထိရောက်စွာ အသုံးချစေလိုကြောင်း၊ ယခုလို ထုတ်ချေးပေးခြင်းမှာ ကျေးရွာသူကျေးရွာသားများ၏ မိသားစုစားဝတ်နေရေး သက်သာချောင်ချိရေးကို တဖက်တလမ်းမှ အထောက်အကူပြုစေရန်ရည်ရွယ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံဝန်ထမ်းများနှင့် ခင်ပလူကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းကော်မတီဝင်များက ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၇၄ ဦး ငွေကျပ် ၃၁ ဒသမ ၂ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၇၅ ဦး ငွေကျပ် ၂၄ ဒသမ ၂ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၁ ဦး ငွေကျပ် ၅ ဒသမ ၁ သန်း ၊ စုစုပေါင်း အိမ်ထောင်စု ၁၆၀ စု အတွက် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၆၀ ဒသမ ၅ သန်းကို စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ခင်ပလူကျေးရွာ၌မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန်ရည်ရွယ်၍ ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်တွင် နဝမအကြိမ်မြောက် ချေးငွေထုတ်ချေးပေးခြင်းဖြစ်ပြီး အရင်းဆပ်ကာလ ၁၂ လ၊ အတိုးဆပ်ကာလ တစ်လတစ်ကြိမ်၊ ငွေတစ်ရာကျပ်လျှင် အတိုးနှုန်း ပြားငါးဆယ်အဖြစ် ကျေးရွာသူကျေးရွာသားများ၏ အများသဘောဖြင့် သတ်မှတ်ထားကြောင်း စလင်းမြို့နယ်ဦးစီးမှူး ဦးစိုးခိုင်ထံမှ သိရသည်။

အထွေး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm