Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဧရာဝတီတိုင်းဒေသကြီးအတွင်း အကျိုးတူလယ်ယာစနစ်ဖြင့် ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်


03 Sep,2022

နေပြည်တော် စက်တင်ဘာ ၂

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန် ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့သို့ ရောက်ရှိပြီး ဆည်မြောင်းဧည့်ရိပ်သာ၌ ဝန်ကြီးဌာနကွပ်ကဲမှုအောက် ဝန်ထမ်းများနှင့် တွေ့ဆုံကာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ကျေးလက် ဒေသ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ဆောင်ရွက်နေသော တန်ဖိုးမြှင့်ထုတ်ကုန် နည်းပညာဖြန့်ဖြူးရေးလုပ်ငန်းများ၊ သမဝါယမအသင်းများ၏ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှု များကို အောင်မြင်အောင် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် မှာကြားသည်။ ဆက်လက်၍ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြသည်။

          ၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင် ဟင်္သာတမြို့နယ်အတွင်းမှ ပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်က နွေစပါးစိုက်ပျိုးရေးနှင့် ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးရေး အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက်  ရန်ပုံငွေထောက်ပံ့ပေးမှုအခြေအနေ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ပြည်နယ်၊ တိုင်းဒေသ ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိုင်းတို့အတွက် ရန်ပုံငွေထောက်ပံ့ပေးမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားပြီး ဟင်္သာတခရိုင်အတွင်း လျာထားသော စိုက်ဧကများတွင် ပဲတီစိမ်း စိုက်ပျိုးရေး အောင်မြင်စွာဆောင်ရွက်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။ ၎င်းနောက် သမဝါယမဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်က အကျိုးတူလယ်ယာစနစ် (Contract Farming)၏ အဓိပ္ပာယ်နှင့် လုပ်ငန်းစဉ်များ၊ သမဝါယမစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မည့် အစီအစဉ်များအားလည်းကောင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးရေး လုပ်ငန်းများတွင် သက်ဆိုင်ရာဦးစီးဌာနများနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များအား လည်းကောင်း ဆွေးနွေးပြောကြားသည်။

          ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် လေးမျက်နှာမြို့သို့ ရောက်ရှိပြီး ဒက္ခိဏာရုံပရဟိတကျောင်း ဆရာတော်အား ဝင်ရောက်ဖူးမြော်ကာ ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည်။ ဆက်လက်၍ လေးမျက်နှာမြို့နယ်၊ သခွပ်ချောင်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်း(အရှေ့)ကျေးရွာသို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ် သိန်း ၁၀၀ အား ဒုတိယဝန်ကြီးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းတို့က လွှဲပြောင်းပေးအပ်ရာ သက်ဆိုင်ရာကျေးရွာဖွံ့ဖြိုးရေး ကော်မတီအဖွဲ့ဝင်များက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          ၎င်းနောက် ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လေးမျက်နှာမြို့နယ်အတွင်း ကျေးရွာအုပ်စုများတွင် ပဲတီစိမ်းစိုက်ဧက (၂၃၀၀)ကျော် အောင်မြင်စွာ စိုက်ပျိုးရေးအတွက် နိုင်ငံတော်ကပံ့ပိုးပေးမှုအခြေအနေ၊ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ မျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းတို့နှင့် ညှိနှိုင်းဆောင်ရွက်ပေးမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားပြီး ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ရေး အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တောင်သူများ လက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား သည်။

          ၎င်းနောက် ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသော သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများအား တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစီးဌာနများ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြရေး မှာကြားသည်။

          ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေကြည်မြို့နယ်သို့ ဆက်လက်ထွက်ခွာ၍ စိမ်းလဲ့ရေကြည်ခန်းမတွင် ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် အကျိုးတူလယ်ယာစနစ် (Contract Farming) ဖြင့် ဆောင်ရွက်မည့်အစီအစဉ်၊ သွင်းအားစုနှင့် ပိုးသတ်ဆေး ဖြန့်ဖြူးပေးမည့်အစီအစဉ်၊ သီးနှံပေါ်ချိန်၌ ပြန်လည်ဝယ်ယူရေး ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြီး တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm